မြင်းခြံက နီနီလွင် ရွှေဆိုင်ပိုင်ရှင် သေနတ်နဲ့ ပစ်သတ်ခံရ

ဇွန် ၊၉ ၊ ၂၀၂၃
SP (VOM)

မန္တလေးတိုင်း ၊ မြင်းခြံမြို့၊စည်ပင်သာယာစျေးမြောက်ဘက် ၊ အမှတ် (၇) ရပ်ကွက်မှာရှိတဲ့ နီနီလွင်ရွှေဆိုင်မှာ မနေ့ ဇွန် ၈ ရက် ၊ နေ့လယ် ၁ နာရီ ၄၅ မိနစ် ဝန်းကျင်က သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားတဲ့အတွက် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။

” သေနတ်သမားတွေက ဆိုင်ကယ် ၂ စီး နဲ့ ရွှေဆိုင်ကို ရောက်လာတယ် ၊ ရွှေဆိုင်ရှေ့ကနေ အခန်းတံခါးကို ပိတ်ထားတာကြောင့် ဆိုင်အတွင်းထဲကို ဝင်လို့မရဘူး ၊ အပြင်ဘက်ကနေ သေနတ်တွေနဲ့ ပစ်သွားတယ် ” လို့ ဒေသခံ မျက်မြင်တွေ့လိုက်ရသူတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မြင်းခြံခရိုင် ၊ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” နီနီလွင် ရွှေဆိုင်မှာ အနုကြမ်းစီးဖို့ ဖြစ်ပွားတာပါ ၊ ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ယောက် ဆိုင်ရှေ့ကို ရောက်လာတဲ့အချိန် ဆိုင်ရှင်ဖြစ်သူ ဦးဇော်နိုင်ထွန်း ဆိုသူက ဆိုင်တံခါးကို သော့ခတ်လိုက်တယ် ၊ လက်နက်နဲ့ သူတွေက ဆိုင်အပြင်ဘက်ကနေ သေနတ်တွေပစ်တယ် ၊ပစ္စတိုသေနတ် ၁ ချက် နဲ့ M 22 သေနတ် ၃ ချက် ပစ်တာဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် ဆိုင်ရှင်ဖြစ်သူ ဦးဇော်နိုင်ထွန်း ဆိုသူ ဦးခေါင်းပွင့်ထွက် ဒဏ်ရာနဲ့ ရင်အုံဖောက်ဝင် ဒဏ်ရာရတယ် ၊ နေရာမှာ တင်သေဆုံးသွားတာဖြစ်တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မြင်းခြံမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ” အခင်းဖြစ်ပွားတဲ့အချိန်က ရွှေဆိုင် ဝန်ထမ်း အမျိုးသား ၃ ဦး နဲ့ အမျိုးသမီး ၉ ဦး ဆိုင်ထဲမှာ ရှိတယ် ၊ ဆိုင်ရှင်က တံခါးသော့ခတ်ထားတဲ့အတွက် ရွှေထည်ပစ္စည်းတွေ ပါမသွားဘူး ၊ ဆိုင်ရှင်က ကျည်ဆံဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးသွားတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မြင်းခြံမြို့နယ် ရဲတပ်ဖွဲ့ရုံးက အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြင်းခြံ #နီနီလွင်ရွှေဆိုင်

Related posts

Leave a Comment

VOM News

FREE
VIEW