ဇွန် ၁၇၊ ၂၀၂၃
Shy V(VOM)
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ရွာမှာ မနေ့ ဇွန် ၁၆ ရက်နေ့က တပ်နဲ့ ကေအိုင်အေတို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“နမ့်ဆန်ယန် အရှေ့ဘက်ခြမ်း စစ်ကြောင်းထိုးလာတဲ့ တပ်နဲ့ ဖြစ်တာ။ နမ်ဆန် တံတားဖြတ်လာတဲ့ အချိန်။ နေ့ခင်းပိုင်း စစ်ကြောင်းထိုးလာတဲ့ လမ်းကြောင်းမှာ ကေအိုင်အေဘက်က ကြားဖြတ် တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားလာတာ၊ တိုက်ပွဲ ပြန်ဖြစ်လာနိုင်တဲ့ အခြေအနေရှိတယ်။ သတိနဲ့ နေရမယ်။ လက်ရှိ စစ်ရေးတင်းမာနေတယ်”လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။
နမ်ဆန်ယန် အနီးနား နေထိုင်သူ ၁ ဦးကလည်း “နမ့်ဆန်ယန်ဘက် သေနတ်သံတွေ ကြားနေခဲ့တယ်လို့ ပြောပါတယ်။ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် အင်အား ၁၀၀ ခန့် ရှိပြီး နမ့်ဆန်ယန် အရှေ့ဘက်မှာ လက်နက်ကြီး ပစ်ခတ်သံတွေလည်း ကြားရတယ်”လို့ ပြောပါတယ်။
“မနေ့က စစ်တပ်တွေ လက်နက်ခဲယမ်း ပစ္စည်းအချို့ ပစ်ထားကျန်ခဲ့တယ်။”လို့ ကေအိုင်အေနဲ့ နီးစပ်သူ ၁ ဦးကလည်း ပြောပါတယ်။
နမ်ဆန်ယန် ကျေးရွာနဲ့ အနီးဝန်းကျင် ဒေသတွေမှာတော့ ၂၀၁၁ ခုနှစ်မှာ တပ်နဲ့ ကေအိုင်အေတို့ အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ရာနဲ့ချီ ၈ နှစ်ကြာခန့် တိုက်ပွဲရှောင်ခဲ့ကြရတာဖြစ်ပါတယ်။
တပ်က ဝိုင်းမော်မြို့နယ်ရှိ နေရပ်ပြန်စစ်ရှောင်ပြည်သူတွေကို စိတ်မပူဖို့နဲ့ နမ်ဆန်ယန်ကျေးရွာအနီးမှာ တိုက်ပွဲထပ်မဖြစ်ဖို့ အာမခံချက်ပေးခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ တပ်မတော်က ဦးဆောင်ပြီး နေရပ်ပြန်ပို့ထားတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။
Photo Crd – CJ
#VOM #voiceofmyanmar #ဝိုင်းမော် #တိုက်ပဲဲဖစ်ပွားမှု