ပြေးစရာမြေ ရှားပါးလာတဲ့ စစ်ဘေးရှောင်တွေ

ဧပြီ ၁၀ – ၂၀၂၃
SN (VOM)

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှစတင်ကာ ပြည်တွင်းက နေရာအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ဒေသတွင်းတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် အရေအတွက်ဟာ တစထက်တစ တိုးပွားလို့လာနေပါတယ်။

လက်ရှိမှာ အရှိန်အဟုန်နဲ့ ပြင်းထန်လာတဲ့ တိုက်ပွဲတွေက နယ်မြေချဲ့ထွင်လာတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် ရှောင်တိမ်းဖို့နေရာတွေ ကျုံ့လာလေလေ ဖြစ်နေတာပါ။ ဒီလို လက်နက်ကိုင်ပဋိပက္ခတွေ နှစ်ကာလ ကြာရှည်လာတာနဲ့အမျှ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ခိုလှုံရေးနဲ့ ဘ၀ရှင်သန် ရပ်တည်ရေးတွေဟာလည်း ကြီးမားတဲ့ စိန်ခေါ်မှုတရပ်လို ဖြစ်နေပါတယ်။

မြန်မာတနိုင်ငံလုံး အတိုင်းအတာအနေနဲ့ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ် (ကရင်နီပြည်) နဲ့ ကရင်ပြည်နယ်တို့မှာ ရွှေ့ပြောင်းနေထိုင်စရာ၊ စားနပ်ရိက္ခာနဲ့ ရောဂါဘယ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသတွင်းကူညီစောင့်ရှောက်သူတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာအများစုဟာ နေ့စဥ် မီးရှို့ခံနေရပြီး အထူးသဖြင့် ရွှေဘို၊ ခင်ဦး၊ ကျွန်းလှ၊ ယင်းမာပင် အစရှိတဲ့ မြို့တွေက ကျေးရွာတွေမှာ စစ်ရှောင်နေရသူ သောင်းနဲ့ချီရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေမှာလည်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ တိုက်ပွဲတွေနဲ့နီးစပ်တဲ့ ဒေသတချို့မှာ လက်နက်ကြီးကျည်‌ ကျရောက်ပေါက်ကွဲခဲ့မှုတွေကြောင့် သေဆုံးတာတွေရှိသလို ဖမ်းဆီးမီးရှို့သတ်ဖြတ်ခံရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ကျေးရွာတွေထဲ ပစ်ခတ်သတ်ဖြတ်တာတွေကြောင့် သက်ကြီး အဘိုးအဘွားတွေအပါအဝင် ကလေးသူငယ်တွေပါမကျန် သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်တွေအပြင် ညတွင်းချင်း ရွှေ့ပြောင်းကာ စစ်ရှောင်ရတဲ့ဖြစ်စဉ်တွေလည်း ရှိတယ်လို့ သိရပါတယ်။

“တိုက်ပွဲတွေဖြစ်ပြီဆိုတာနဲ့ ဒေသခံတွေ ဘယ်လိုမှနေလို့မရဘူးလေ။ဘေးလွတ်ရာပဲ ပြေးရတော့တာပေါ့။ ရွာတွေဆိုတာ မီးလောင်ပြင်ပဲ။ စိုက်ခင်းတွေလည်းပျက်စီး။ အိမ်တွေ၊ ယာတွေ ဒီအတိုင်းထားပြီး ထွက်ပြေးကြရတာ။ ဗုံးကြဲ၊ မီးတွေခဏခဏရှို့နဲ့ အခု ဘာမှမရှိတော့ဘူး”လို့ စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေနဲ့ပတ်သက်လို့ သုတေသနမှတ်တမ်းပြုစု ထုတ်ပြန်ပေးနေတဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar)ကတော့ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး (၂)နှစ်အတွင်း တိုက်ပွဲပေါင်း ၈,၁၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြည်တွင်း စစ်ပြေးဒုက္ခသည်အရေအတွက်ကို ကြည့်ပြန်ရင်လည်း (၂)သန်းနီးပါးရှိလာတယ်လို့ ထုတ်ပြန်ထားပါတယ်။

ISP-Myanmar ရဲ့မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့အထိ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်တွင်း စစ်ပြေးဒုက္ခသည် ၂,၀၀၆,၂၃၅ ဦးထက်မနည်း ရှိခဲ့ပြီး အဲ့ဒီကာလ မတိုင်ခင်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်တွင်း စစ်ပြေးဒုက္ခသည် အရေအတွက်ဟာလည်း ၄၉၇,၂၀၀ ဦးထက်မနည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် အဲ့ဒီကာလ နှစ်ရပ်စလုံးမှာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်ဟာလည်း ၁,၀၁၉,၁၉၀ ဦးထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာ စစ်ဘေးရှောင်ပြည်သူ များစွာရှိသလို နယ်စပ်နယ်နိမိတ်တွေကို ဖြတ်ကျော်ပြီး မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ အစရှိတဲ့ နိုင်ငံတွေဘက် ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြရတဲ့ စစ်ဘေးရှောင် ပြည်သူတွေကလည်း ရှိနေပါတယ်။

အနီးစပ်ဆုံးဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် မတ်လ ၅ ရက်နေ့က ကရင်ပြည်နယ်၊ မြ၀တီမြို့အနီး ရွှေကုက္ကိုလ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် သောင်ရင်းမြစ်ကနေတဆင့် ထိုင်းနိုင်ငံဘက်ကို သွားရောက်ခိုလှုံနေရတဲ့ စစ်ပြေးဒုက္ခသည်များစွာ ရှိနေတယ်လို့ သိရပါတယ်။

မြ၀တီမြို့အနီးရှိ ရွှေကုက္ကိုလ်-ထီးကော်ထောရွာမှာ နယ်ခြားစောင့်တပ် BGF ကင်းစခန်းနှစ်ခုကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA ) နဲ့ ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်ခိုက်တာဖြစ်ခဲ့ပါတယ်။

တိုက်ပွဲစဖြစ်ချိန်ကစပြီး ဒေသခံ ငါးထောင်ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရာကနေ ဧပြီ ၇ ရက်နေ့ မနက်ပိုင်းအထိ စစ်ရှောင်ဦးရေ ရှစ်ထောင်ကျော်လာပြီ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်လာနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးထားတယ်လို့ သိရပါတယ်။

“နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို မဲရမဒ်ခရိုင်နဲ့ မဲဆောက်အတွင်းရှိ ယာယီဘေးကင်းရာတွေမှာ နေထိုင်ခွင့်ပြုထားတယ်။ လူပေါင်း ၈၀၀၀ ကျော်ပြီဖြစ်တယ်။ ကလေးငယ်တွေအပြင် သက်ကြီးရွယ်အိုတွေလည်း အများအပြား ပါဝင်နေတယ်။ ကျွန်တော်တို့ ထိုင်းအစိုးရက ဆေးဘက်ဆိုင်ရာအဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်း ချိတ်ဆက်ပြီး ပြုစုစောင့်ရှောက်ပေးနေတယ်” လို့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က တာဝန်ရှိသူတဦးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် အသိပေးထားပါတယ်။

အဲ့ဒီ့ဖြစ်စဉ်တွေအပြင် နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ်နဲ့ ကလေးမြို့နယ်အတွင်းမှာ ဒေသခံစုစုပေါင်း သုံးသောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ (၂)နှစ်အတွင်း ကော်သူးလေ အုပ်ချုပ်နယ်မြေမှာ တိုက်ပွဲပေါင်း ၇၅၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ဒေသခံ ၃၆၀၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KNU က မကြာသေးမီ ရက်ပိုင်းအတွင်းမှာ ထုတ်ပြန်ထားတာလည်း ရှိပါတယ်။

အဲ့ဒီ့လိုပဲ ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ (၂)လအတွင်း ဗုံးအလုံးရေ ၁၄ဝ နီးပါး ပေါက်ကွဲခဲ့တယ်လို့ သိရပြီး ပြည်နယ်အတွင်းရှိ ထန်တလန်မြို့မှာ တိုက်ခိုက်ဖျက်ဆီးခံရမှု အဆိုးရွာဆုံးဖြစ်ခဲ့သလို လေကြောင်းနဲ့ တိုက်ခိုက်ခံရမှုတွေလည်းရှိခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ (CHRO)ရဲ့ စာရင်းတွေအရ သိရပါတယ်။

ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှု ၅၃ ကြိမ်ခန့်ရှိခဲ့ပြီး ၄၁ ကြိမ်မှာ ထန်တလန်မြို့ကို ဦးတည်ခဲ့ခြင်းဖြစ်ပြီး ဗုံးအလုံးရေ ၁၁၅ လုံး ကြဲချပစ်ခတ်မှုတွေလည်း ပါဝင်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာများက ဖော်ပြပါတယ်။၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစတင်ကာ ချင်းပြည်နယ်မှာ ဒေသတွင်းတိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပြီး မြို့လုံးကျွတ် နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် ထန်တလန်မြို့က ပြည်သူတသောင်းခွဲဝန်းကျင် စစ်ဘေးရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက တိုက်ပွဲတွေကြောင့် အိန္ဒိယဘက်မှာ စစ်ဘေးရှောင်တွေ တိုးလာခဲ့တယ်လို့လည်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

“ကလေး-တမူးဘက်တွေကျတော့ အိန္ဒိယနယ်နဲ့နီးတော့ ဒေသခံစစ်ရှောင်ပြည်သူတွေက အိန္ဒိယဘက်ကိုပဲဝင်ပြီး ခိုလှုံကြရတယ်။ အိန္ဒိယဘက်က ကျေးရွာတွေမှာပဲ ဒီလိုပဲ နားလည်မှုနဲ့နေကြရတယ်” လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတဦးက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတဝန်းလုံးက ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာသူဦးရေဟာ ၁ ဒသမ ၈ သန်းနီးပါးအထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုအခြေအနေတွေအပြင် လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် နေရာထိုင်ခင်းနဲ့ အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား စတာတွေ အရေးပေါ်လိုအပ်နေပြီး သောက်သုံးရေနဲ့ အိမ်သာအခက်အခဲလည်း ရှိနေတယ်လို့ သိရပါတယ်။

စစ်ရှောင်ဦးရေ တိုးလာတာနဲ့အမျှ အလှူရှင်နည်းပါးလာခဲ့ပြီး အရင်နှစ်က ဒေသတွင်းကျန်ရှိနေတဲ့ ရိက္ခာတွေနဲ့ မျှဝေစားသုံးခဲ့ကြပေမယ့် အခုနှစ်မှာတော့ ပိုမိုခက်ခဲလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အခုနှစ်မှာတော့ တိုင်းပြည်ရဲ့စီးပွားရေး အကျပ်
အတည်းကြောင့် စစ်ရှောင်တွေအနေနဲ့ အလှူရှင်နည်းပါးလာမှု ပြဿနာနဲ့ပါ ရင်ဆိုင်နေရတာဖြစ်တယ်လို့ သိရပါတယ်။

နယ်မြေမအေးချမ်းရာ ဒေသတွေက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေမှာလည်း ကုန်ဈေးနှုန်းတွေမြင့်တက်တာ၊ စစ်ရှောင်အများစု နေရပ်ပြန်လို့မရနိုင်တာ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်လည် မလုပ်ဆောင်နိုင်တာတွေကြောင့် စားနပ်ရိက္ခာ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် တချို့နေရာတွေမှာ စစ်ဘေးရှောင်ဦးရေ များပြားပြီး ရေလိုအပ်ချက်တွေ ရှိနေတာကြောင့် စစ်ရှောင်ပြည်သူတွေဟာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေနဲ့ အရေပြား ရောဂါတွေ ခံစားနေရပြီး ဆေးဝါးကုသဖို့အတွက် အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။

အခုလို နွေရာသီရောက်ရှိလာတဲ့အခါ ဟိုးအရင်ကတည်းက ရေရှားပါးမှုကြုံရလေ့ရှိတဲ့ ဒီမော့ဆို အနောက်ခြမ်းဒေသတွေမှာ ရေပြဿနာက အဆိုးရွားဆုံး ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ကရင်နီပြည် စစ်ရှောင်စခန်းတိုင်းလိုလို ရေရှားပါးမှု ကြုံတွေ့နေရတာဖြစ်ပြီး စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတာကြောင့်လည်း ရေသယ်ယူနိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

အဲ့ဒီလို ရေရှားပါးမှုပြဿနာကြောင့် ဒီးမော့ဆို အရှေ့ခြမ်း၊ ဒေါတမကြီးအုပ်စုမှာ စစ်ဘေးရှောင်နေတဲ့ ကလေးငယ် ၄၀ ဦးခန့်ဟာ နှုတ်ခမ်း၊ နား၊ မေးစေ့၊ ခြေထောက်တို့မှာ ရေယုန်ကဲ့သို့သော အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး အဲ့ဒီလို ဖြစ်ပွားနေတာဟာ အချိန်အားဖြင့် ၅ လကျော်ခန့် ကြာမြင့်နေပြီဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ ရောဂါတွေကိုကုသနိုင်ဖို့ ဆေးဝါးလိုအပ်ချက် များစွာရှိနေပြီး လိုအပ်တဲ့ ဆေးဝါးတွေ ဝယ်ယူဖို့အတွက်ကိုတောင် အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။ လက်တလောကာလအတွင်း အလှူရှင်နည်းပါးလာသလို NGO အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေလည်း မရရှိတော့ဘူးလို့ သိရပါတယ်။

ဒီလိုအခြေအနေရပ်ရပ်နဲ့ ပြည်တွင်းမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ လက်ရှိကာလမှာ မိမိတို့နေရပ်ကို ပြန်ဖို့ဆိုတာဟာ အိပ်မက်တခုလိုသာ ဖြစ်နေခဲ့ရပါတယ်။ ရွာတွေပျက်ကုန်တာအပြင် တိုက်ပွဲတွေရဲ့ အကြွင်းအကျန်ဖြစ်တဲ့ မြေမြှုပ်မိုင်းအန္တရာယ်တွေကြောင့်လည်း စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ နေရပ်ပြန်ဖို့ ခက်နေကြဆဲဖြစ်ပါတယ်။

အဲ့ဒီ့လို အဆက်မပြတ် တိုးမြှင့် ဖြစ်ပွားနေတဲ့ ဒေသအနှံ့က တိုက်ပွဲတွေနဲ့အတူ သိသိသာသာတိုးလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အသက်လုံခြုံ‌ရေးနဲ့ အရေးပေါ်လိုအပ်နေမှုတွေကို အမြန်ဆုံးဖြေရှင်းပေးကြဖို့ စစ်ရှောင်ပြည်သူတွေက လိုလားနေကြပါတယ်။ ဒါ့အပြင် ဒေသတွင်း အကူအညီပေးနေကြတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကလည်း လိုအပ်နေတဲ့ အရေးပေါ် အခြေအနေတွေအတွက် ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေ၊ အဖွဲ့အစည်းတွေဆီက အကူအညီတွေ တောင်းခံလျက်ရှိနေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီကနေ့အထိတော့ နိုင်ငံတဝန်းနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အတိဒုက္ခတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ခြင်းမျိုး မရှိသေးဘဲ လက်ရှိအချိန်မှာတော့ စစ်ဘေးရှောင်ပြည်သူတွေဟာ အားကိုးရာမဲ့၊ ခိုလှုံရာမဲ့နေပြီး ကျောတခင်းစာနေရာ ရှားပါးနေဆဲဖြစ်သလို ပြေးစရာမြေဟာလည်း တဖြည်းဖြည်း ရှားပါးလို့သာ လာနေပါတော့တယ်။

#voiceofmyanmar #VOM #စစ်ဘေးရှောင် #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW