VOM ရဲ့ တပတ်အတွင်း စီးပွားရေးသတင်းမြင်ကွင်း

– လျှပ်စစ်မီးကြောင့် ပြည်တွင်း စက်မှုကုန်ချောထုတ်လုပ်မှု စျေးကွက်အခြေအနေ ဘာတွေကြုံနေရလဲ

– ငွေလဲနှုန်း မတည်ငြိမ်မှုနဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေး အခက်အခဲ

– ပြည်တွင်းကားထုတ်လုပ်မှု မြင့်တက်လာတဲ့ ထိုင်းနိုင်ငံ

– တက်စ်လာလျှပ်စစ်ကားကုမ္ပဏီ အိန္ဒိယမှာ ရင်းနှီးမြုပ်နှံဖို့ ဘာတွေစီစဉ်နေသလဲ

– ခရီးသည်တင် Airbus အစင်းရေ ၅၀၀ စံချိန်တင်မှာယူလိုက်တဲ့ အင်ဒီဂိုလေကြောင်းလိုင်း

MSN (VOM)
၂၃-၆-၂၀၂၃

(၁) ပြည်တွင်း စက်မှုကုန်ချောထုတ်လုပ်မှု စျေးကွက်ပျက်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရ

ပြည်တွင်းက စက်မှုကုန်ချော ထုတ်လုပ်မှုအပိုင်းမှာ အခက်ခဲအမျိုးမျိုးကြောင့် ကုန်ကျစရိတ်တွေ မြင့်တက်လာပြီး ကုန်ပစ္စည်းတန်ဖိုးတွေ မြင့်တက်လျက်ရှိကာ စျေးကွက်ပျက်နိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စက်မှုကုန်ချောထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ကုန်ချောထုတ်လုပ်မှုအပိုင်းမှာ လျှပ်စစ်မီး အလုံအလောက်မရရှိခြင်း၊ ပြည်ပက ကုန်ကြမ်းတင်သွင်းမှုအပိုင်း ခက်ခဲခြင်း၊ မီးစက်တွေ အသုံးပြုရတဲ့အခါ ဒီဇယ်အလွယ်တကူ ဝယ်ယူလို့မရခြင်း စတဲ့ အခက်ခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

“ဒီအခက်အခဲတွေနဲ့ ပတ်သက်ပြီး အခုလ ပထမပတ်ကတည်းက နစကကို တင်ပြထားတယ်။ သုံးပတ်ကြာပြီ၊ ဘာမှမထူးသေးဘူး။ ကျွန်တော်တို့အနေနဲ့ စျေးကွက်မှာ ယှဉ်ပြိုင်ရောင်းချတဲ့အခါမှာ အခက်ခဲတွေရှိတယ်။ တချို့ လုပ်ငန်းအသေးလေးတွေက မရပ်တည်နိုင်တော့ဘူးလို့” လို့ ရန်ကုန်မြို့ရှိ စက်မှုကုန်ချော ထုတ်လုပ်သူတစ်ဦးက ပြောပါတယ်။

ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်ပြီး ကုန်ပစ္စည်းတန်ဖိုးတွေလည်း မြင့်တက်လာတာကြောင့် တရားမဝင် တင်သွင်း၊ ထုတ်လုပ်သူတွေနဲ့ စျေးကွက်ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

(၂)ငွေလဲနှုန်း မတည်ငြိမ်မှုနဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေး အခက်အခဲ

တရုတ်နယ်စပ် ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး နစက က အခုလမှစတင်ကာ ပို့ကုန်၊ သွင်းကုန် အားလုံးနီးပါးကို ယွမ်ငွေသာ အသုံးပြုရမယ်ဆိုတဲ့ ကြေညာချက်ကြောင့် လက်ရှိ ပြည်တွင်းကုန်သွယ်ရေးပိုင်းမှာ နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ မူဆယ်နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

သွင်းကုန်လိုင်စင် လျှောက်ထားရာမှာ ပို့ကုန်ရငွေမှဖြစ်စေ၊ ပြည်တွင်းဘဏ်မှဖြစ်စေ ဝယ်ယူရရှိထားတဲ့ ယွမ်ငွေရှိကြောင်း ငွေစာရင်းလက်ကျန် ဘဏ်အထောက်အထား တင်ပြရမယ်လို့ နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီက ဇွန် ၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

“အခုက ငွေကြေးစကားပြောရင် ကုန်သွယ်မှုမှာ နှစ်မျိုးပြောရတယ်။ ဗဟိုဘဏ်ကပေါက်စျေးက ဘယ်လောက်၊ အပြင်စျေးကဘယ်လောက်ဆိုပြီး ။ ယွမ်ပဲဖြစ်ဖြစ်၊ ဒေါ်လာပဲဖြစ်ဖြစ် တည်ငြိမ်နေရင် အလုပ်ကလုပ်လို့ရတယ်။ ငွေလဲလှယ်နှုန်းထား မငြိမ်ရင်တော့ နယ်စပ်ကုန်သွယ်ရေးက ခက်ခဲနေဦးမှာပဲ။ မြေပြင်အခြေနေကို မဖြေရှင်းဘဲ လတ်တလော ပေါ်လာတာတွေကို ထိုင်ဖြေရှင်းနေရင်တော့ အကုန်လုံး ကမောက်ကမ ဖြစ်နေမှာပဲ” လို့ နယ်စပ်ကုန်သည်ကြီးတစ်ဦးက ပြောပါတယ်။

လက်ရှိ ပြောင်းလဲလိုက်တဲ့စနစ်ဟာ ပို့ကုန်ဝင်ငွေရှိမှသာ သွင်းကုန်တင်သွင်းခွင့်ပြုတဲ့အပြင် ပို့ကုန်ရငွေကိုလည်း ဗဟိုဘဏ်သတ်မှတ်နှုန်းနဲ့ ဖြတ်ယူတဲ့အတွက် ကုန်သည်တွေအနေနဲ့ သွင်းကုန် တင်သွင်းရာမှာ လိုအပ်တဲ့ငွေကြေးကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ယူထားရတာကြောင့် ကုန်သွယ်မှုအပိုင်းမှာ ထိခိုက်လာနေတယ်လို့ သိရပါတယ်။

(၃) ထိုင်းနိုင်ငံရဲ့ ကားထုတ်လုပ်မှု ၁၆ ဒသမ ၄၈ ရာခိုင်နှုန်းမြင့်တက်လာ

ထိုင်းနိုင်ငံရဲ့ ကားထုတ်လုပ်မှုဟာ မေလမှာ ၁၆ ဒသမ ၄၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်က ဇွန် ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဧပြီလမှာ ၆ ဒသမ ၁၄ ရာခိုင်နှုန်းကျဆင်းပြီးနောက် ပြည်တွင်းကားရောင်းအားဟာ မေလမှာ သုည ဒသမ ၅၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ကားအစီးရေ ၆၅၀၈၈ တိုးလာခဲ့ပြီး ဒါဟာခြောက်လအတွင်း ပထမဆုံးအကြိမ် ထုတ်လုပ်မှုတိုးလာတာလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ တိုယိုတာ၊ ဟွန်ဒါအပါအ၀င် ကမ္ဘာ့ထိပ်တန်းကားကုမ္ပဏီတွေအတွက် ဒေသတွင်းကားထုတ်လုပ်ရေးနဲ့ ကားပို့ကုန်အခြေစိုက်ရာနဲ့ ရင်းနှီးမြုပ်နှံမှုတွေ တိုးပွားလာတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

ဒါ့အပြင် လျှပ်စစ်ကားထုတ်လုပ်ရေး လုပ်ငန်းနဲ့ ဒေသတွင်း လျှပ်စစ်ကားစျေးကွက်အတွက် အလားအလာရှိတာကြောင့် မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီကြီးတွေက ရင်းနှီးမြုပ်နှံဖို့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေကြပါတယ်။

(၄) တက်စ်လာလျှပ်စစ်ကားကုမ္ပဏီ အိန္ဒိယမှာ ရင်းနှီးမြုပ်နှံဖို့ ဘာတွေစီစဉ်နေသလဲ

တက်စ်လာအမှုဆောင်အရာရှိချုပ် အီလွန်မာ့ခ်က အိန္ဒိယနိုင်ငံမှာ လျှပ်စစ်ကားတွေထုတ်လုပ်ရေးအတွက် ရင်းနှီးမြုပ်နှံမှုတွေကို အမြန်ဆုံးလုပ်ဆောင်သွားမယ်လို့ အမေရိကန်ကို ရောက်ရှိနေတဲ့ အိန္ဒိယ၀န်ကြီးချုပ်မိုဒီနဲ့ တွေ့ဆုံရာမှာ ပြောဆိုလိုက်ပါတယ်။

အီလွန်မာ့ခ် လျှပ်စစ်ကားထုတ်လုပ်ရောင်းချရေးနဲ့ အာကာသနည်းပညာနယ်ပယ်မှာ ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းတွေအတွက် အိန္ဒိယအစိုးရက အီလွန်မာ့ခ်ကို ဖိတ်ခေါ်မှုတွေလုပ်ခဲ့တယ်လို့ သူကဆိုပါတယ်။

အဲဒီလိုရင်းနှီးမြုပ်နှံမှုတွေအတွက် သင့်လျော်တဲ့အချိန်ကာလကို စောင့်ဆိုင်းတွက်ချက်နေကြောင်း အီလွန်မာ့ခ်က ပြောပါတယ်။ ၀န်ကြီးချုပ်ဖြစ်တဲ့ မစ္စတာမိုဒီက အိန္ဒိယမှာ သိသာထင်ရှားတဲ့ ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်ဖို့ တွန်းအားပေးနေတာကြောင့် ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ ရည်ရွယ်ထားကြောင်း အီလွန်မာ့ခ်က ပြောပါတယ်။

တက်စ်လာဟာ အိန္ဒိယမှာ လျှပ်စစ်ကားစက်ရုံတည်ဆောက်ဖို့ စီစဉ်နေပြီး သူ့ရဲ့ SpaceX ရဲ့ Starlink ဂြိုဟ်တုအင်တာနက်၀န်ဆောင်မှုကိုလည်း အိန္ဒိယမှာ ဖြန့်ကြက်ပေးဖို့ အစီအစဉ်ရှိကြောင်း အီလွန်မာ့ခ်က ထုတ်ဖော်ပြောဆိုထားပါတယ်။

(၅) Airbus လေယာဉ် အစင်း ၅၀၀ ကျော်ကို အင်ဒီဂိုလေကြောင်းလိုင်း စံချိန်တင်မှာယူ

အိန္ဒိယနိုင်ငံရဲ့ အင်ဒီဂိုလေကြောင်းလိုင်းဟာ စီးပွားဖြစ်လေကြောင်းလိုင်းသမိုင်းတလျှောက်မှာ တကြိမ်တည်း၀ယ်ယူမှုအဖြစ် Airbus အေ ၃၂၀ လေယာဉ်အစင်း ၅၀၀ ကို စံချိန်တင်မှာယူခဲ့ပါတယ်။

ပါရီလေကြောင်းပြပွဲပထမနေ့ဖြစ်တဲ့ ဇွန် ၁၉ ရက်မှာကြေညာခဲ့တဲ့ အဆိုပါသဘောတူညီချက်ရဲ့ တန်ဖိုးကတော့ ပျှမ်းမျှဒေါ်လာ ၅၅ ဘီလီယံတန်ကြေးရှိပါတယ်။

အဲဒီလေယာဉ်တွေကို ၂၀၃၀ န့ တ၂၀၃၅ ခုနှစ်အတွင်း အင်ဒီဂိုလေကြောင်းလိုင်းက ရရှိမယ်လို့ မျှော်လင့်ရပါတယ်။ ။ အင်ဒီဂိုလေကြောင်းလိုင်းရဲ့ ပြိုင်ဘက် အဲအိန္ဒိယကလည်း Airbus နဲ့ Boeing တို့ဆီကနေ လေယာဉ်အစင်း ၄၇၀ ကို ဖေဖော်ဝါရီလမှာ မှာယူခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကြီးထွားလာတဲ့ လေကြောင်းပို့ဆောင်ရေးစျေးကွက်တခုဖြစ်လာပြီး လက်ရှိလေယာဉ်မှာယူမှုတွေဟာ ကပ်ရောဂါဖြစ်ပွားပြီးနောက် လေကြောင်းလိုင်းလုပ်ငန်းတွေ ပြန်လည်ကောင်းမွန်လာတဲ့ အရိပ်လက္ခဏာဖြစ်ပါတယ်။

လေကြောင်းလိုင်းတွေဟာ လေယာဉ်သစ်တွေအပေါ် ရင်းနှီးမြုပ်နှံ ၀ယ်ယူဖို့ စိတ်အားထက်သန် နေပေမယ့်လည်း လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတွေ လေယာဉ်တွေကို အလျင်အမြန်တည်ဆောက်ဖို့ ရုန်းကန်နေရပြီး ကပ်ရောဂါနောက်ဆက်တွဲ သက်ရောက်မှုတွေကြောင့် ထောက်ပံ့ရေးကွင်းဆက်တွေ ပြတ်တောက်နေဆဲဖြစ်ပါတယ်။

Ref: CNA/ Reuters
#voiceofmyanmar #VOM #တပတ်အတွင်းစီးပွားရေးသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW