ရွှေစျေးအတက်ကြမ်းနေလို့ ရွှေလုပ်ငန်းရှင်တွေကို သက်ဆိုင်ရာက ခေါ်ယူဆွေးနွေးနေတယ်လို့ သိရ

ဇွန် ၁၆ – ၂၀၂၃
SN (VOM)

ပြည်တွင်းရွှေစျေး အတက်ကြမ်းနေတာကြောင့် ရွှေလုပ်ငန်းရှင်တွေကို မနေ့ ဇွန် ၁၅ ရက်၊ မနက်ပိုင်းကနေ ဒီကနေ့အထိ သက်ဆိုင်ရာက ခေါ်ယူဆွေးနွေးနေတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။

ဒီလိုခေါ်ယူဆွေးနွေးတာနဲ့ ပတ်သက်လို့ မန္တလေးက ရွှေဆိုင်ပိုင်ရှင်တစ်ဦးက “ကျွန်တော်တို့ကြားတာ ၁၂ ယောက်ကို ခေါ်ဆွေးနွေးနေတယ်။ မနေ့က မနက် ၁၁ နာရီကနေ အခုထိပြန်မရောက်ကြသေးဘူး။ အဓိကကတော့ဗျာ ရွှေစျေးတည်ငြိမ်ဖို့ ဖြစ်မှာပါ။ တကယ်တော့ ကျနော်တို့ ရွှေစျေးဆိုတာ ဒေါ်လာစျေးအပေါ်မှာမူတည်သလို လိုအပ်ချက်များလို့ စျေးတက်တာပါ။ ဒီလိုစျေးတက်တိုင်း ကုန်သည်ခေါ်နေတာ အဖြေတော့ မဟုတ်ဘူး”လို့ ပြောပါတယ်။

ရန်ကုန်တိုင်းက ရွှေလုပ်ငန်းရှင် အယောက် (၂၀) ဝန်းကျင်နဲ့ မန္တလေးတိုင်းက ရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ အပါအဝင် လုပ်ငန်းရှင် (၁၂)ယောက်ကို သက်ဆိုင်ရာက ခေါ်ယူဆွေးနွေးနေတာဖြစ်ပြီး ခေါ်ယူမေးမြန်းခြင်းခံရတဲ့ ရွှေလုပ်ငန်းရှင်တွေရဲ့အမည်ကိုတော့ တိတိကျကျ မသိရသေးပါဘူး။

“သတင်းတွေတော့ကြားပါတယ်။ မန္တလေးရော၊ ရန်ကုန်ရော ခေါ်ယူစစ်ဆေးတယ်လို့ သိရပါတယ်။ ရွှေဈေးတွေတက်ရင် အခုလိုပဲ ခေါ်ယူစစ်ဆေးနေကျပါ။ အရင်ကတော့ စစ်ဆေးပြီးရင် နေ့ချင်းချက်ချင်းပြန်လွှတ်တယ်။ ဒီတစ်ခေါက်ကတော့ ချက်ချင်းပြန်မလွှတ်တာ ထူးခြားတယ်။ ရန်ကုန်မှာလည်း တချို့လူတွေလည်း ပြန်မလွှတ်သေးဘူးလို့ကြားတယ်။ အဲ့ဒီတော့ ဖမ်းလိုက်ပြီလား၊ ဘယ်လိုလဲတော့ သေချာမသိသေးဘူး။ အခုလို ခေါ်ထားတယ်ဆိုတာကတော့ အန္တရာယ်ရှိတယ်၊ စိုးရိမ်ရတယ်”လို့ ရန်ကုန်က ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရပါက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေတို့နဲ့ အရေးယူခံရနိုင်တယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ်နေကြပါတယ်။

ဒါနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌကို မေးမြန်းရာမှာတော့ “အတိအကျ ဘာမှ မသိရသေးပါဘူး”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီက ဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပြင် တခြားသော အဖွဲ့အစည်းတွေနဲ့ ဇွန် ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ရွှေဆိုင်တွေဆီ သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် အခုလို ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်လာခြင်းဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တချို့က ပြောပါ။

“အခုလိုမျိုး ဈေးတွေတက်နေတော့ ရွှေသမားတွေက ကြောက်နေကြတာကြာပြီ။ ဘယ်အချိန်များ ခေါ်ယူစစ်ဆေးမလဲ၊ ဖမ်းမလဲဆိုတာကို ကြောက်နေကြတာတော့ ကြာပါပြီ။ အဲ့ဒီတော့ ရှောင်တဲ့သူတွေလည်း ရှောင်နေကြတယ်ပေါ့။ ဈေးကွက်ကတော့ ပျက်သလိုဖြစ်နေပါတယ်၊ အရောင်းအဝယ်ကတော့ သိပ်မဖြစ်ကြပါဘူး”လို့ ရန်ကုန်က ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပြည်တွင်းရွှေဈေး မြင့်တက်နေတာဟာ လက်ရှိမှာ ကမ္ဘာ့ရွှေဈေးအပြင် အဓိကအနေနဲ့ အမေရိကန်ဒေါ်လာဈေး မြင့်တက်နေတာကြောင့်ဖြစ်ပြီး လက်ရှိမှာတော့ အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။

ဇွန် ၁၅ ရက်နေ့ ပြည်ပပေါက်ဈေးမှာတော့ အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃,၁၂၈,၀၀၀၊ ကမ္ဘာ့ရွှေဈေး ၁၉၃၃ ဒေါ်လာ၊ ငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၉၈၅ အထိပေါက်ဈေးရှိနေပါတယ်။

သက်ဆိုင်ရာကတော့ ရွှေဆိုင်တွေကို အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၉ သိန်းကျော်ပြီး မရောင်းဖို့နဲ့ တစ်ဒေါ်လာကို ၂၁၀၀ သတ်မှတ်ကာ ရောင်းချဖို့ ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရွှေစျေးကွက် #သက်ဆိုင်ရာ #လုပ်ငန်းရှင်အချို့ခေါ်ယူဆွေးနွေး

Related posts

Leave a Comment

VOM News

FREE
VIEW