ပြည်မြို့က အငြိမ်းစားဆရာမတစ်ဦး နေအိမ် အနုကြမ်းစီး အသတ်ခံရပြီး ပစ္စည်းတွေလည်းပါသွား

ဇွန် ၉ – ၂၀၂၃
GG(VOM)

ပဲခူးတိုင်း အနောက်ပိုင်း ၊ပြည်မြို့၊ ‌အောင်ဆန်း ပြည်သာယာရပ်ကွက်၊ (၃)လမ်းထိပ်၊ ‌ဟော်တယ်ခေတ္တရာအနီးမှာ နေထိုင်တဲ့ အငြိမ်းစားကျောင်းဆရာမကြီး တစ်ဦး နေအိမ်အတွင်းဝင်ရောက် အနုကြမ်းစီး အသတ်ခံရပြီး ပစ္စည်းတွေယူဆောင်သွားတယ်လို့သိရပါတယ်။

ဖြစ်စဥ်မှာ မနေ့က ဇွန်လ ၈ ရက်နေ့ ညနေပိုင်းက နေအိမ်မှာ ဆရာမကြီးတစ်ယောက်တည်းရှိနေချိန် အနုကြမ်းစီး အသတ်ခံရတာဖြစ်​ပြီး ၊ လက်ရှိမှာ ပြည်ဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။

” သတင်းရတာ ၄ နာရီလောက်ပါ၊ရေချိုခန်းထဲချော်လဲတာဆိုပြီး အကြောင်းကြားတာ၊ဟိုရောက်မှ လူသတ်မှုမှန်းသိတော့ ရဲစခန်းဖုန်းဆက် စစ်ဆေးတာတွေပြီးမှ ဆေးရုံကို အလောင်းပို့လိုက်ပါတယ်။ အိမ်ထဲမှာလည်း ပစ္စည်းတွေရှာဖွေထားတာ ပွကျဲနေပါတယ်။လည်ပင်းမှာအညိုအမဲဒဏ်ရာတွေ့တယ်၊တရွတ်တိုက်ဆွဲခေါ်ထားတဲ့အရာ တွေ့တယ်။ အသတ်ခံရတာကိုတော့ သူရဲ့ကလေးက ပြန်လာမှ ငိုနေမှသိကြတာလို့ပြောတယ် “လို့ ကူညီကယ်​ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ ပြည်မြို့လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

အသတ်ခံရတဲ့ ဆရာမကြီးက အသက် ၆၁ နှစ်အရွယ်ရှိ ဒေါ်စန်းဝင်း ဆိုသူဖြစ်ပြီး အနုကြမ်းစီးခံရချိန် နားထင်မှာထိုးသွင်းဒဏ်ရာနဲ့ အသတ်ခံခဲ့ရကာ လက်ရှိမှာတော့ သမီးဖြစ်သူ ကလေးငယ်တစ်ဦးကျန်ခဲ့တယ်လို့သိရပါတယ်။

” ဆရာမကြီးတို့ ဒီအိမ်က ငှားနေကြတာ ၊ဆရာမကြီးတစ်ယောက်တည်းရှိတာကို သိတဲ့သူကလုပ်သွားတယ်လို့ထင်တယ်။အသတ်ခံထားရတာကိုလည်း ဆရာမကြီးရဲ့ကလေးက ကျောင်းကပြန်လာမှသိရတာ။ ညနေ ၄ နာရီလောက်မှာ အကုန်သိတာ၊ သိတော့မှ သက်ဆိုင်ရာအကုန်ဖုန်းဆက်စစ်ဆေးပြီးဆေးရုံပို့ကြတာ။ ပစ္စည်းတွေပါသွားတယ်။သိန်း ၅၀ လောက်ရှိမယ် ပြောတယ်။ ” လို့ပြည်မြို့ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိ ဆရာမကြီးကို သတ်ပြီး ပစ္စည်းတွေလုယက်သွားသူကို ဖမ်းဆီးရမိခြင်းမရှိသေး
တာကြောင့် တာဝန်ရှိသူတွေက တရားခံ ဖမ်းမိရေးအတွက် လိုက်လံရှာဖွေစစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။

ပြည်မြို့မှာ အရင်ကလည်း နေအိမ်အတွင်း ဝင်ရောက်ပစ္စည်းလုယက်တာ၊ရွေဆိုင်လုယက်ခံရတာ၊ အိမ်ရှင်ကို ကြိုးတုပ်ပြီးရိုက်နှက် ပစ္စည်းလုတာတွေရှိခဲ့တဲ့အပြင် ဆိုင်ကယ်တွေလုတာ၊ဖုန်းလုယက်တာ၊ပိုက်ဆံအိတ်တွေလုတာ ၊ရွှေထည်ပစ္စည်းတွေလုယက်တာ စတာတွေဖြစ်ပွား​ခဲ့တယ်လို့သိရပါတယ်။

Photo crd -Original Uploader
#voiceofmyanmar #VOM #ပြည် #အငြိမ်းစားဆရာမ #နေအိမ်အနုကြမ်းစီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW