ဇွန် ၂၂ – ၂၀၂၃
GG (VOM)
ပြည်တွင်း ဆန်စျေးနူန်းမြင့်တက်နေတဲ့အခြေအနေတွေကြောင့် နယ်စပ်ကနေ တရုတ်ကို ဆန်တင်ပို့မှု ကုန်သည်တွေရပ်နားထားရတယ်လို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။
လက်ရှိပြည်တွင်းမှာဖြစ်နေတဲ့ ဆန်စျေးနဲ့ တရုတ်ဘက်ကိုတင်ပို့ရောင်းချတဲ့အခါ တရုတ်ဘက်က ဝယ်ယူတဲ့ဆန်စျေးက ကွာဟမှုရှိနေတာကြောင့် တွက်ချေမကိုက်တဲ့အတွက် ဆန်တင်ပို့မှုကို ရပ်ထားကြတာ ဖြစ်တယ်လို့ သိရပါတယ်။
“ပြည်တွင်းဆန်စျေးက တအားတက်သွားတယ်၊ ဗမာပြည်ကစျေးက မြင့်နေတယ်၊အဲ့ဒီတော့ ဒီကဆန်ကို တရုတ်ကိုပို့မယ်လုပ်တော့ တရုတ်ဘက်ကပေးတဲ့စျေးနဲ့ ဘယ်လိုမှမကိုက်ညီဘူးဖြစ်နေတယ်။ဒါကြောင့်အကျိုးအမြတ်မရှိလို့ ကုန်သည်တွေက ဆန်တင်ပို့မှုကို ရပ်ထားတာပါ။ အရင်ကဆို တစ်ရက်ကို ကား၁၀ စီးအထက်လောက်သွားတယ်၊အခုကတော့ ၁စီးလောက်ပဲ ရှိတယ် “လို့ မူဆယ်နယ်စပ် ဆန်ကုန်သည်တစ်ဦးကပြောပါတယ်။
ဒါ့ကြောင့် လက်ရှိမှာ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ မူဆယ်-ကျင့်စန်းကျော့ နယ်စပ်ဂိတ်ကနေ တရုတ်ဘက်ကို ဆန်၊ဆန်ကွဲတင်ပို့မှုဟာ ရပ်တန့်လုနီးပါးအခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။
” ဆန်စျေးက အခုထက်တော့ ထပ်မတက်နိုင်ပါဘူး။ မိုးစပါးတွေလှိုင်လှိုင်ပေါ်လာပြီဆိုရင် စျေးတန်းကပြန်ကျပြီး ငြိမ်သွားနိုင်ပါတယ်။အခုနွေစပါးကျတော့ တစ်နိုင်ငံလုံးမစိုက်နိုင်တာလည်းပါတာပေါ့။စိုက်ပျိုးစရိတ်တွေကလည်းကြီးတော့ စပါးစျေးကတက်လာတယ်။စပါးစျေးတက်တော့ ဆန်စျေးကလည်းမြောက်လာတဲ့သဘောပဲ “လို့ ရန်ကုန်အခြေစိုက်၊ ဆန် ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းက ထုတ်ပြန်တဲ့ ဆန်စျေးနူန်းတွေအရ မနေ့ ဇွန်လ ၂၁ ရက်နေ့မှာ အနိမ့်ဆုံး ၂၄ ပြည်ဆန်တစ်အိတ်ကို ၆၂၅၀၀၀ ကျပ်ကစရှိပြီး ရွှေဘိုပေါ်ဆန်းမွှေး ၂၄ ပြည်တစ်အိတ်ကို ၁၁၀၀၀၀ ကျပ်ရှိပါတယ်။
ပြင်ပ ဆန်စျေးကွက်မှာတော့ ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်ကို ၁၃၀၀၀၀ အထက်အထိ စျေးနူန်းရှိပြီး အနိမ့်ဆုံးဆန်တစ်အိတ်ကို ၆၅၀၀၀ ကျပ် နဲ့ အထက်မှာရှိတယ်လို့ သိရပါတယ်။
စပါးစျေးကတော့ နွေစပါး တင်း ၁၀၀ ကို ၁၅၅၀၀၀၀ ကနေ စပြီး စပါးအမျိုအစားပေါ်မူတည်ပြီး စျေးနူန်းအပြောင်းအလဲရှိကာ ပြီးခဲ့တဲ့ မိုးစပါး အဟောင်းစျေးနူန်းကတော့ တင်း ၁၀၀ ကို ၁၉ သိန်းကနေ ၂၂ သိန်း အထက်မှာရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ကတော့ ဆန် စပါးစျေး တည်ငြိမ်အောင်ထိန်းဖို့ဆိုပြီး ဆွေးနွေးမှုတွေ၊ သိုလှောင်မှုစာရင်းတွေ၊ ဆန်ရောင်းချပေးတာတွေကို ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတာလည်းရှိပါတယ်။
#VOM #voiceofmyanmar #ဆန်စပါးစျေးကွက် #တရုတ်တင်ပို့မှုရပ်ဆိုင်းထား