ဖလမ်း – ဟားခါး ကားလမ်းမှာ မီးရှို့သတ်ခံထားရတဲ့ ရုပ်အလောင်း ၃ လောင်းတွေ့

မေ ၂၄ -၂၀၂၃
SP (VOM)

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်း – ဟားခါး ကားလမ်း ၊ ချွန်ကျုံးရွာနားမှာ မီးရှို့သတ်ခံထားရတဲ့ ရုပ်အလောင်း ၃ လောင်းကို ပြီးခဲ့တဲ့ မေ ၂၂ ရက်က တွေ့ခဲ့ရတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” တွေ့ရတဲ့ ရုပ်အလောင်းက ၃ လောင်းဖြစ်တယ် ၊ ၂ လောင်းက အခု ပိုင်ရှင်ပေါ်တယ် ၊ ကျန်တဲ့ တစ်လောင်းက ပိုင်ရှင် မသိရသေးဘူး၊ ပိုင်ရှင်ပေါ်တဲ့ ၂ လောင်းက တီးတိန်မြို့ ၊ လွယ်ဘွာလ်းရပ်ကွက်မှာနေတဲ့ မကျင်းဟောက်ဝုန် အသက် ၃၂ နှစ်နဲ့ ဟာခါးမြို့မှာနေတဲ့ ဦးလျန်းဇထွန်း ၃၂ နှစ်တို့ဖြစ်တယ် ” လို့ ဖလမ်းမြို့ခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း ၊ တီးတိန်မြို့ ၊ လွယ်ဘွာလ်းရပ်ကွက်မှာနေတဲ့ မကျင်းဟောက်ဝုန် ဆိုသူဟာ အင်္ဂလန်နိုင်ငံမှာ ပညာသင်ဆုရတာကြောင့် သူ့ရဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ မေ ၂ ရက်က ဟားခါးမြို့ကိုသွားရင်း လမ်းမှာ ပျောက်ဆုံးသွားပြီးနောက် မီးရှို့သတ်ခံထားရတာကို ပြန်လည်တွေ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

တီးတိန်မြို့မှာနေတဲ့ သေဆုံးသူ မကျင်ဟောက်ဝုန်ရဲ့ မိသားစုဝင်တစ်ယောက်က ” ကျင်ဟောက်ဝုန်က တဦးတည်းသော သမီးဖြစ်တယ် ၊ မိဘ ၂ ပါး ကွယ်လွန်သွားတာ မကြာသေးဘူး ၊ မေ ၂ ရက်နေ့က သူ့ရဲ့ နိုင်ငံကူးလက်မှတ်လုပ်ဖို့ ဟာခါးမြို့သား သူ့ရဲ့အသိမိတ်ဆွေ ဦးလျန်းဇထွန်းနဲ့အတူ တီးတိန်ကနေ ဟာခါးမြို့ကို ဆိုင်ကယ်နဲ့ အသွား ပျောက်သွားတယ် ၊ ဒါနဲ့ ဟိုစုံစမ်း ဒီစုံစမ်း လိုက်ရှာရင်း ချွန်ကျူံးရွာနားမှာ တနေ့က သူတို့ အလောင်းကို ပြန်တွေ့ရတယ် ၊ မီးရှို့သတ်ထားတာ “လို့ ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ချင်းပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က ” ပြီးခဲ့တဲ့ ဧပြီလကစလို့ ချွန်ကျူံးရွာနားမှာ တိုက်ပွဲတွေဖြစ်တယ် ၊ နယ်မြေတည်ငြိမ်မှု မရှိသေးဘူး “လို့ ပြောပါတယ်။

ဒါ့အပြင် ပြန်လည်တွေ့ရှိခဲ့ရတဲ့ ရုပ်အလောင်းတွေကို (မေ ၂၄ )ရက် ဒီကနေ့မှာပဲ တီးတိန်မြို့ ၊ လွယ်ဘွာလ်းရပ်ကွက်မှာရှိတဲ့ မကျင်ဟောက်ဝုန်ရဲ့ နေအိမ်ကနေ စျာပနအခမ်းအနား ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ဒေသခံလူမှုကူညီရေးအဖွဲ့ (ဖလမ်း)
#VOM #voiceofmyanmar #ချင်းမြောက်ပိုင်း #ရုပ်အလောင်းသုံးလောင်းတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW