VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ

– အာကာသထဲမှာ ဆီးနဲ့ ချွေးတွေကနေ ရေပြန်ထုတ်နိုင်ပြီဖြစ်ကြောင်း နာဆာကြေညာ
– အင်ဒိုနီးရှားမှာ Starlink ဂြိုဟ်တုအင်တာနက် ရရှိတော့မယ်
– အမိုးနီးယားစွမ်းအင်သုံး ကားအင်ဂျင် တရုတ်ကုမ္ပဏီဖန်တီး
– ပထမဆုံး အာကာသခရီးပို့ဆောင်ပေးတော့မယ့် ဗာဂျင်ဂလက်တစ် ကုမ္ပဏီ

မျိုးဆက်(VOM)
၂၈-၆-၂၀၂၃

(၁) အာကာသထဲမှာ ဆီးနဲ့ ချွေးတွေကနေ ရေပြန်ထုတ်ပြီဖြစ်ကြောင်း နာဆာကြေညာ
နိုင်ငံတကာ အာကာသစခန်းမှာရှိတဲ့ အာကာသယာဉ်မှူးတွေရဲ့ ဆီးနဲ့ချွေးတွေကနေ ရေပြန်လည်ထုတ်လုပ်မှု ၉၈ ရာခိုင်နှုန်းထိ အောင်မြင်ကြောင်း အမေရိကန်အာကာသအေဂျင်စီ(နာဆာ)က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
လကမ္ဘာ သို့မဟုတ် အင်္ဂါဂြိုဟ်လိုမျိုး ကမ္ဘာနဲ့အလွန်ဝေးတဲ့ အာကာသမစ်ရှင်တွေမှာ အာကာသယာဉ်မှူးတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေကို လုံလောက်အောင်စီမံခန့်ခွဲမှုဟာ စိန်ခေါ်မှုတရပ်ဖြစ်ပြီး လက်ရှိအောင်မြင်မှုက အာကာသနယ်ပယ်အတွက် အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ပါတယ်။
အာကာသထဲမှာ ရေပြန်လည်ရယူရေးအတွက် အာကာသယာဉ်မှူးတွေရဲ့ ဆီး၊ ချွေးနဲ့ အာကာသယာဉ်အတွင်းက အခြားသော အစိုဓါတ်အရင်းအမြစ်တွေကို စုဆောင်းအသုံးပြုပြီး ပြန်လည်ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီလိုထုတ်လုပ်ရာမှာ နာဆာဟာ ပတ်၀န်းကျင်ထိန်းချုပ်ရေးနဲ့ ကယ်တင်ရေးအထောက်အကူပြုစနစ်ကို အသုံးပြုခဲ့ပြီး အဆင့်မြင့် အစိုထိန်းစက်တွေ၊ ဆီးနဲ့ချွေးလိုမျိုး ပစ္စည်းသန့်စင်စက်တွေအပါအ၀င် ရေပြန်လည်ထုတ်ယူနိုင်တဲ့ စနစ်တွေပါ၀င်တယ်လို့ သိရပါတယ်။
ဒါဟာ သက်ရှိထောက်ပံ့ရေးစနစ်တွေရဲ့ ဆင့်ကဲဖြစ်စဉ်အတွက် အလွန်အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ပြီး အာကာယာဉ်ထဲမှာ ရေပေါင် ၁၀၀ သိုလှောင်ထားပြီး နှစ်ပေါင်ဆုံးရှုံးသွားခဲ့ပေမယ့် ကျန်တဲ့ ၉၈ ရာခိုင်နှုန်းကို ပြန်လည်သန့်စင်သုံးစွဲနိုင်ကြောင်း ဂျွန်ဆင်အာကသစင်တာမှ ခရစ်တိုဖာဘရောင်းက သုံးသပ်ပြောဆိုပါတယ်။

(၂) အင်ဒိုနီးရှားမှာ Starlink ဂြိုဟ်တုအင်တာနက် ရရှိတော့မယ်
SpaceX ကုမ္ပဏီဟာ အင်ဒိုနီးရှားနိုင်ငံအတွက် ဂြိုဟ်တုအင်တာနက်လွှင့်ပေးမယ့် ဆက်သွယ်ရေးဂြိုဟ်တုကို Falcon 9 ဒုံးပျံနဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းက လွှတ်တင်လိုက်ပြီဖြစ်ပါတယ်။
အဲဒီဆက်သွယ်ရေးဂြိုဟ်တုကို အမေရိကန်နိုင်ငံ ဖလော်ရီဒါမှာရှိတဲ့ ကိပ်ကာနီဗယ်အာကာသစခန်းကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး SpaceX ကုမ္ပဏီဟာ ယခုနှစ်အတွင်း ဂြိုဟ်တုလွှတ်တင်တဲ့ မစ်ရှင် ၄၀ ထိ လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ အင်ဒိုနီးရှားရဲ့ ဝေးလံခေါင်သီပြီး အင်တာနက်မရရှိသေးတဲ့ဒေသတွေမှာ တစ်စက္ကန့်ကိုမြန်နှုန်း 150 Gb ထိရရှိစေနိုင်မယ့် အင်ဒိုနီးရှားအစိုးရရဲ့ ဒေါ်လာသန်း ၅၅၀ ကုန်ကျမယ့်စီမံကိန်း တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။
အဲဒီ၀န်ဆောင်မှုကို ကျေးလက်ဒေသများအပြင် ပညာရေး၊ ကျန်းမာရေးနဲ့ အများသူငှာ အသုံးပြုနိုင်တဲ့နေရာတွေမှာလည်း ဝိုင်ဖိုင်စနစ်နဲ့ သီးသန့်ထားပေးသွားမယ်လို့ သိရပါတယ်။
SpaceX ကုမ္ပဏီဟာ လက်ရှိမှာတော့ ကမ္ဘာ့ပတ်လမ်းကြောင်းအနိမ့်ပိုင်းကနေ Starlink ဂြိုဟ်တု ၄၀၀၀ ကျော်လွှတ်တင်ပြီး ကမ္ဘာတစ်၀န်းက ဖောက်သည် ၁ ဒသမ ၅ သန်းအတွက် မြန်နှုန်းမြင့် ဂြိုဟ်တုအင်တာနက် ၀န်ဆောင်မှုပေးလျှက်ရှိပါတယ်။

(၃) အမိုးနီးယားစွမ်းအင်သုံး ကားအင်ဂျင် တရုတ်ကုမ္ပဏီဖန်တီး
တရုတ်နိုင်ငံအခြေစိုက် GAC ကုမ္ပဏီဟာ သဘာ၀ပတ်၀န်းကျင်နဲ့ သဟဇာတဖြစ်ပြီး မထိခိုက်စေတဲ့ လျှပ်စစ်ကားနဲ့ ဟိုက်ဒရိုဂျင်လောင်စာလိုမျိုး အမိုးနီယားစွမ်းအင်ကို အသုံးပြုနိုင်တဲ့ ကားအင်ဂျင်တမျိုးကို တီထွင်ဖန်တီးလိုက်ကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားပါတယ်။
အသစ်ထုတ်လုပ်လိုက်တဲ့ ကားအင်ဂျင်အတွက် အဓိကစွမ်းအင်အရင်းအမြစ်အဖြစ် ကာဗွန်ထုတ်လုပ်ခြင်းမရှိဘဲ အလွယ်တကူရရှိနိုင်တဲ့ အမိုးနီးယားကို အသုံးပြုထားပြီး သမားရိုးကျစွမ်းအင်အသုံးပြုမှုတွေထက် သဘာ၀ပတ်၀န်းကျင်ကို မထိခိုက်စေတဲ့ နည်းပညာခြေလှမ်းတရပ်ဖြစ်ပါတယ်။
GAC ကုမ္ပဏီရဲ့အဆိုအရ အမိုးနီးယားဟာ အခြားလောင်စာတွေထက် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုကို ၉၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပြီး လျှပ်စစ်ဓါတ်အား ၁၂၀ ကီလို၀ပ်ထုတ်လုပ်နိုင်တဲ့ အမိုးနီးယားအရည်ကို ဘေးကင်းထိရောက်စွာ အသုံးပြုမောင်းနှင်နိုင်တဲ့ နည်းပညာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
အမိုးနီးယားကို လောင်စာအရင်းအမြစ်အဖြစ် အသုံးပြုရာမှာ ရှုတ်ထွေးမှုတွေကြောင့် ခရီးသည်တင်ကားတွေထက် ထရပ်ကားတွေနဲ့ သယ်ယူပို့ဆောင်ရေးတွေမှာ အများဆုံးအသုံးပြုဖို့ ရည်ရွယ်ထားကြောင်း GAC ကပြောပါတယ်။
အမိုးနီးယားဟာ ဂရုတစိုက် သိုလှောင်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဝေမှုဆိုင်ရာ အခြေခံအဆောက်အအုံတွေ လိုအပ်တဲ့ အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်းတမျိုးဖြစ်ပါတယ်။

(၄)ပထမဆုံး အာကာသခရီးပို့ဆောင်ပေးတော့မယ့် ဗာဂျင်ဂလက်တစ် ကုမ္ပဏီ
သန်းကြွယ်သူဌေး ရစ်ချက်ဘရန်ဆန်ရဲ့ ဗာဂျင်ဂလက်တစ် ကုမ္ပဏီဟာ ယခုလ ၂၉ ရက်မှာ သူ့ရဲ့ ပထမဆုံးသော ပုဂ္ဂလိက အာကာသခရီးစဉ်ကို ပို့ဆောင်ပေးသွားမယ်လို့ ကြေညာလိုက်ပါတယ်။
Galactic 01 လို့အမည်ပေးထားတဲ့ အဲဒီအာကာသခရီးစဉ်ကို အမေရိကန်နိုင်ငံ နယူးမက္ကဆီမှာရှိတဲ့ အာကာသစခန်းကနေ လွှတ်တင်ဖို့ စီစဉ်ထားကြောင်း ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာကာသခရီးသွားမယ့် ဗာဂျင်ကလက်တစ်ရဲ့ ယာဉ်မှာ VMS Eve လို့ခေါ်တဲ့ အာကာသယာဉ်ကိုသယ်ဆောင်ယာဉ်နဲ့ VSS Unity လို့ခေါ်တဲ့ အာကာသယာဉ်ဆိုပြီး ယူနစ်နှစ်ခုပါ၀င်ကာ အာကာသယာဉ်မှူး လေးဦးက ထိန်းချုပ်မောင်းနှင်မှာဖြစ်ပါတယ်။
ကုမ္ပဏီရဲ့ ပထမဆုံးအာကာသခရီးစဉ်မှာတော့ အီတလီအမျိုးသား သုတေသနကောင်စီမှ အင်ဂျင်နီယာတစ်ဦး၊ အီတလီလေတပ်က နှစ်ဦးနဲ့ ဗာဂျင်ကလက်တစ်က အာကာသယာဉ်မှူးနည်းပြတဦးတို့ လိုက်ပါမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ခရီးသည်တွေအနေနဲ့ မိနစ် ၉၀ ကြာပျံသန်းမှုအတွင်း အာကာမြင်ကွင်းတွေကို ကြည့်ရှုခံစားရမယ့်အပြင် ဆွဲငင်အားမဲ့အခြေအနေတွေကိုလည်း မိနစ်အနည်းငယ်ကြာ ကြုံတွေ့ခံစားရမှာဖြစ်ကာ ဒုတိယမြောက် အာကာသခရီးစဉ်ကိုတော့ သြဂုတ်လမှာ စီစဉ်ထားကြောင်း သိရပါတယ်။

Ref:IE/ Bloomberg
#voiceofmyanmar #VOM #သိပ္ပံနဲ့နည်းပညာကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW