ဆူးငှက်
အမရပူမြို့သည် ခေတ်ကောင်းချိန် ရှေးနှစ်ပေါင်း ၁၈ဝလောက်ကဆိုလျှင် ခမ်းနားသိုက်မြိုက်သော မင်းနေပြည်တော်ကြီးဖြစ်ခဲ့ဖူးလေသည်။သေခြင်းကင်းရာ ပြည်သာယာဟုအဓိပ္ပာယ်ရသည့် အမရပူရမြို့၏ ပထမမြို့တည် နန်းတည်ဖြစ်သော မင်းကားအလောင်းမင်းတရားကြီး၏ စတုတ္ထသားတော်ဖြစ်၍ ကုန်းဘောင်မင်းဆက်၏ ၆ဆက်မြောက် မင်းဖြစ်သည့် ဘိုးတော်ဘုရား(ခေါ်) ဗဒုံမင်းဖြစ်သည်။ ဗဒုံမင်းသည် မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ်တွင် အင်းဝထီးနန်းကို သိမ်းပိုက် အုပ်စိုးပြီးနေရာမှ အင်္ဂလိပ်တို့၏သင်္ဘောမှာ ရေတက်ချိန်တွင် နန်းတော်သို့ အလွယ်တကူ ဝင်ရောက်နိုင်ခြင်း ရှိကြောင်း သိသဖြင့် မြို့သစ် နန်းသစ်တည်ရန် ကြံသည်။သို့ဖြင့်၍ မြို့တည်ရန်နေရာရွေးရာ လက်ဆယ်ကန်ရွာနေရာကို အမရပူရမြို့ နန်းတည်ရန်အတည်ပြု၍ ၁၀၊အောက်တိုဘာ၊ ၁၇၈၁ (မြန်မာသက္ကရာဇ်၁၁၄၅ ခုနှစ်)တွင် အမိန့်ပြန်ကာ စတင်တည်ဆောက်စေသည်။ ၁၂ ၊မေ၊ ၁၇၈၃တွင် နန်းသိမ်းပွဲဖြင့် စတင်နန်းစံသည်။ သို့သော် ၁၃၊ မတ်၊၁၈၁၀တွင် အမရပူရမြို့တွင် မီးအကြီးအကျယ်လာင်ရာ နန်းတော်ပါ ပျက်စီးသဖြင့် တဖန်ပြန်တည်ရသည်။ သို့ဖြင့် အချိန်တိုအတွင်း ပြန်လည်တည်ဆောက်ပြီး ဒီဇင်ဘာ၊၁၈၁၀ တွင် ပြန်လည် စိုးစံသည်။
ထိုနောက် ဘကြီးတော်မင်းလက်ထက်တွင် အင်းဝသို့ပြန်လည်ပြောင်းရွှေ့ နန်းစိုက်ကာ သာယာဝတီမင်းလက်ထက်တွင် အမရပူရကို နန်းမြို့အဖြစ် ပြန်လည်သတ်မှတ်ကာ နန်းစိုက်ခဲ့သည်။ ကုန်းဘောင်မင်းဟူ၍လည်းကောင်း ရွှေဘိုမင်း ဟူ၍လည်းကောင်း ထင်ရှားသော သာယာဝတီမင်းသည် အင်းဝမြို့မှ အမရပူရမြို့သို့ပြောင်းရွှေ့၍ ဒုတိယကြိမ် ထပ်မံတည်တော်မူသဖြင့် အမရပူရ ဒုတိယမြို့တည် နန်းတည် မင်းတရားကြီးဟုလည်းခေါ်တွင်သည်။ အမရပူရ ပထမမြို့တည် နန်းတည် ဘိုးတော်ဘုရား၏ သားတော်ကြီး မဟာဥပရာဇာအိမ်ရှေ့မင်းကြီးနှင့် ပထမအိမ်ရှေ့မိဖုရားတို့၏ သားတော်လေးပါးအနက် မြန်မာသက္ကရာဇ် ၁၁၄၈-ခုနှစ် တပေါင်းလပြည့်ကျော်(၁ဝ)ရက် ညဉ့်တစ်ချက်တီးကျော်၁၁ရက် ဗုဒ္ဓဟူးနေ့သို့အဝင် ဖွားမြင်တော်မူသော ဒုတိယအငယ်ဆုံး သားတော်ဖြစ်သည်။ ရတနာပူရ အင်းဝ၏ စတုတ္ထမြို့တည် ဘကြီးတော် မင်းတရားကြီး၏ ညီတော်ရင်းလည်းဖြစ်သည်။ ဘိုးတော်နောင်တော်တို့ လက်ထက် သရက်၊ သာယာဝတီမြို့များကို ကံကျွေးခံရပြီးလျှင် အထွတ်အထိပ်ရာက်သောအခါ သာယာဝတီမင်းဟု တွင်သည်။ သက်တော် ၂၃နှစ်တွင် ဘထွေးတော် ပုဂံဘုရင်ခံ သမီးတော် ကျပင်းမင်းသမီးနှင့် စုံဖက်တော်မူသည်။ ၁၁၉၆ ခုနှစ်တွင် ဘကြီးတော်မင်းတရားကြီး ကိုယ်တော် ကျန်းခန့်တော် မမူသောအခါင်ငံ အုပ်ချုပ်ရေးကို မိဖုရားခေါင်ကြီးနှင့်မောင်တော် စလင်းမြို့စားမင်းသားတို့အား လွဲအပ် ထားခိုက် စလင်းမြို့စားနှင့် အပေါင်းပါတို့က သာယာဝတီမင်းသားအပေါ် မှုခင်းရှာကြံ၍ အိမ်တော်ကို ဝိုင်းသောကြောင့် သာယာဝတီမင်းသားသည် ၁၁၉၈ ခုနှစ်တွင် ရွှေဘိုသို့နောက်တော်ပါများနှင့် အတူထွက်ခွာ၍ အခိုင်နေလေသည်။ နောင်တော်မင်းတရားကြီးကလည်း တပ်များစေလွှတ်၍ တိုက်ခိုက်စေရာ မအောင်မြင်ခဲ့ချေ။
ဤသို့ ညီတော်နောင်တော်ရင်းတို့ စိတ်ဝမ်း မကြည်ရှိကြသည်ကို အင်္ဂလိပ် ကိုယ်စားလှယ် မဂျာဗားနေး (မယ်စယ်ဘော်ရနီ)သည် သာယာဝတီမင်းသား ရှိရာရွှေဘိုသို့ လိုက်သွားဖြန်ဖြေသော်လည်း အရေးမရ သဖြင့် ဆရာတော်များကြွရောက်ဖြန်ဖြေစေ့စပ်ရသည်။ မကျန်းမမာဖြစ်နေသော နောင်တော်မင်းတရားကြီးသည် စလင်းမင်းသားနှင့် အပေါင်းပါတို့ကို ညီတော် သာယာဝတီမင်းသားအားပေးအပ်၍ ၁၁၉၉ ခုနှစ် ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့တွင်ထီးနန်းကိုပါ လွှဲအပ်လေသည်။ ယင်းသို့ ကုန်းဘောင်ရွှေဘိုမြို့မှနေ၍ မင်းအဖြစ်သို့ ရသောကြောင့် ကုန်းဘောင်မင်းဟူ၍လည်းကောင်း၊ရွှေဘိုမင်းဟူ၍ လည်းကောင်း တွင်ခြင်းဖြစ်သည်။
သာယာဝတီမင်းသည် ရွှေထီးရွှေနန်းကို သိမ်းမြန်းတော်မူပြီးလျှင် ၁၁၉၉ ခုနှစ်မှစ၍ အမရပူရမြို့ကိုပန်လည်ပြုပြင်၍ ၁၂ဝဝပြည့်နှစ်တွင် ပြောင်းရွှေ့ စံတော်မူသည်။ သက္ကရာဇ် ၁၂၀၆ခုနှစ်တွင် ဒုတိယမြို့တည်နန်းတည် သာယာဝတီမင်းသည် စိတ်လက်ဝေဒနာ မကျန်းမာကြောင်း သိသာသောအခါ မင်းတိုင်ပင် ပညာရှိအမတ်များက အမရပူရနေပြည်တော်မှ မြောက်အရပ်သို့ ယာယီပြောင်းရွှေ့စံတော်မူသင့်ကြောင်းလျှာက်ထားကြ၏။ မင်းတရားကြီး ယာယီစံမြန်းမည့်နေရာသည် အမရပူရနေပြည်တော်၏မြောက်အရပ်(၄မိုင်အကွာ) မတဲဒေးဝန်းအရပ်ဟုဆိုရာ ထိုနေရာတွင်လည်း စံနန်းတော်ကို ကြိုတင်ဆောက်လုပ်စေ၏။
ထို့နောက် စံနန်းတော်နှင့်အတူ အရပ်ရပ် အလုပ်အဆောင်တော် ပြီးပြည့်စုံသည်နှင့် သက္ကရာဇ် ၁၂၀၆ခုနှစ် နယုန်လဆန်း၇ရက်နေ့၊ ၂ချက်တီးကျော် အခါတော်နှင့်အတူ သာယာဝတီမင်းတရားကြီးလည်း မိဖုရားခေါင်ကြီးနှင့်အတူ ရတနာသုံးပါးနှင့် မင်းရုပ်တုတော်များကို ပူဇော်တော်မူ၍ နန်းဦးတွင် ရှေးမင်းအစဉ်အဆက် ကိုးကွယ်သည့် စူဠာမုနိ ရုပ်ရှင်တော်မြတ်ကိုပါ ပင့်ဆောင်ကာ မင်းတရားကြီးက လှည်းယာဉ်တော်၊ မိဖုရားခါင်ကြီးနှင့် သမီးတော်တို့က ဆင်တော်တွင်ရွှေစက်တော်တင်ပြီး မင်း မိဖုရား မင်းညီမင်းသားစော်ဘွားမြို့စား မှူးတော် မတ်တော်တပ်မှူး ဗိုလ်မှူးအပေါင်းနှင့် အမရပူရရာဇဌာနီရွှေနန်းတော်ကြီးမှ မတဲဒေးဝန်းစံနန်းတော်သို့ ထွက်တော်မူသည်။
ထိုသို့ သာယာဝတီမင်းတရားကြီး မတဲစံနန်းတော်တွင် စံတော်မူရာတွင် မင်းတရားကြီးနှင့် အတူ မင်းညီမင်းသား၊စော်ဘွား၊ မြို့စား၊ မှူးတော်မတ်တော်တို့ကိုလည်း ဝင်းခြံ အိမ်ရာနေရာ၊ တန်းအိမ်၊ လမ်းအိမ် အသီးသီးကိုလည်း ချထားပေးပြီး လိုက်ပါနေထိုင်စေခဲ့၏။ ထိုသို့ လိုက်ပါ ခစားကြသည့် မင်းညီမင်းသားများတွင် အိမ်ရှေ့စံ သားတော် ပုဂံမင်းသား၊ သားတော် မင်းတုန်းမင်းသား ကနောင်မင်းသားနှင့် ညီတော် ပုသိမ်မင်းနှင့် မကွေးမိဖုရားတို့၏ သား၊ တူတော် စိုင်ပြွန်မင်းသားတို့လည်း ပါဝင်သည်။ အကွက်နံပတ် ၅၄၆ မလွန်ခရေပင်ဝိုင်းကျောင်းနေရာတွင် ဘိုးတော်ဘုရားနှင့် စမ္ပယ်နဂိုမိဖုရား၏ သားတော် မလွန်မင်းသားကြီး၏ စံအိမ်နေရာဝင်းဖြစ်သည်။ သာယာဝတီမင်းကြီး၏ မတဲဒေးဝန်းစံနန်းတော် တည်ရှိရာနေရာမှာ ယခု ဓာတ်နန်းရပ်ဟုခေါ်တွင်ကြသည့် ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက် အကွက်နံပတ် ၂၅၆၊ ၂၅၇နေရာတွင် တည်ရှိခဲ့သည်ဟု သိရ၏။ ထို ဓာတ်နန်းတည်ရှိရာ မတဲဒေးဝန်းဟူသော အရပ်ကို ဘိုးတော်ဘုရားလက်ထက်က စစ်တမ်းတွင် သံပါတ်မြို့ဟု ရေးမှတ်ကြောင်း ဖတ်မှတ်ရပါ၏။
ထို့ပြင် သားတော်ကြီး အိမ်ရှေ့စံ ပုဂံမင်းသား စံနေသည့် အိမ်တော်နေရာမှာ ယခု အိမ်တော်ရာစေတီတော်နေရာ သီရိဟေမာအရှေ့ရပ်ကွက် အကွက် ၂၄၇နေရာဖြစ်ပြီး ထို ပုဂံမင်းစံအိမ်နေရာနှင့်တောင်ဘက် အကွက် ၂၄၈နေရာသည် တူတော် စိုင်ပြွန်မင်းသားကြီး စံအိမ်နေရာဖြစ်သည်။ သားတော် မင်းတုန်းမင်းသား စံအိမ်နေရာကလည်း ယခု သကျသီဟဘုရားတည်ရှိရာ အောင်နန်းရိပ်သာ အနောက်ရပ်ကွက် ၊ အကွက်နံပတ် ၂၅၈ တွင် တည်ရှိခဲ့ပါသည်။
ထို့ကြောင့် ထိုအရပ် ထိုဝင်း ထိုနေရာများကား မန္တလေးမတည်မီကတည်းက တည်ရှိခဲ့သည့် နေရာများ ဖြစ်ပါ၏။
#VOM #voiceofmyanmar #ဆူးငှက် #ဆောင်းပါး