ရွှေဈေး၊ ဘတ်ဈေးနဲ့ ဒေါ်လာဈေး စံချိန်တင် မြင့်တက်လာ

ဩဂုတ် ၁၀ – ၂၀၂၃
SN (VOM)

ဒီနေ့ ဩဂုတ် ၉ရက် နေ့လယ်ပိုင်းကစလို့ ပြင်ပဈေးကွက်မှာ ရွှေစျေး၊ ဘတ်ဈေးနဲ့ ဒေါ်လာဈေး စံချိန်တင် မြင့်တက်လာတယ်လို့ ရွှေကုန်သည်နဲ့ ‌နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတွေဆီက သိရပါတယ်။

“အခေါက်ရွှေကတော့ အရင်ကတည်းက အရောင်းအဝယ် သိပ်မရှိတာပါ။ အခုက ၁၅ ပဲရည်အရောင်းပဲ ရှိတယ်။ ၁၅ ပဲရည်ကတော့ ၃၅၀၅၀၀၀ ကျပ်နဲ့ ရောင်းပါတယ်”လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပြင်ပရွှေဈေးဟာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၅ သိန်းဝန်းကျင်၊ ကန်ဒေါ်လာလဲနှုန်း ၃၄၀၀ ဝန်းကျင်၊ ထိုင်းဘတ် ၉၈ ကျပ်ဝန်းကျင်နဲ့ အမြင့်ဈေးတန်းမှာ ငြိမ်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကနေ့မှာတော့ အခေါက်ရွှေ တစ်ကျပ်သား ရောင်းဈေး ၃၇၂၀၀၀၀ ကျပ်၊ ဝယ်ဈေး ၃၆၇၀၀၀၀ ကျပ်ဝန်းကျင်၊ ကန်ဒေါ်လာလဲနှုန်း ရောင်းဈေး ၃၅၁၀ ကျပ်၊ ဝယ်ဈေး ၃၄၆၀ ကျပ်၊ ထိုင်းဘတ်ငွေဈေး ကျပ်ပေး-ဘတ်ယူ ကျပ်တစ်သိန်း ၁၀၁၀ ဘတ်၊ ဘတ်ပေး-ကျပ်ယူ ကျပ်တစ်သိန်း ၁၀၃၀ ဘတ် ဈေးတန်းကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

“လက်ရှိ ငွေဈေးအပြောင်းအလဲက ရာသီဥတုကြောင့် မြေပြင်ကုန်စည်ပို့ဆောင်ရေး ခရီးလမ်းတွေ ယာယီအခက်အခဲဖြစ်သွားတာနဲ့လည်း ဆက်စပ်နေမယ်လို့ ထင်တယ်။ ဘတ်ဈေးက ၁၀၀၀ ကျော်သွားပြီ၊ ဒေါ်လာဈေးကလည်း ၃၅၀၀ ကို ရောက်သွားတယ်ဆိုတော့ အခြေအနေက ပိုဆိုးတဲ့ဘက်ကို ရောက်နေတာလို့ ပြောလို့ရတယ်။ အခုက ဈေးက မငြိမ်သေးဘူး။ အခြေအနေ ဘယ်လိုလာဦးမလဲ မသိသေးဘူး။ အဲ့ဒီတော့ ရောင်းသမား၊ ဝယ်သမားတွေအနေနဲ့ မြေပြင်ဈေး အရင်စုံစမ်းပြီးမှ အလုပ် လုပ်စေချင်တယ်။ အခု အခြေအနေက ဘာမှန်းမသိသေးဘူး”လို့ မြဝတီနယ်စပ် ကုန်သည်တစ်ဦးက ပြောပါတယ်။

ဒီနေ့ဖြစ်ပေါ်နေတဲ့ ဈေးတန်းဟာ ငွေစက္ကူအသစ်ထုတ်ဝေမယ်လို့ ထုတ်ပြန်ခဲ့ချိန်က ခုန်တက်ခဲ့တဲ့ဈေးတန်းထက် ပိုများနေတာဖြစ်ပြီး ဈေးနှုန်း အတက်အကျ များနေချိန်ဖြစ်တဲ့အတွက် အရောင်းအဝယ် သတိထားသင့်တဲ့ အနေအထားဖြစ်တယ်လို့ ဈေးကွက်လေ့လာနေသူတွေက အကြံပြုထားကြပါတယ်။

နစကအနေနဲ့ ကုန်စျေးနှုန်းတည်ငြိမ်ရေး ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့ “ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ” ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး ကုန်ဈေးနှုန်းထိန်းချုပ်ဖို့ ဆောင်ရွက်နေပေမယ့်လည်း လက်ရှိ ပြည်တွင်းကုန်စျေးနှုန်းတွေဟာ ကော်မတီဖွဲ့စည်းပြီးနောက်မှာမှ ပိုမို မြင့်တက်လျက်ရှိနေတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

#voiceofmyanmar #VOM #ရွှေ၊ဘတ်၊ဒေါ်လာ #စံချိန်တင်မြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW