VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ

– လကမ္ဘာပေါ်မှာ ရေရှာဖို့ စူးစမ်းလေ့လာရေးယာဉ် ရုရှားစေလွှတ်
– ကပ်ရောဂါတွေကို ကြိုတင်ခန့်မှန်းနိုင်တော့မယ့် AI နည်းပညာသစ်
– မျက်နှာပြင်နည်းပညာသစ်နဲ့ Xiaomi Mix Fold3 ကြေညာတော့မယ်

မျိုးဆက်(VOM)

(၁) လကမ္ဘာပေါ်မှာ ရေရှာဖို့ စူးစမ်းလေ့လာရေးယာဉ် ရုရှားစေလွှတ်
ရုရှားအာကာသအေဂျင်စီဟာ ရေခဲတွေရှိနေနိုင်တယ်လို့ ယူဆရတဲ့ လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းမှာ စူးစမ်းလေ့လာဖို့အတွက် ၄၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂြိုဟ်ဆင်းယာဉ် စေလွှတ်လိုက်ပါတယ်။

ဒါဟာ ရုရှားအတွက် ၁၉၇၆ ခုနှစ်နောက်ပိုင်း ပထမဆုံးသော လကမ္ဘာမစ်ရှင်ဖြစ်ပြီး အိန္ဒိယနိုင်ငံကလည်း ချန်ဒရီယန်-၃ လဆင်းယာဉ်ကို ပြီးခဲ့တဲ့လက လွှတ်တင်ခဲ့ပြီး လပေါ်မှာ ရေရှာဖွေနိုင်မယ့် လေ့လာမှုတွေပြုဖို့ ရည်မှန်းထားပါတယ်။

ရုရှားဟာ မော်စကိုမြို့အရှေ့ဘက် ၃၄၅၀ မိုင်အကွာရှိ လွှတ်တင်ရေးစခန်းကနေ Luna-25 ဂြိုဟ်ဆင်းယာဉ်ကို တင်ဆောင်ထားတဲ့ ဆိုယုဇ်ဒုံးပျံကို သြဂုတ် ၁၀ ရက် မနက်ဒေသစံတော်ချိန် ၂ နာရီ ၁၁ မိနစ်မှာ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

လွှတ်တင်ပြီး တနာရီအကြာမှာတော့ အာကာသယာဉ်ဟာ ကမ္ဘာပတ်လမ်းကနေ လကမ္ဘာဆီကို ဦးတည်ပျံသန်းနေပြီး လကမ္ဘာပေါ်ကို သြဂုတ် ၂၃ ရက်မှာ ဆင်းသက်နိုင်မယ်လို့ ကနဦးက ထုတ်ပြန်ထားပေမယ့် လာမယ့် သြဂုတ် ၂၁ ရက်မှာ ဆင်းသက်နိုင်မယ်လို့ ရုရှားအာကသအေဂျင်စီအကြီးအကဲ ယူရီဘော်ရီဆော့ဗ်က ပြောပါတယ်။

ကားအသေးစားစီးအရွယ်ရှိတဲ့ ရုရှားရဲ့ Luna-25 ဂြိုဟ်ဆင်းယာဉ်ဟာ မကြာသေးမီနှစ်တွေအတွင်း နာဆာအပါအဝင် အခြားသောအာကာသအေဂျင်စီတွေက သိပ္ပံပညာရှင်တွေ ခန့်မှန်းထားသလို လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းမှာ ရေရှိမရှိ တနှစ်ကြာစူးစမ်းလေ့လာမှုတွေပြုလုပ်သွားမယ်လို့ ရုရှားအာကာသအေဂျင်စီက ထုတ်ပြန်ထားပါတယ်။

(၂) ကပ်ရောဂါတွေကို ကြိုတင်ခန့်မှန်းနိုင်တော့မယ့် AI နည်းပညာသစ်

ကမ္ဘာပေါ်မှာ နောက်ထပ်ကပ်ရောဂါတွေနဲ့ပတ်သက်ပြီး ကြိုတင်တွက်ချက် သတိပေးနိုင်မယ့် ဉာဏ်ရည်တုနည်းပညာ(AI) သစ်တမျိုးကို တီထွင်ဖန်တီးလိုက်ကြောင်း သုတေသီတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

EWAD လို့အမည်ရတဲ့ အဲဒီ AI နည်းပညာဟာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ပတ်သက်ပြီး ဗိုင်းရပ်စ်ဆင့်ကဲပြောင်းလဲနိုင်ခြေတွေ၊ မျိုးကွဲတွေထွက်ပေါ်လာတာကအစ နှာခေါင်းစည်းတပ်ဆင်တာနဲ့ ခပ်ခွာခွာနေရေးစည်းမျဉ်းတွေကြောင့် ကပ်ရောဂါအပေါ် သက်ရောက်နိုင်ခြေတွေကအစ မှန်ကန်စွာ ခန့်မှန်းတွက်ချက်နိုင်ခဲ့တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒါကြောင့် ဒီ AI နည်းပညာဟာ နောက်ထပ် ကပ်ရောဂါဖြစ်လာနိုင်ခြေရှိတဲ့ ဗိုင်းရပ်စ်တွေရဲ့ ဘေးအန္တရာယ် ၊ ဆင့်ကဲပြောင်းလဲနိုင်ခြေနဲ့ ကပ်ရောဂါတခုဖြစ်လာနိုင်မလားဆိုတာတွေကို ခန့်မှန်းပေးနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

ကမ္ဘာပေါ်မှာ နောက်ထပ်ကပ်ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေ ပေါ်ပေါက်လာနိုင်ကြောင်း ဆေးဘက်ဆိုင်ရာ ပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေက သတိပေးထားပြီး EWAD AI နည်းပညာကတော့ ကပ်ရောဂါနဲ့ပတ်သက်ပြီး အစောပိုင်း သတိပေးချက်တွေပေးနိုင်မယ်လို့ ဆိုပါတယ်။

ဒီလိုသတိပေးချက်တွေအရ ဗိုင်းရပ်စ်တစ်မျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ်ရောဂါလို့ မသတ်မှတ်မီ ဗိုင်းရပ်စ်တွေရဲ့ ခြိမ်းခြောက်နိုင်မှုနဲ့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေအတွက် ကြိုတင်ပြင်ဆင်နိုင်လိမ့်မယ်လို့ သုတေသီတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

(၃) မျက်နှာပြင်နည်းပညာသစ်နဲ့ Xiaomi Mix Fold3 ကြေညာတော့မယ်

တရုတ်အခြေစိုက် Xiaomi ကုမ္ပဏီဟာ လပေါင်းများစွာ သတင်းထွက်ပေါ်နေတဲ့ Mix Fold3 ကွေးညွှတ်စမတ်ဖုန်းသစ်ကို လာမယ့်သြဂုတ် ၁၄ ရက်မှာ ကြေညာမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

Xiaomi Mix Fold3 စမတ်ဖုန်းသစ်ဟာ မျက်နှာပြင်နည်းပညာဆိုင်ရာ စံနှုန်းသစ်လို့ ကုမ္ပဏီက ထုတ်ပြန်ထားတဲ့ ပိုစတာမှာ ဖော်ပြထားပြီး အလွန်ပါးလွှာတဲ့ဒီဇိုင်းနဲ့ ထွက်ပေါ်လာဖွယ်ရှိနေပါတယ်။

အဲဒီစမတ်ဖုန်းသစ်ဟာ ဒီတိုင်းမျက်နှာပြင်ကို ဖြန့်ထားရင် ၄ ဒသမ ၉၃ မီလီမီတာအထူသာရှိပြီး မျက်နှာပြင်နှစ်ခုခေါက်လိုက်ရင်တော့ ၉ ဒသမ ၈ မီလီမီတာရှိပါတယ်။ ဒါဟာ ဖြန့်ထားရင် ၅ ဒသမ ၄ မီလီမီတာရှိပြီး ခေါက်ထားရင် ၁၁ ဒသမ ၂ မီလီမီတာရှိတဲ့ Xiaomi Mix Fold2 ထက်ပိုမိုပါးလွှာတဲ့ ဒီဇိုင်းဖြစ်ပါတယ်။

လက်ရှိ မျက်နှာပြင်အပါးလွှာဆုံးဒီဇိုင်းလို့ သတ်မှတ်ခံထားရတဲ့ Honor Magic V2 ကတော့ ဖြန့်ထားချိန်မှာ ၄ ဒသမ ၇ မီလီမီတာနဲ့ ခေါက်ထားချိန်မှာ ၉ ဒသမ ၉ မီလီမီတာရှိပြီး အလျားလိုက် ကွေးညွှတ်ခေါက်သိမ်းနိုင်တဲ့ Xiaomi Mix Fold3 ဟာ အကြိမ်ရေငါးသိန်းထိ ခေါက်သိမ်းနိုင်ကြောင်း စမ်းသပ်ပြီးဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

ကွေးညွှတ်စမတ်ဖုန်းဈေးကွက်မှာ Samsung ၊ LG ၊ Huawei နဲ့Xiaomi အပြင် အခြားသော စမတ်ဖုန်းနည်းပညာကုမ္ပဏီတွေက မျက်နှာပြင်တီထွင်ဆန်းသစ်မှုတွေနဲ့ ပတ်သက်ပြီးဦးဆောင်နိုင်ဖို့ အပြိုင်အဆိုင် အားထုတ်ကြိုးပမ်းနေကြပါတယ်။

Ref:IE/Reuters
#voiceofmyanmar#VOM #science #technology

Related posts

Leave a Comment

VOM News

FREE
VIEW