အင်ဒိုနီးရှားနဲ့ စင်္ကာပူ သံအရာရှိတွေလိုက်ပါလာတဲ့ ယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရ

မေ ၊ ၈ ၊ ၂၀၂၃
SP (VOM)

ရှမ်းပြည်တောင်ပိုင်း ၊ တောင်ကြီးခရိုင် ၊ ဆီဆိုင်မြို့နယ် ၊ ဆီဆိုင် – ဆိုင်ခေါင်း ကားလမ်းမှာ မနေ့ မေ ၇ ရက် မနက်ပိုင်းက အင်ဒိုနီးရှားနဲ့ စင်္ကာပူ သံအရာရှိတွေလိုက်ပါလာတဲ့ ယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ တောင်ကြီးခရိုင် လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မနေ့က မနက် ၉ နာရီဝန်းကျင်မှာ ဆီဆိုင် – ဆိုက်ခေါင်း ကားလမ်းပိုင်း ၊ မိုင်တိုင် အမှတ် ၄၁ နားမှာ ပစ်ခံရတာပါ ၊ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ကားတွေက သံတမန်ယာဥ် ၃စီး ၊ ထွေ/အုပ်ယာဥ် ၃ စီး နဲ့ လုံခြုံရေး ယာဥ် ၁ စီးဖြစ်တယ် ၊ အဲ့ဒီ ယာဥ်တန်းမှာ လိုက်ပါလာတဲ့ သံအရာရှိတွေက AHA Center က ၃ ဦး၊ အင်ဒိုနီးရှားသံရုံးက Minister Mr. Dicky Komar ပါ ၂ ဦး၊စင်္ကာပူသံရုံးမှ Counsellor Mr. Muly Anto Sastrowiranu ပါ ၂ ဦးပါဝင်တယ် ၊ အဲ့ဒီပစ်ခတ်မှုကြောင့် သံအရာရှိတွေ ထိခိုက်တာမရှိပေမယ့် ယာဥ်တန်း နောက်ပိတ် လုံခြုံရေးကား ထိခိုက်ပျက်စီးတာတော့ရှိတယ် “လို့ တောင်ကြီးခရိုင် လုံခြုံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒီ ယာဥ်တန်းမှာ လိုက်ပါခဲ့တဲ့ တာဝန်ရှိသူ တယောက်က ” ၄၁ မိုင် ကွေ့နေရာအရောက်မှာ လမ်းရဲ့ လက်ဝဲဘက်နေရာကနေ စီစစ်ဆဲ သူတွေက စတင်ပစ်ခတ်တယ် ၊ ယာဥ်တန်းပါ လုံခြုံရေးအဖွဲ့တွေက ပြန်ပစ်တယ်၊ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်တယ် ၊ အဲ့ဒီပစ်ခတ်မှုကြောင့် နောက်ပိတ် လုံခြုံရေးကားရဲ့ နောက်အခန်း လေကာမှန် ထိသွားတယ် “လို့ ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်တိုက်ခိုက်မှုတွေအပြီး မနက် ၁၀ နာရီ ၁၂ မိနစ် ဝန်းကျင်မှာတော့ အဲ့ဒီ သံရုံးအရာရှိတွေ လိုက်ပါလာတဲ့ ယာဥ်တန်းဟာ တောင်ကြီးမြို့ဆီ ပြန်မောင်းသွားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သံအရာရှိယာဥ်တန်း #ပစ်ခတ်တိုက်ခိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW