ဇူလိူင် ၆ – ၂၀၂၃
GG (VOM)
သွင်းကုန် လုပ်ငန်းရှင်တွေအနေနဲ့ လိုင်စင် ရပြီးမှသာ Import တင်သွင်းဖို့နဲ့ လိုင်စင်မရမီ တင်သွင်းလာတဲ့ပစ္စည်းတွေကို ငွေလွှဲခွင့်မပြုဘူးလို့ ဗဟိုဘဏ်က အသိပေးလိုက်ပါတယ်။
ဒါ့အပြင် သွင်းကုန်အတွက် Advanced Payment TT စနစ်နဲ့ ငွေပေးချေခြင်းကို ခွင့်မပြုကြောင်း၊ ထူးခြားတဲ့ အကြောင်းအရာရှိတဲ့ သွင်းကုန်အတွက် ငွေချေဖို့ မဖြစ်မနေလိုအပ်လို့ တင်ပြလာရင် Case by Case တင်ပြပြီးခွင့်ပြုချက်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။
နောက်ပြီး လိုင်စင်ခွင့်ပြုရက်စွဲ၊ သင်္ဘောတင်ရက်စွဲနဲ့ ID ရက်စွဲကိုလည်း တိုက်ဆိုင်စစ်ဆေးဖို့ ၊ License Date ဟာ ID Date ထက် နောက်ကျနေတဲ့ ကိစ္စဆိုရင်လည်း တင်ပြခြင်းမပြုဖို့ဆိုပြီး စာမှာ အသိပေးထားပါတယ်။
အခုလို ဗဟိုဘဏ် ထုတ်ပြန်မှုနဲ့ပတ်သက်ပြီး သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက” ID ထွက်ထား License ပြထားရင် ငွေလွှဲခွင့် ပေးကို ပေးရမှာပါ ၊အခုတော့ တင်ဖို့ ခက်ခဲ ၊ ပစ္စည်းရောက်လာပြီး လိုင်စင်မကျလို့ ခက်ခဲရမယ်၊ ပစ္စည်းမရမက ခဲရာခဲဆစ် ထုတ်ရမယ် ၊ ငွေလွှဲတော့ ၆လ ကျော်သွားရင် ဒုက္ခရောက်အုံးမယ် ၊ နောက်ဆုံး ဗဟိုဘဏ်က ID မရှင်းရင် စီးပွားကူးသန်းကိုပို့မယ် ၊ သွင်းကုန် လိုင်စင် ပိတ်သိမ်းမယ်၊ နောက်တော့ စုံစမ်းစစ်ဆေးရေးက ပါလာမယ်”လို့ ပြောပါတယ်။
ဗဟိုဘဏ်ကတော့ လိုင်စင်ကုန်စည်ဖြစ်စေ၊ Non License ကုန်စည်ဖြစ်စေ ID သက်တမ်း ၆ လ ထက်ကျော်တဲ့ကိစ္စရပ်ကို တင်ပြခြင်းမပြုဖို့ ၊တင်ပြတဲ့ ID ဟာ လိုင်စင်ရရှိပြီး ၃ လအတွင်း ID ဖြစ်မဖြစ် စိစစ်ဖို့ ၊ ၃ လ ထက်ပိုပါက လိုင်စင်သက်တမ်းတိုးထားခြင်း ရှိမရှိကို စိစစ်မှာဖြစ်တယ်လို့ သိရပါတယ်။
“စာအရဆိုရင် လိုင်စင်ရပြီးရင်တောင် ငွေလွဲလို့မရသေးဘဲ ပစ္စည်းထုတ်ID ရပီးမှ ငွေလွဲလို့ရမယ့် သဘောဖြစ်နေတယ်။ဆိုတော့မဖြစ်မနေ ငွေချေရမယ့်ကိစ္စရှိရင်လည်း Case by Case စဥ်းစားပေးမယ်ဆိုတော့ ကိုယ်လွှဲမယ့် ဘဏ်မှာ စာကိုဘယ်လိုတင်ရမလဲ စုံစမ်းကြည့်ရမယ့်အခြေအနေပါ။ အခြေအနေက စောင့်ကြည့်ပြီးမှသေချာသိရမယ့်သဘောဖြစ်နေပါတယ်။၆ လ ကျော်သွားတဲ့ ID တွေ တင်ပြခြင်းမပြုဖို့ပါတယ်ဆိုတော့ တကယ်လို့ ဘာကြောင့် ကျော်သွားရတာလည်းဆိုတဲ့ အကြောင်းပြချက်ခိုင်မာရင်ရော ငွေပေးလွှဲမှာလားဆိုတာ မသိတော့ပါဘူး ။ “လို့ နောက်ထပ်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်တုန်းကလည်း ကုန်သွယ်ရေးဦးစီးဌာနက မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကနေ မြန်မာနိုင်ငံထဲကို တင်သွင်းနေတဲ့ သွင်းကုန်လုပ်ငန်းအားလုံးကို လာမယ့်ဩဂုတ်လ ၁ ရက်နေ့ကစပြီး ဘဏ်စနစ်နဲ့သာ ဆောင်ရွက်ရမယ်လို့ အသိပေးခဲ့ပါတယ်။
ပစ္စည်းတင်သွင်းတဲ့အခါ ပြင်ပကနေ ဝယ်ယူလဲလှယ်ထားတဲ့ငွေကြေးတွေကို ခွင့်မပြုတော့တဲ့အပြင် ပြည်တွင်းကနေ ပို့ကုန်တင်ပို့ပြီး ရတဲ့ ပို့ကုန်ဝင်ငွေ နဲ့ အခြားဝင်ငွေတွေ၊ ပြည်တွင်းဘဏ်တွေကနေ ဝယ်ယူရရှိထားတဲ့ ငွေစာရင်းလက်ကျန်(ယွမ်ငွေ)ပမာဏကိုသာ အသုံးပြုပြီး တရုတ်ဘက်ကနေ ပစ္စည်းတင်သွင်းရမှာဖြစ်သလို ဘဏ်စာရင်းထဲမှာရှိတဲ့ ငွေပမာထက် ကျော်တဲ့ပမာဏကိုလည်း တင်သွင်းခွင့်မပြုဘူးလို့ စည်းကမ်းချက်တွေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
နောက်ပြီး ပြီးခဲ့တဲ့မေလထဲမှာလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက” ကုန်သွယ်မှုလိုငွေ မဖြစ်ပေါ် ဖို့ဆိုပြီး ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့ ကုန်ပစ္စည်း ကို တတ်နိုင်သမျှ ပြည်ပကနေ မတင်သွင်းဖို့နဲ့ အမှန်တကယ် ပြည်တွင်းမှာ မထုတ်လုပ်နိုင်တဲ့ ကုန်ပစ္စည်းကိုသာ စိစစ်ပြီးတင်သွင်းဖို့ဆိုပြီး အသိပေးစာထုတ်ပြန်ခဲ့ပါသေးတယ်။
သွင်းကုန်ပစ္စည်းတွေတင်သွင်းမှုနဲ့ပတ်သက်ပြီး ဆက်တိုက်ဆိုသလို အခုလို စည်းကမ်းချက်တွေကြောင့် တင်သွင်းသူ(Importer)တွေ အခက်အခဲတွေနဲ့ရင်ဆိုင်နေရကြောင်းနဲ့ သွင်းကုန်တွေကို တင်းကျပ်မှုက စျေးနူန်းတွေကို မြင့်တက်လာစေနိုင်တယ်လို့ တင်သွင်းသူ(Importer)တွေက သုံးသပ်ပြောဆိုကြပါတယ်။
Photo Crd – Orginal Uploader
#voiceofmyanmar #VOM #သွင်းကုန်လုပ်ငန်းရှင် #အခက်အခဲ