ဗဟိုဘဏ်က နိုင်ငံခြားငွေတွေ ထုတ်ရောင်းနေပေမယ့် အလွယ်တကူ ဝယ်လို့မရ ဖြစ်နေတယ်လို့ သိရ

ဩဂုတ် ၁၅ – ၂၀၂၃
SN (VOM)

ပြည်ပသွားမယ့်သူတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေတွေ နေ့စဉ် ထုတ်ရောင်းနေပေမယ့် အလွယ်တကူ ဝယ်ယူလို့မရဘဲဖြစ်နေတယ်လို့ နိုင်ငံခြားငွေကြေးနဲ့အလုပ်လုပ်နေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဗဟိုဘဏ်အနေနဲ့ ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်မယ့်သူတွေ၊ ဆေးကုသဖို့ သွားရောက်မယ့်သူတွေနဲ့ ပညာသင် သွားရောက်မယ့်သူတွေအတွက် အသေးသုံး နိုင်ငံခြားငွေ ငွေသားဆောင်ယူသွားနိုင်ဖို့ ပျမ်းမျှ ငွေလဲနှုန်းအပေါ်မူတည်ပြီး အမေရိကန်တစ်ဒေါ်လာ ၂၅၀၀ ကျပ်မှ ၂၆၀၀ ကျပ်အတွင်း၊ ထိုင်းဘတ် ၁ ဘတ်ကို ၇၅ ကျပ်မှ ၈၅ ကျပ်အတွင်း ရောင်းချပေးနေတယ်လို့ သိရပါတယ်။

“လက်တွေ့ အခြေအနေမှာတော့ သူတို့ထုတ်ပြန်ထားတဲ့ စာထဲကအတိုင်း မဟုတ်တာတော့ အသေအချာပဲ။ သူတို့ရောင်းပေးတယ်ဆိုတဲ့ နေရာတွေမှာ တကယ်တမ်းသွားမေးရင် ယုန်ကလေးနှာစေးနေတယ်။ တချို့‌ဘဏ်တွေဆို အဲ့ဒီ့အတွက်ဖွင့်ထားတဲ့ ကောင်တာကိုတောင် ပိတ်ထားတယ်”လို့ ဗဟန်းမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

ဗဟိုဘဏ်ကတော့ အသေးသုံး နိုင်ငံခြားငွေရောင်းချမှုကို အခု ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်မှာစတင်ခဲ့တာဖြစ်ပြီး AD လိုင်စင်ရဘဏ်တွေရဲ့ Money Changer Counter တွေမှာ တစ်ဦးကို အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့်၊ အဲ့ဒီ့နှုန်းထားနဲ့ညီမျှတဲ့ နိုင်ငံခြားငွေကို ရောင်းချပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

“တကယ်လိုလို့ သွားဝယ်ရင် ၃၀၀ ၊ ၅၀၀ မပြောနဲ့၊ ၁၀၀ တောင် မနည်းဝယ်ရတာ။ တချို့နေရာတွေဆို မရှိဘူး၊ မရောင်းဘူးနဲ့။ သူတို့ကသာ ဘယ်လောက် ရောင်းထားတယ်နဲ့ပြောနေတာ။ ဘယ်သူတွေက ဝယ်လို့ရသွားမှန်းတော့ မသိဘူး။ ကျွန်မဆို ဟိုတစ်နေ့က သွားဝယ်တာ၊ သူတို့ ပြောထားတာတော့ တစ်ယောက်ကို ၃၀၀ ၊ ၅၀၀ ။ တကယ်တမ်းကျတော့ ၁၀၀ ရအောင်တောင် မနည်းဝယ်ခဲ့ရတယ်” လို့ ဒေါပုံမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

ဗဟိုဘဏ်အနေနဲ့ အခု အစီအစဉ်စတင်တဲ့ မေလ ၃၁ ရက်မှ သြဂုတ်လ ၁၀ ရက်အထိ နှစ်လကျော်ကာလအတွင်း လူဦးရေ ၂,၆ဝ၃ ဦးကို အမေရိကန်ဒေါ်လာ ၇၈၉,၈၀၆ အား လည်းကောင်း၊ လူဦးရေ ၃၀၁
ဦးကို ထိုင်းဘတ် ၂,၄၅၄,၅၅၀ အား လည်းကောင်း၊ လူဦးရေ ၂၇ ဦးထံကို စင်္ကာပူဒေါ်လာ ၉,၈၆၁ အား လည်းကောင်း၊ လူဦးရေ ၂၀ ဦးကို မလေးရှားရင်းဂစ် ၁၆,၇၃၈
လည်းကောင်း၊ လူဦးရေ ၅ ဦးကို ယူရို ၁,၄၅၀ အားလည်းကောင်း ရောင်းချပေးခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“တကယ့်တကယ် ဆေးသွားကုဖို့ဆို ဒေါ်လာ ၅၀၀ က ဘာမှလုပ်မရပါဘူး။ ကျောင်းတက်ဖို့လည်း ဘာမှ လုပ်မရဘူး။ ဒေါ်လာက မြန်မာငွေသာများတာ၊ သူများငွေက နှစ်ရက်စာပဲရှိတယ်။ ပြီးတော့ ဗဟိုဘဏ် သတ်မှတ်ဈေးနဲ့ ရောင်းပေးတာလည်းမဟုတ်ဘူး။ သူတို့ကိုယ်တိုင်တောင် သူတို့သတ်မှတ်ထားတဲ့ဈေးနဲ့ ရောင်းမပေးနိုင်တာ။ သူများတွေကိုကျ အရေးယူနေသေးတယ်” လို့ စီးပွားရေးလေ့လာစောင့်ကြည့်သူတဦးက ပြောပါတယ်။

အခု အစီအစဉ်မှာ CB Bank PCL (CB)၊ ကမ္ဘောဇဘဏ်လီမိတက် (KBZ)၊ AYA Bank PCL (AYA)၊ ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်လီမိတက် (Abank)၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက် (MAB)၊ ရိုးမဘဏ်လီမိတက် (Yoma)၊ ယူအေဘီဘဏ်လီမိတက် (uab)၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် (AGD)၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက် (MOB)၊ ကမ္ဘာ့ရတနာဘဏ်လီမိတက် (GTB)၊ ထွန်းကော်မာရှယ်ဘဏ်လီမိတက် (TCB)၊ ရွှေ (ကျေးလက်နှင့် မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက် (Shwe)၊ ပထမပုဂ္ဂလိကဘဏ်လီမိတက် (FPB)၊ အင်းဝဘဏ်လီမိတက် (Innwa)၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက် (MCB) တို့မှ ပါဝင်ရောင်းချပေးလျက်ရှိပြီး ဝယ်ယူရရှိနိုင်တဲ့ ကောင်တာတွေကို သက်ဆိုင်ရာဘဏ်ရဲ့ ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ကြေညာပေးထားတယ်လို့ သိရပါတယ်။

Photo Crd -Original Uploader
#voiceofmyanmar #VOM #နိုင်ငံခြားငွေ #အလွယ်တကူဝယ်ယူမရ

Related posts

Leave a Comment

VOM News

FREE
VIEW