စစ်ကိုင်းတိုင်းမှာ ပြန်ပေးဆွဲ ဖမ်းဆီးမှုနဲ့ လုယက်ဓားပြတိုက်တာတွေကြောင့် ဒေသခံအများစု နေရပ်စွန့်ခွာတာတွေ ရှိလာ

သြဂုတ် ၊ ၅ ၊ ၂၀၂၃
SP(VOM)

စစ်ကိုင်းတိုင်းထဲက မြို့ကြီးတွေနဲ့ ကျေးရွာတွေမှာ ပြန်ပေးဆွဲ ဖမ်းဆီးခံရတာနဲ့ ဓားပြတိုက် လုယက်ခံရတဲ့ဖြစ်စဥ်တွေ များလာတာကြောင့် ဒေသခံ စီးပွားရေးလုပ်ငန်းရှင်အများစုဟာ နေရပ်စွန့်ခွာ ပြောင်းရွှေ့သွားကြတာ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ရက်ပိုင်းက မုံရွာမြို့ပေါ်မှာ နေ့တိုင်းလိုလို လူပြန်ပေးဆွဲတာတွေ ဆက်တိုက်ဖြစ်ပွားတယ် ၊ အိုးဘိုတောင်ရပ်ကွက်က ကြည်စတား ကုန်စုံဆိုင် ပိုင်ရှင် ၊ ပြည်တော်သာရပ်ကွက်က အိမ်ခြံမြေအကျိုးဆောင် စီးပွားရေးလုပ်ငန်းရှင် ၃ ဦး ၊ နန္ဒဝန်ရပ်ကွက်က အိမ်ဝန်းခြံမြေ ပွဲစား ၂ ဦး ၊ အခုလ (သြဂုတ် ၂ ရက်) မနက် ၁၁ နာရီ ဝန်းကျင်ကလည်း မြို့သစ်ရပ်ကွက်ထဲက စိန်ရတီ ကုန်စုံဆိုင်ပိုင်ရှင် စတဲ့သူတွေ ပြန်ပေးဆွဲ ဖမ်းဆီးခံရတယ် ၊ အဲ့ဒီလို အဖမ်းခံရပြီးနောက် ပိုက်ဆံနဲ့ လူကိုပြန်ရွေးရတယ် ၊ သိန်း ထောင်ချီနဲ့ ပြန်ရွေးရတဲ့ လူတွေပါသလို ၊ တချို့လည် သိန်း ရာဂဏန်းလောက်နဲ့ ပြန်လွတ်သူတွေရှိတယ် ၊ မုံရွာမြို့ပေါ်မှာ အဲ့ဒီလို ပြန်ပေးဆွဲ ဖမ်းဆီးခံရတဲ့ ဖြစ်စဥ်ပေါင်း ၂၀ ကျော်ရှိတယ် “လို့ မုံရွာမြို့ခံ တယောက်က ပြောပါတယ်။

အဲ့ဒီလိုဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး မုံရွာခရိုင်လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” မြို့ပေါ်က လုပ်ငန်းရှင်တွေ ပြန်ပေးဆွဲခံရတယ်လို့ ကြားရတာတော့ရှိတယ် ၊ အရင်နေ့က မြို့သစ်ရပ်ကွက်ထဲက စိန်ရတီ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ဆွေဆွေဝင်း ဖမ်းဆီးခံရတဲ့အချိန် သူ့ပတ်ဝန်းကျင်က အချိန်မီ သက်ဆိုင်ရာကို အကြောင်းကြားတယ် ၊ လုံခြုံရေးအဖွဲ့က လိုက်လံရှင်းလင်းတဲ့အခါ အထိအခိုက်မရှိ ဒေါ်ဆွေဆွေဝင်းကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး ပြန်ပေးဆွဲသူ ၁ ဦးကို အသေဖမ်းမိတယ် ၊ အဲ့ဒါကြောင့် လူပြန်ပေးဆွဲခံရတယ်ဆိုရင် ပတ်ဝန်းကျင်က သက်ဆိုင်ရာကိုအချိန်မီ အကြောင်းကြားပေးဖို့ လိုတယ် ၊ တချို့က ကာယကံ မိသားစုလည်း အကြောင်းကြားတာမရှိသလို ရဲစခန်းကိုလာပြီး အမှုဖွင့်တိုင်တန်းတာ မရှိဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် မုံရွာမြို့ခံ ကုန်သည်ပွဲစား စီးပွားရေး လုပ်ငန်းရှင်တယောက်က ” ကြားရတာကတော့ မုံရွာမြို့ပေါ်မှာ လူပြန်ပေးဆွဲခံရတာ ၂၀ ကျော်ရှိတယ် ၊ နောက်ပြီး လုယက်မှုနဲ့ ဓားပြမှုက တစ်ရာကျော်မယ် ၊ အဲ့ဒီ ဓားပြမှုတွေမှာ မြို့ပေါ်က ရွှေဆိုင်တွေ ပါသလို ၊ ရပ်ကွက်တွေထဲက လူနေအိမ်တွေလည်းပါတယ် “လို့ ပြောပါတယ်။

အဲ့ဒီလို လူပြန်ပေးဆွဲ ဖမ်းဆီးခံရတာနဲ့ လုယက် ဓားမြတိုက်ခံရတာတွေဟာ ၊ အင်းတော် ၊ ဗန်းမောက် ၊ ကောလင်း ၊ ဝန်းသို ၊ ပင်လည်ဘူး ၊ ကန့်ဘလူ ၊ ခင်ဦး ၊ရေဦး ၊ တန့်ဆည် ၊ ထီးချိုင့် ၊ ရွှေဘို ၊ ဝက်လက် ၊ ပုလဲ ၊ မုံရွာ ၊ အရာတော် စတဲ့ မြို့နယ်တွေမှာ ဖြစ်ပွားခဲ့ပြီး အဲ့ဒီ ဒေသတွေက လုပ်ငန်းရှင်းတွေဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်တိုင်းထဲက မြို့ကြီးတွေနဲ့ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်စလို့ ပြန်ပေးဆွဲ ဖမ်းဆီးမှု ၁၈၀ နဲ့ လုယက် ဓားပြတိုက်မှု နှစ်ရာကျော် ဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM # စစ်ကိုင်းတိုင်း #ပြန်ပေးဆွဲဖမ်းဆီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW