အက်ဖ်-၃၅ ကိုယ်ပျောက်တိုက်လေယာဉ်တွေ ၀ယ်ယူရေး ထိုင်းရဲ့ကမ်းလှမ်းချက် အမေရိကန်ပယ်ချ

ဘန်ကောက်၊ မေ-၂၆-၂၀၂၃
မျိုးဆက်(VOM)

လေ့ကျင့်ရေးနဲ့ နည်းပညာဆိုင်ရာ လိုအပ်ချက်တွေကြောင့် အက်ဖ်-၃၅ ကိုယ်ပျောက်တိုက်လေယာဉ်တွေ ၀ယ်ယူရေး ထိုင်းနိုင်ငံရဲ့ ကမ်းလှမ်းမှုကို အမေရိကန်က ပယ်ချခဲ့ကြောင်း ထိုင်းလေတပ်က မေ ၂၅ ရက်မှာ ပြောပါတယ်။

နေတိုးမဟုတ်တဲ့ မဟာမိတ်အဖြစ် ၂၀၀၃ ခုနှစ်မှာ အမေရိကန်ကသတ်မှတ်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံဟာ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ အမေရိကန်လုပ် အက်ဖ်-၅ နဲ့ အက်ဖ် ၁၆ တိုက်လေယာဉ်တွေနေရာမှာ အစားထိုးရေး တိုက်လေယာဉ်သစ်တွေ၀ယ်ယူဖို့ ဒေါ်လာ ၄၀၇ ဒသမ ၆၈ သန်းကိုယမန်နှစ် ဘက်ဂျက်ထဲကနေ ဖယ်ထားခဲ့တာဖြစ်ပါတယ်။

ဒီရန်ပုံငွေတွေနဲ့ အမေရိကန် လော့ဟိမာတင်ကုမ္ပဏီထုတ် အက်ဖ်-၃၅ အေ ကိုယ်ပျောက်တိုက်လေယာဉ်တွေ ၀ယ်ယူဖို့ ထိုင်းလေတပ်က မျှော်မှန်းထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပဉ္စမမျိုးဆက်တိုက်လေယာဉ်တွေရောင်းချမှုဟာ အချိန်ကန့်သတ်ချက်တွေ၊ နည်းပညာဆိုင်ရာလိုအပ်ချက်တွေနဲ့ ပြုပြင်ထိန်းသိမ်းမှုနဲ့ လိုက်လျောညီထွေဖြစ်ဖို့စတဲ့ အခြေအနေတွေကြောင့် ရောင်းချနိုင်ခြင်းမရှိဘူးလို့ အမေရိကန်လေတပ်ပြောရေးဆိုခွင့်ရှိသူ မာရှယ်ပရာပက်ဆွန်ချက်ဒီက ပြောပါတယ်။

အက်ဖ်-၃၅ တိုက်လေယာဉ်တွေဟာ ကမ္ဘာ့အဆင့်အမြင့်ဆုံးတိုက်လေယာဉ်ထဲက တခုဖြစ်ပြီး အင်ဒို-ပစိဖိတ်ဒေသရှိ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူအပါအ၀င် အမေရိကန်ရဲ့ အနီးကပ်မဟာမိတ်တွေအတွက် အကဲဆတ်တဲ့ ရောင်းချမှုအဖြစ် အကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။

Ref: Reuters
#VOM #voiceofmyanmar #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW