ရန်ကုန် -မော်လမြိုင်ကားလမ်းပေါ် ရေကျော်နေလို့ မော်တော်ယာဉ်ဖြတ်သန်းခွင့် ယာယီပိတ်

သြဂုတ် ၉-၂၀၂၃
MM(VOM)

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ် ရေကျော်နေပြီး ရေစီးကြမ်းနေတာကြောင့် ဒီနေ့ သြဂုတ် ၉ ရက် မနက်ပိုင်းကစတင်ကာ မော်တော်ယာဉ်တွေကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်လိုက်ပြီလို့ ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

”ဒီနေ့ မနက် ရေက ထပ်တက်လာတယ်၊ ရေကတရိပ်ရိပ်တက်လာတာ၊ ရေစီးက တော်တော်သန်နေတယ်၊ ပြောရမယ်ဆို ဖြတ်သွားရင်အန္တရာယ်ရှိမယ်၊ ဘီးလင်းမြို့ ရွှေရောင်ပြကျေးရွာ၊ ကျုံအိတ်တံတား နေရာ၊ မစောတံတားနေရာနဲ့ ဘီးလင်းမြို့အရက်ချက်စက်ရုံလမ်းဆုံနေရာအနီးကားလမ်းပေါ် ရေကျော်နေတယ်၊ ဒီလိုအခြေအနေကြောင့် ယာယီဖြတ်သွားခွင့်ပိတ်လိုက်တာပါ၊ ယာဉ်မျိုးစုံ ရာနဲ့ချီပိတ်မိနေတယ်၊ ဘီးလင်းမြို့ဘက်နဲ့ သထုံဘက်က တက်လာရင် မစောတံတားထိပ်နေရာကနေ မော်တော်ယာဉ်တွေ ဖြတ်သန်းခွင့်ကို ပိတ်ထားတာ။”လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။

ကားလမ်းပိတ်ထားတဲ့ကိစ္စနဲ့ပတ်သက်လို့ ကားသမားတစ်ဦးက ”မနေ့က မဖြတ်ရဲလို့ မသွားတာ ၊ ဒီနေ့ဘရေကျရင် သွားဖို့လုပ်ထားတာ၊ မနေ့ကတောင် အခုလောက် ရေမတက်ဖူး ၊ ရေစီးလည်း မကြမ်းဖူး ၊ အခုက တော်တော် ရေစီး ကြမ်းနေတာ ၊ကားလမ်းဖြတ်ကျော်ပြီး ပို့ရမယ့် ကုန်ပစ္စည်းတွေက မနည်းဘူး၊ ကုန်ကားတွေ ကယ်ဆယ်ရေးကားတွေ ပိတ်နေတာ၊ ကားလမ်း ပိတ်ထားတဲ့နေရာမှာ လုံခြုံရေးတွေ စောင့်နေတာတွေ့ရတယ်၊ အန္တရာယ်ရှိတယ်လို့လည်း ပြောနေတယ်၊ လမ်းပိတ်ထားလို့ ကိုယ့်အတွက် တစ်ရက်စ နှစ်ရက်စ အခက်အခဲ မရှိပေမယ့် ကုန်စည်ပြတ်တောက်မယ့်အခြေအနေတော့ ရှိနေတယ်။”လို့ ပြောပါတယ်။

ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်က စတင်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ရေကြီး ရေလျှံတာတွေ ထပ်မံဖြစ်ပေါ်လာတာလို့ သိရပါတယ်။

ဒါ့အပြင် ရေကြီးရေလျှံမှုတွေကြောင့် ရပ်ကွက်နဲ့ ကျေးရွာ၂၅ ခုခန့် ရေနစ်မြုပ်နေပြီး လူဦးရေ ၇၀၀၀ နီးပါးကို ရေဘေးလွတ်ရာ စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ စတဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ထားရှိ စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။

ဒီနေ့ မနက် (၆) နာရီခွဲအချိန် တိုင်းတာချက်များအရ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေအမှတ် ၁၀၂၂ စင်တီမီတာရဲ့အထက် ၁၀၉၅ စင်တီမီတာကို ရောက်ရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုနှစ်ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်ကလည်း မွန်ပြည်နယ်မှာ အဆက်မပြတ် ရွာသွန်းနေတဲ့မိုးဒဏ်ကြောင့် ရေးကြီးရေလျှံမှုတွေဖြစ်ပွားကာ တစ်နေ့တည်း ကလေးငယ် ၃ယောက်နဲ့ လူကြီး ၁ ယောက် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သေးတယ်လို့ရပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၉ ရက်မှာ နှစ်ပေါင်း ၇၀ အတွင်း မိုးရေချိန် စံချိန်သစ်နဲ့မုဒုံမြို့မှာလည်းနှစ်ပေါင်း ၄၂ နှစ်အတွင်း မိုးရေစံချိန်သစ်တွေတင်တဲ့အထိ မိုးတွေရွာသွန်းခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားချက်အရ သိရပါတယ်။

Photo Credit – Kyaw Kyaw
#voiceofmyanmar #VOM #ဘီးလင်း #ကားလမ်းရေကျော် #ယာယီလမ်းပိတ်ထားမှု

Related posts

Leave a Comment

VOM News

FREE
VIEW