မျိုးဆက်(VOM)
“ဒုက္ခသည်တွေကို ထိုင်းစီးပွားရေးလုပ်ငန်းတွေမှာ ရွှေ့ပြောင်းလုပ်သားတွေအဖြစ် ပေါင်းစည်းပြောင်းလဲပေးဖို့ ကြိုးပမ်းမှုက ရှုပ်ထွေးမှုတွေရှိလာနိုင်ပေမယ့် အငြင်သာဆုံးနည်းလမ်းတရပ်ဖြစ်ပါတယ်။”
ကမ္ဘာ့စီးပွားရေး ဂေဟဗေဒပြောင်းလဲလာမှုနဲ့အတူ အရှေ့တောင်အာရှဒေသတွင်းမှာ ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်ဟာ များမကြာခင်နှစ်တွေအတွင်း တဟုန်တိုးမြင့်တက်လာပါတယ်။
အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတက်မှု လမ်းကြောင်းပေါ်ကို တွင်လျားလျားရောက်ရှိနေပြီဖြစ်တဲ့ ထိုင်းနိုင်ငံအတွက် လုပ်သားလိုအပ်ချက်က အခြားဒေသတွင်းနိုင်ငံတွေထက် ပိုမိုမြင့်မားနေပါတယ်။
အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအပါအ၀င် ကမ္ဘောဒီးယား၊ လာအိုတို့က ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးမှာ အရေးပါတဲ့ အခန်းကနေ ဏ္ဍတစိတ်တပိုင်းအဖြစ် ပါ၀င်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ထိုင်းနိုင်ငံဟာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ပတ်သက်ပြီး တိကျခိုင်မာတဲ့မူဝါဒမျိုး ချမှတ်မထားခြင်းက တရားမ၀င်နိုင်ငံဖြတ်ကျော်၀င်ရောက်မှုကြောင့် ဖမ်းဆီးခံရခြင်းနဲ့ လူကုန်ကူးမှုတွေမြင့်တက်လာနေသလို ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်ငန်းခွင်ဆိုင်ရာ အန္တရယ်ကင်းရှင်းရေး၊ အခွင့်အရေးဆိုင်ရာတို့မှာလည်း လျစ်လျူရှုသလိုဖြစ်ပြီး ယုတ်လျော့ကျဆင်းနေပါတယ်။
အချက်အလက်တွေအရ ထိုင်းနိုင်ငံရဲ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံကဖြစ်ပါတယ်။
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားအင်အားစု ၁၀ ရာခိုင်နှုန်းအနက် မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၅ သန်းဟာ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့မှာ အလုပ်လုပ်ကိုင်နေကြကြောင်း ၂၀၂၂ ခုနှစ်မှာထုတ်ပြန်တဲ့ ထိုင်းအလုပ်သမား၀န်ကြီးဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ထိုင်းနဲ့မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေးကူးလူးဆက်ဆံမှုအပြင် ရွှေ့ပြောင်းလုပ်သာတွေရဲ့ အလုပ်အကိုင်နဲ့ သူတို့ရဲ့၀င်ငွေစီးဆင်းမှုတွေက နက်နက်ရှိုင်းရှိုင်းဆက်နွယ်လျှက်ရှိပါတယ်။
နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းနေထိုင်မှုတွေဟာ ၁၉၈၀ ပြည့်နှစ်အလွန်နှစ်တွေမှာ စတင်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနဲ့ လုပ်သားရှားပါးမှုက အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေကို ဆွဲဆောင်တဲ့ အဓိကအကြောင်းရင်းဖြစ်လာပါတယ်။
နောက်ပိုင်းမှာတော့ မြန်မာ့စီးပွားရေး နိမ့်ကျမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံက ရွှေ့့ပြောင်းလုပ်သားတွေအပြင် တည်ငြိမ်လုံခြုံရေးအတွက် လာရောက်ခိုလှုံတဲ့ ဒုက္ခသည်တွေပါ ထိုင်းနိုင်ငံမှာ တိုးပွားလာခဲ့ပါတယ်။
ထိုင်းနဲ့မြန်မာဟာ ၂၂၀၂ ကီလိုမီတာအရှည်ရှိ နယ်စပ်ချင်းထိစပ်နေပြီး ရွှေ့ပြောင်းလုပ်သားတွေဟာ မွန်၊ ကရင်၊ ရှမ်း၊ တနင်္သာရီတိုင်းတို့ဒေကြီးတို့ကနေ အဓိက၀င်ရောက်နေပြီး ရနောင်း-ကော့သောင်း စစ်ဆေးရေးဂိတ်ကလွဲရင် ကျန်စစ်ဆေးရေးဂိတ်တွေကို ကုန်းလမ်းခရီးနဲ့ ၀င်ရောက်နိုင်ပါတယ်။
ဒါပေမယ့်လည်း တရားမ၀င်နယ်စပ်ဖြတ်ကျော်ဂိတ်တွေကြောင့် အထူးသဖြင့် မြ၀တီ-မဲဆောက်အနီးမှာ အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်၀င်ရောက်မှုတွေ အများစုဖြစ်ပေါ်နေပါတယ်။
ထိုင်းနဲ့ မြန်မာနို်င်ငံတို့အကြား ရွှေ့ပြောင်းလုပ်သားအရေးနဲ့ပတ်သက်ပြီး ကနဦးမှာ သဘောတူညီချက် တစုံတရာမရှိခဲ့ပါဘူး။ ၁၉၉၂ ခုနှစ်မှာတော့ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းနိုင်ငံရဲ့ ပြည်နယ်လေးခုမှာ သဘောတူညီချက် သို့မဟုတ် လုပ်ထုံးလုပ်နည်း တစုံတရာမရှိဘဲ ထိုင်းအစိုးရက လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။
ဒါပေမယ့် ၂၀၀၃ ခုနှစ်မှာတော့ ထိုင်းနိုင်ငံ တရား၀င်အလုပ်လုပ်ခွင့်ရရှိဖို့အတွက် မြန်မာနဲ့ ထိုင်းအစိုးရတို့အကြား နားလည်မှုစာချွှန်လွှာလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၉ ခုနှစ်နှောင်းပိုင်းမှာ စတင်သက်၀င်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ၂၀၁၆ ခုနှစ် နားလည်မှုစာချွှန်လွှာအသစ်နဲ့ အစားထိုးခဲ့ပါတယ်။
အဲဒီနားလည်မှုစာချွှန်လွှာသစ်ဟာ ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်မှု၊ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်နဲ့ ရွှေ့ပြောင်းလုပ်သားခေါ်ယူခြင်းတွေကို အဓိကထားခဲ့ပေမယ့် အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ သိသိသာသာလျစ်လျူရှုထားခဲ့ပါတယ်။
၂၀၁၇ ခုနှစ် ဇွန်လမှာတော့ တရား၀င်မှတ်ပုံတင်မထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အလုပ်ခန့်ထားမှုအား ရပ်ဆိုင်းဖို့ ထိုင်းအစိုးရက ကြေညာခဲ့ပြီး ဒီကိစ္စကြောင့် မြန်မာလုပ်သား ခြောက်သောင်းနီးပါး မြန်မာနိုင်ငံ ပြန်ခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ ထိုင်းအစိုးရဟာ ၂၀၁၈ ခုနှစ်ပြဌာန်းမယ့် ဥပဒေပါအချက်တွေနဲ့ အချိန်ကို ပြန်လည်ပြင်ဆင်ခဲ့ပေမယ့် မှတ်ပုံတင်မထားတဲ့ ရွှေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာအတွက် ကိုင်တွယ်ဖြေရှင်းပေးမယ့် လုပ်ငန်းစဉ်တွေကတော့ လွဲချော်နေဆဲဖြစ်ပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်မှုတွေအပြင် နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် ထိုင်းမှာအလုပ်လုပ်ဖို့ကြိုးစားတဲ့ မြန်မာလုပ်သားအရေအတွက်ကလည်း ကျဆင်းမလာဘဲ တိုးလို့သာလာနေပါတယ်။
၂၀၂၀ခုနှစ်အတွင်း ကပ်ရောဂါကြောင့် ရပ်ဆိုင်းထားပေမယ့် နှစ်နိုင်ငံနားလည်မှုစာချွှန်လွှာကတဆင့် ထိုင်းနိုင်ငံက မြန်မာလုပ်သားခေါ်ယူမှုကို ၂၀၂၂ ခုနှစ်မေလမှာ မြ၀တီနဲ့ ကော့သောင်းလမ်းကြောင်းကနေ တရား၀င်ပြန်လည်ခေါ်ယူခဲ့ပေမယ့် တရားမ၀င်၀င်ရောက်မှု၊ လူကုန်ကူးခံရမှုနဲ့ ဖမ်းဆီးခံရမှုတွေက နေ့စဉ်လိုဖြစ်ပွားလျှက်ရှိပြီး ဒီကိစ္စအပေါ် ကိုင်တွယ်ဖြေရှင်းရေးဟာ ထိုင်းအစိုးရအတွက် စိန်ခေါ်မှုတရပ်အဖြစ်ရှိနေပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေကြောင့် နယ်စပ်ကတဆင့် ထိုင်းနိုင်ငံထဲကို ထွက်ပြေးတဲ့ မြန်မာနိုင်ငံသားတွေရှိနေပြီး ယခင်ကတည်း ရှိနေပြီးသား ဒုက္ခသည်စခန်းမှာခိုလှုံနေသူကို နေရပ်ပြန်ပို့နိုင်ခြင်းမရှိသေးတဲ့ ထိုင်းအစိုးရအတွက် ခေါင်းခဲစရာဖြစ်လာပါတယ်။
ထိုင်းနိုင်ငံဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်ဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံမဟုတ်တဲ့ ဒီအခြေအနေကို ဖြေရှင်းဖို့အတွက် တိကျတဲ့မူဝါဒတရပ် ရှိမနေခဲ့ပါဘူး။ ဒါပေမယ့် ထိုင်းနိုင်ငံဟာ လူတဦးကို ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် အခြားပုံစံနဲ့ ညှဉ်းပန်းနှိပ်စက်ခံရမယ့်နိုင်ငံကို အတင်းအကြပ်ပြန်ပို့တာကို တားမြစ်တဲ့ဥပဒေလို့ လူသိများတဲ့ Prevention and Suppression of Torture and Enforced Disappearance Act B.E.2565 ကို ၂၀၂၂ ခုနှစ်မှာ အတည်ပြုထားတဲ့အတွက် ဒုက္ခသည်တွေကို နေရပ်ပြန်ပို့နိုင်ခြင်းမရှိပါဘူး။
ဒါ့ကြောင့် ထိုင်းအစိုးရအနေနဲ့ ၀င်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေအပြင် ဒုက္ခသည်တွေကိုပါ အံ၀င်ခွင်ကျဖြစ်နိုင်မယ့် မူဝါဒမျိုးချမှတ်ဖို့လိုအပ်နေပြီး တနည်းအားဖြင့် ဒုက္ခသည်တွေကို ထိုင်းစီးပွားရေးလုပ်ငန်းတွေမှာ ရွှေ့ပြောင်းလုပ်သားတွေအဖြစ် ပေါင်းစည်းပြောင်းလဲပေးဖို့ ကြိုးပမ်းမှုက ရှုပ်ထွေးမှုတွေရှိလာနိုင်ပေမယ့် အငြင်သာဆုံးနည်းလမ်းတရပ်ဖြစ်ပါတယ်။
ဒီလိုမူဝါဒချမှတ်ရာမှာ သက်ဆိုင်ရာအဖွဲ့အစည်းအသီးအသီးအပြင် ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဒုက္ခသည်တွေရဲ့ အမြင်တွေကိုပါ ထည့်သွင်းစဉ်းစားသင့်ပြီး တနည်းအားဖြင့် ရွှေ့ပြောင်းလုပ်သားလိုအပ်ချက်နဲ့အတူ ထိုင်းစီးပွားရေးမှာ အထောက်အကူဖြစ်စေဖို့ နဲ့ ပံ့ပိုးကူညီမှုအတွက် အားလုံးပါ၀င်တဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ တိကျတဲ့မူဝါဒတရပ် ချမှတ်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
Ref: Bangkok
#voiceofmyanmar #VOM #ဘန်ကောက်