ရခိုင်မှာ ကူညီထောက်ပံ့မှုတွေပြုလုပ်ခွင့်ပိတ်ထားတာကြောင့် ကူညီရေးလုပ်ငန်းတွေ ထိခိုက်နေတယ်လို့ UNOCHA က ထုတ်ပြန်

ဇွန် ၂၃ – ၂၀၂၃
GG (VOM)

ရခိုင်ပြည်နယ်ထဲကို လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်တွေကို တာဝန်ရှိသူတွေက လက်ရှိအချိန်အထိ ရပ်ထားဆဲဖြစ်တယ်လို့ UNOCHA Myanmar က မနေ့ ဇွန်လ ၂၂ ရက်နေ့ မှာ ထပ်မံအသိပေးထုတ်ပြန်လိုက်ပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေက လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေကို ထုတ်ပေးထားတဲ့ ခရီးသွားခွင့်ပြုမိန့်(TAs)တွေကို ဇွန်လ ၈ ရက်နေ့ကတည်းကနေ ဒီနေ့အထိ ယာယီဆိုင်းငံ့ထားပြီး လူမှုကယ်ဆယ်ရေးအကူအညီတွေ ဖြန့်ဝေခွင့်နဲ့ ဝင်ရောက်ကူညီခွင့်တွေ ကန့်သတ်ထားတာဖြစ်ကြောင်း၊ အခုလိုဝင်ရောင်ခွင့်ပိတ်ထားတဲ့အတွက် ကူညီရေးလုပ်ငန်းတွေလည်း ဆက်လက် လုပ်နိုင်ခြင်းမရှိဘဲ ထိခိုက်နေရတယ်လို့ UNOCHA myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလို ကူညီထောက်ပံ့ရေးပစ္စည်းတွေဖြန့်ဝေခွင့်ပိတ်ထားတယ်ဆိုတာနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ” အရင်ကတည်းက NGO သွားလာတာနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ရမယ်ဆိုတာရှိတယ်။နဂိုကတည်းက ဘယ်နေရာကိုသွားရင် ဘယ်လိုလုပ်ရတယ်ဆိုတာရှိတယ်။ကျနော်တို့ဆီ ညှိနိူင်းပေါင်းစပ်ရေးအဖွဲ့ခေါ်တာပေါ့ ရှိတယ်၊အဲ့ဒီညှိနိူင်းပေါင်းစပ်ရေးအဖွဲ့ကိုတရားဝင်ခွင့်ယူပြီးတော့မှ ဘယ်နေရာကိုသွားမယ် ဘာတွေဝေမယ်ပေါ့၊အဲ့ဒီလိုလုပ်ရတယ်၊အရင်ကတည်းကပေါ့။အခုက အဲ့ဒီလိုလုပ်ထားတာရှိပေမယ့်လည်း တချို့က အစိုးရကိုလှူတာ ပေးတာကမ်းတာတွေနဲ့ပတ်သက်ပြီး အစိုးရကိုဘာမှအသိမပေးဘဲ သူ့သဘောနဲ့သူသွားလုပ်နေကြတာကို ပြောတာဖြစ်မယ်။”လို့ ပြောပါတယ်။

လက်ရှိမှာ UNOCHA myanmar ကတော့ ရခိုင်ပြည်နယ်အတွင်း ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ ဆက်လက်လုပ်နိုင်ဖို့အတွက် နေပြည်တော်နဲ့ ပြည်နယ်အဆင့်ရှိတဲ့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း သွားလာခွင့် အပိတ်မခံရခင်က UNOCHAအနေနဲ့ လူပေါင်း ၃၈၀၀၀၀ အတွက် စားနပ်ရိက္ခာထောက်ပံ့ပေးခဲ့ပြီး လူပေါင်း ၁၄၄၀၀၀ ကျော်အတွက် အမိုးအကာနဲ့ တခြားလိုအပ်တဲ့ကယ်ဆယ်ရေးပစ္စည်းတွေ ပံ့ပိုးပေးခဲ့သလို လူဦးရေ ၁၂၅၀၀ အတွက်လည်း ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး ရခိုင်ပြည်နယ်ရဲ့ ဦးစားပေး ၈ မြို့နယ်က အသက် ၅နှစ်အောက်ကလေး ၇၀၀၀ ကျော်နဲ့ ပြုစုစောင့်ရှောက်ပေးသူ ၁၅၀၀ ကျော်အတွက်လည်း အစာအာဟာရအကူအညီတွေ ပံ့ပိုးခဲ့ကြောင်း၊ ပုဏ္ဍားကျွန်း၊စစ်တွေနဲ့ ရသေ့တောင် မြို့နယ်က ညစ်ညမ်းရေကန် ၇၀ ကိုလည်း သန့်ရှင်းပြီး ရေပြန်လည်ဖြည့်သွင်းတာတွေ ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ်ကို UNOCHA myanmar ရဲ့လူသားချင်းစာနာအကူအညီတွေ ဖြန့်ဝေခွင့်ကိုပိတ်ထားပေမယ့် ကျန်တဲ့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသတွင်း လူမှုကူညီရေးလုပ်ဆောင်သူတွေကတော့ ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA myanmarဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးရုံးရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းက အရေးပေါ်အခြေအနေတွေကို တုံ့ပြန်ဆောင်ရွက်နိုင်ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

နစက အနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ဒေသတွေမှာ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Photo Crd – Original Uploader
#VOM #voiceofmyanmar #ရခိုင် #ကူညီကယ်ဆယ်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW