လားရှိုးမှာ ဘုန်းကြီးကျောင်းထဲ မွေးထားတဲ့ဝက်ဝံက လာလည်တဲ့ကလေးငယ်တစ်ဦးကို ကိုက်ခံရမှုဖြစ်ပွား

ဧပြီ ၂၇ – ၂၀၂၃
GG(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း ၊လားရှိုးမြို့၊ ရပ်ကွက် ၁ က နတ်ရေကန်ကျောင်းတိုက်မှာ ကလေးငယ်တစ်ဦး ဝက်ဝံကိုက်ခံရမှု ဒီနေဧပြီလ ၂၇ ရက် နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဘုန်းကြီးကျောင်းအတွင်း လှောင်အိမ်ခြံနဲ့ မွေးမြူထားတဲ့ဝက်ဝံက ကလေးငယ်ကို ကိုက်ခဲ့တာဖြစ်ကြောင်း၊ ကလေးငယ်မှာ လက်နှစ်ဖက်လုံးဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့အပြင် ခြေသလုံးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

” ကလေးရဲ့ လက်တွေဆို မြင်ရက်စရာမရှိဘူး။အရိုးတွေတောင်ပေါ်နေတယ်၊အခြေအနေကတော့ ပြောရခက်တယ်။ ကလေးက လှောင်အိမ်နားသွားရင်းအကိုက်ခံရတာလို့တော့သိရတယ်။ အလည်သွားကြရင်းကနေဖြစ်တာ ပေါ့ ၊ကလေးကစိုးရိမ်ရတယ်လို့သိရတယ် “လို့ လားရှိုးဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိ ကလေးငယ်ကို ဝက်ဝံကိုက်ခံရတဲ့ဒဏ်ရာတွေကြောင့် ဆေးရုံအရေးပေါ်ဌာနကနေ အရိုးအထူးကုသဆောင်မှာကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဝက်ဝံကိုက်ခံရတဲ့ကလေးငယ်ဟာ မိန်းကလေးဖြစ်ပြီး အသက်အရွယ်အားဖြင့် ၁၀ နှစ်လောက်ရှိကြောင်း၊ လားရှိူးမြို့ဇာတိဖြစ်တယ်လို့သိရပါတယ်။

နတ်ရေကန်ကျောင်းတိုက်အနေနဲ့ ဝက်ဝံမွေးမြူထားတဲ့ကိစ္စကို လားရှိုးသစ်တောဦးစီးဌာနဆီ ခွင့်ပြုချက်လျှောက်ထားတာမျိုးမရှိဘဲ မွေး​မြူထားတာဖြစ်တယ်လို့သိရပါတယ်။

” ဒီကတော့ မွေးမြူခွင့်မှတ်ပုံတင် လျှောက်ထားတာမရှိဘူး။တကယ်လို့မွေးမယ်ဆိုရင် ရုံးမှာမှတ်ပုံတင်လျှောက်ရပါမယ်၊လျှောက်လို့ခွင့်ပြုမှ တရားဝင်မွေးခွင့်ရှိတာပါ။ဒီနေ့ ဝက်ဝံကိုက်ခံရတဲ့ဖြစ်စဥ်တော့ ကျနော်တို့ဆီ သတင်းတက်မလာသေးဘူး”လို့ လားရှိုးမြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဝက်ဝံအပါအဝင် တောရိုင်းတိရိစ္ဆာန်တွေကို စောင့်ရှောက်​ခြင်း ၊ စီးပွားဖြစ်မွေးမြူလိုတယ်ဆိုပါက သက်ဆိုင်ရာ မြို့နယ်သစ်တောဦးစီးဌာနကို မွေးမြူလိုတဲ့ တိရိစ္ဆာန်နဲ့ပတ်သက်တဲ့ အသေးစိတ်အကြောင်းအရာကို တင်ပြပြီး ခွင့်ပြုချက် မှတ်ပုံတင်လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။

သစ်တောဦးစီးဌာနကို ခွင့်ပြုချက်လျှောက်ထားခြင်းမရှိဘဲ မွေးမြူခြင်းက တရားမဝင်မွေးမြူခြင်းဖြစ်လို့ ဥပဒေအရအရေးယူခြင်းခံရနိုင်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း တောင်ငူမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ထီးလှိုင်လမ်းမ‌အနီးမှာ ဝက်ဝံတွေမွေးမြူထားတဲ့ ဦးကိုကိုအောင် ဆိုသူ ကို သူမွေးထားတဲ့ဝက်ဝံနှစ်ကောင်က ကိုက်သတ်ပြီး ပြန်စားတဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။

လက်ရှိအထိ မြန်မာနိုင်ငံမှာတော့ တရားဝင်ခွင့်ပြုချက်မလျှောက်ဘဲ လူကိုအန္တရာယ်ပြုနိုင်တဲ့ တောရိုင်းတိရိစ္ဆာန်တွေကို မွေးမြူနေသူတွေအများအပြားရှိနေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #လားရှိုး #ဝက်ဝံအကိုက်ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW