ပေါက်တောမှာ ဒုက္ခသည်စခန်းက နေအိမ် အဆောက်အဦ ၁၅၀ ကျော်မီးလောင်ဆုံးရှုံးပြီး လူအယောက် ၄၀၀၀ နီးပါး မီးဘေးသင့်

မေလ၊ ၈-၂၀၂၃
MM(VOM)

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်မှာ မနေ့ မေလ(၇)ရက် ည(၇)နာရီအချိန်က မီးလောင်မှုဖြစ်ပွားပြီး ဒုက္ခသည်စခန်း နေအိမ် အလုံးရေ(၁၅၀)ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။

အဲ့ဒီ မီးလောင်မှုဟာ ဒုက္ခသည်စခန်းတခုက လင်မယား (၂) ယောက် ထမင်းချက်ရာကနေ မီးစတွေ လွင့်စင်ကာ ဝါးထရံနဲ့ အနီးရှိ ဓာတ်ဆီဘူးတွေကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ စုစုပေါင်း စစ်ရှောင်စခန်း အလုံးရေ (၁၅၀)ကျော် မီးလောင်းဆုံးရှုံးခဲ့တာလို့ သိရပါတယ်။

”စခန်းတစ်ခုက ထမင်းချက်ရင်း မီးစတင်လောင်တာ၊အခုမီးလောင်မှုဖြစ်ပွားတဲ့နေရာမှာက ကပ်လျှက်အနေအထားရှိနေတဲ့ တဲအိမ်တွေ မနည်းရှိတယ်၊ ဒါ့ကြောင့် အခုလို ဆုံးရှုံးမှုများတာပါ၊ ဒါတောင် အချိန်မှီ မီးထိန်းနိုင်ခဲ့လို့ ဒီလောက်ပဲလောင်တာ၊ မီးကိုကယ်ဆယ်ရေးစခန်းကသူတွေကနေ ဝိုင်းပြီး မီးငြိမ်းသတ်ခဲ့လို့သက်သာတာ၊ လူထိခိုက်မှုနဲ့ အသက်ဆုံးရှုံးမှုမရှိခဲ့ပါဘူး။”လို့ ကူညီပေးသူတစ်ဦးကပြောပါတယ်။

အဲ့ဒီ မီးလောင်မှုကြောင့် အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၅ ပေ ရှိသည့် သစ်သားတိုင်၊ ဝါးကြမ်းခင်း၊ ဝါးထရံကာ၊ သွပ်မိုး ၈ ခန်းတွဲမှ အဆောင် ၃၅ ဆောင်၊ အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၁၅ ပေရှိ သစ်သားတိုင်၊ ဝါးကြမ်းခင်း၊ ဝါးထရံကာ၊ သွပ်မိုးလုံးချင်း နေအိမ်အလုံး ၁၅၀ ၊ အလျား ၄၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၅ ပေရှိ သစ်သားတိုင်၊ သွပ်မိုး၊ ကွန်ကရစ်ခင်း အဆောင် ၁ လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မီးလောင်မှုကြောင့် ဒုက္ခသည်အိမ်ထောင်စု ၅၃၀၊ အမျိုးသား ၁၆၂၈ ဦး၊ အမျိုးသမီး ၂၀၈၂ ဦး စုစုပေါင်း ၃၇၁၀ ဦးတို့မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အရေး ပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

”အရင်ကတည်းက အကူအညီ လိုနေတာ၊ အခုဆို ပိုဆိုးပြီ ၊ မနည်းဆုံးရှုံးသွားတာ၊ မိုးကျခါနီးမှာ နေစရာအိမ်တွေ မီးထလောင်တော့ ဒုက္ခရောက်တာပေါ့ ၊ဘာမှကို ပြန်မရတာ၊ အိမ်တွေ ပြန်ဆောက်ဖို့နဲ့ စားဖို့အတွက်ပါ အကူအညီလိုနေတယ်၊ မီးဘေးကြောင့် ရုတ်တရက် လူ အယောက် ၄၀၀၀ နီးပါး ဒုက္ခရောက်သွားတာ။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လတ်တလောအနေနဲ့ မီးဘေးသင့်သူတွေကို မြို့နယ်ပြန်လည်ထူထောင်ရေးကော်မတီက နီးစပ်ရာ အသိ ၊မိတ်ဆွေ ဆွေမျိုးတွေရဲ့ နေအိမ်တွေနဲ့ စာသင် ကျောင်းတွေ၊ ဆေးပေးခန်းတွေမှာ ယာယီရွှေ့ပြောင်း နေရာချထားပေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပေါက်တော #စစ်ရှောင်စခန်းမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW