ဘေးမသန်း အေးချမ်းသော အလင်းဆိုင်

ဆူးငှက်
 
အခုလို ကာလ ည ၁၀နာရီ မကျော်မီ အိမ်တွင်းအောင်းနေရချိန်တွင် လူ့သဘာဝအတိုင်း လွတ်လွတ်လပ်လပ် နေရစဉ်ကာလက အမှတ်တရလေးတွေကို သတိရမိပါသည်။ အထူးသဖြင့် အလင်းဆိုင်ဟုခေါ်သည့် ညအလင်းပေါက် ဖွင့်လှစ်သည့် လက်ဖက်ရည်ဆိုင်တွင် သန်းခေါင်သန်လွဲကာလ လွတ်လပ်အေးချမ်းစွာ စားသောက်ခဲ့ရသည့် အတွေ့အကြုံများကို ထူးထူးခြားခြား သတိရနေမိပါ၏။ အခုအတိတ်ရုပ်ပုံလွှာကို တဖျပ်ဖျပ်သတိရချိန်တွင် ထို အဖြစ်အပျက်များ၏နောက်ခံကားချပ် ပုံရိပ်တွေက မျက်စေ့အောက်တွင်ပင် အပြောင်းလဲကြီးပြောင်းလဲနေတာ သတိထားမိတော့သည်။ ကုန်လွန်ခဲ့သည့် နှစ်၃၀၀န်းကျင်ကာလ ၁၉၉၅ ဝန်းကျင်က…။
 
××××× ×××××
 
“ပက်စီတစ်လုံး”
အသံကြားလို့ ဖျတ်ခနဲမာ့ကြည့်လိုက်တော့ မျက်နှာချင်းဆိုင်မှာ သူမ ဝင်ထိုင်သည်။ လောလောလတ်လတ် လိမ်းထားသော သနပ်ခါးက ခပ်ကြမ်းကြမ်း စုတ်ချက်များနှင့်တူ၏။ သူမသည် တီရှပ်ဟောင်းတစ်ထည်ပေါ်မှ ယောကျ်ားဝတ် ရှပ်အင်္ကျီတစ်ထည်ကို လျှိုဝတ်ထားသည်။ လွယ်အိတ်တစ်လုံးကို စလွယ်သိုင်း လွယ်ထား၏။ ကျွန်တော်က ထမင်းကြော်တစ်ဇွန်းကို ကော်စားလိုက်သည်။ အခွံများဖြင့် ပွစာကြဲနေသော စားပွဲပေါ်မှ ကြက်သွန်ဖြူဥ တစ်စိတ်တလေရှိလေမလားဟု လက်ဖြင့်လျှောက်စမ်းမိ၏။ ဟင်းချိုမှုန့်ကို စေတနာဗလပွဖြင့် ထည့်ကြာ်ထားသဖြင့် ချိုရဲရဲ အရသာက ပါးစပ်ထဲမှာ စွဲနေသည်။
ကျွန်တော်သည် သတိတရရှိစွာဖြင့် လက်ဖက်ရည် ဖန်စိမ့်တစ်ခွက်ကို မှာလိုက်သည်။ ပက်စီသောက်နေသော သူမသည် စုပ်တံကျူရိုးမှတစ်ဆင့် ပက်စီ ရည်ညိုများကို အငမ်းမရ။ တစ်ဖက်စားပွဲတွင် ဖဲဝိုင်းတစ်ဝိုင်းမှ ထလာပုံရသော လူတစ်စုသည် အချဉ် တစ်ကောင်၊ သို့မဟုတ် နှစ်ကောင်၊ သို့မဟုတ် တစ်ဝိုင်းလုံး မိလာပုံရသည်။ တဝါးဝါး ပွဲကျပြီး စားစရာသောက်စရာများ အလုအယက် အပြိုင်အဆိုင် မှာနေကြ၏။ ဆိုက်ကာတစ်စီး ဆိုက်လာသည်။ လူတစ်ယောက် ဆင်းလာသည်။ လက်ဖက်ရည်တစ်ခွက်မှာ၏။ ကျွန်တော့်ရှေ့မှ သူမကို လှမ်းကြည့်သည်။ “ကိုစိုးရ မလာသေးဘူးလား” ဟု သူမကို လှမ်းမေးသည်။ သူမခေါင်းရမ်းသည်။ ခဏနေတာ့ ဈေးကားတစ်စီး ၂၈လမ်းထဲ ချိုးဝင်လာ၏။ ခွေးတစ်ကောင် တကိန်ကိန် ညည်းတွားနေသည်။ ကွမ်းယာသည်က ခေါင်းတငြိမ့်ငြိမ့် ဒူးတနန့်နန့် လှုပ်ရင်း သီချင်းတစ်ပုဒ် ညည်းတွားလျက်။ လက်ဖက်ရည်ဖျော်ခုံမှ “တီးဆရာ”က အခန်းကျဉ်းလေးထဲ ဝင်သွားပြီး အိုးမည်းဗလပွနှင့် အိုးကြီး မ,လာကာ ဒယ်အိုးကြီးထဲ ထမင်းတွလောင်းထည့်သည်။
သံယောက်မကြီးနှင့် အထက်,အောက် မွှေ၏။ လှန်၏။ ထိုးဆွ၏။ သူလုပ်နေပုံက ထမင်းကြော်နေသည်နှင့် မတူ။ အနာဟောင်းတစ်ခုအား ထိုးဆွနေသည်နှင့်တူ၏။ သို့သော် ကျွန်တော် သည် ထိုထမင်းကြော် ချိုရဲရဲကိုပင် ညစဉ် စားရသည်။
 
အလင်းပေါက် အလုပ်လုပ်ရသော ညများတွင် သန်းခေါင်ကျော် နာရီပြန် တစ်ချက်လောက်၌ နေ့ပိုင်း၌ပါ ပင်ပန်းသောဒဏ်များကြောင့် ငိုက်မျဉ်းစပြုလာ၏။ ညဉ့်ဦးယံက စားသောက်ဖြည့်တင်းခဲ့သော ညစာကလည်းပျာက်ဆုံးသွားချ၏။ ထိုအခါ လုပ်ဖော်ကိုင်ဖက်အားလုံးသည် ထိုဆိုင်ကလေးဆီကိုပဲ အာရုံ ရကြတော့သည်။ ဆိုင်ကလေးက ၈၄လမ်းနှင့်၂၈လမ်းထောင့်မှာရှိသည်။ ကျွန်တော်သည် ၈၄လမ်းနှင့်၂၈လမ်းထောင့်ကို နေ့လယ်ပိုင်းများ၌ မည်သည့်အခါမျှ သတိ မရသော်လည်း ညအခါ၌ ထိုနေရာပတ်ဝန်းကျင်တွင် စိတ်ဝင်စားမိသည်။ သို့မဟုတ် ပျော်မွေ့မိသည်။ ထိုအချိန်ရောက်မှ ထိုနေရာကို သတိထားမိ၏။ လက်ဖက်ရည်ဆိုင်ကလေး၏ မျက်နှာချင်းဆိုင်တွင် ဈေးချိုတော်ရုံဟောင်းကြီးများအား ဖျက်သိမ်းထားသည့် ကွက်လပ်ကြီးရှိသည်။ ကွက်လပ်ကြီး၏ ဟိုအနောက်ဘက်တွင် အဆင့်မြင့်ဈေးချိုတော်ရုံသစ်ကြီးကို လှမ်းမြင်ရသည်။ဈေး ဝရန်တာတစ်လျှောက် မီးများ
ထွန်းညှိထား၏။ တချို့နေရာက မီးလုံးကျွမ်းသောကြာင့် သို့မဟုတ် မီးလုံးမရှိသောကြောင့် အလင်းမရှိ…။
ဈေးချိုကွက်လပ်ကြီးကတော့ လမ်းမီးရောင်တချို့ကို မမျှမတ ခံယူထားသည်။ သည်ကွက်လပ်ကြီး၏ ပဟေဠိကို မန္တလေးသားတိုင်း စိတ်ဝင်စားကြသည်။ သည်ကွက်လပ်ကြီးမှာ မြောက်ဘက်ကလို အဆင့်မြင့်ဈေးသစ်ကြီး
ဖြစ်မှာလား။ သို့မဟုတ် ဟော်တယ်ကြီးဖြစ်မှာလား။ စင်ကာပူလား၊ တရုတ်လား၊ အမျိုးမျိုး မှန်းဆနေကြ၏။
မိုးတွင်းမှာတော့ ရေအိုင်ကွက်ကြီးတွေရှိလို့ ကလေးတွေ ရေကူးကြသည်။ ညနေစောင်းမှာ L ရုံ သမံတလင်းဟောင်း၌ ပိုက်ကျော်ခြင်း ကစား၏။ ကွက်လပ်ကြီး၏ အရှေ့ဘက်နှင့်တောင်ဘက်မှာ ကုန်ပစ္စည်းကြာ်ငြာဆိုင်း ဘုတ်ကြီးတွေ ရှိသည်။ ဆိုင်းဘုတ်ကြီးတွအောက်၌ မှောင်ရိပ်များက ညစဉ်ညတိုင်း တွယ်ကပ်နေ၏။
 
လက်ဖက်ရည်ဆိုင်ထဲက ပက်စီသောက်သော သနပ်ခါးဘဲကြားနှင့် သူမရော အဲသည် ဆိုင်းဘုတ်ကြီးတွေ အောက် ရောက်ဖူးသလား။ ကျွန်တော်သည် မန္တလေး၏ ၈၄လမ်းသို့မဟုတ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကို မည်သို့ပင်လျှင် ၂၂စီလမ်းက စတင်သည်ဆိုစေကာမူ နာရီစင်ဈေးချိုမှ စသည်ဟုပဲ စိတ်ထဲမှာ စွဲမှတ်နေသည်။ ယခင်က ဈေးချိုရှိ ၈၄လမ်းမကြီး အလယ်ခေါင်တွင် ကုက္ကိုပင်ကြီးတွေ ရှိခဲ့ဖူးသတဲ့။ သို့သော် ကျွန်တော်မမှတ်မိ။ အခုတော့ ဈေးချိုရှေ့က ၈၄လမ်းမကြီးပေါ်တွင် သံဇကာကြီးများလည်း ရှိပါသည်။ လူကူးဂုံးကျော်တံတားလည်း ရှိပါသည်။
 
နာရီစင်၏မြောက်ဘက် ၈၄လမ်းမပေါ် (၂၅/၂၆ဝလမ်းကြားမှာတော့ ယခင်က နာမည်ကျော် ဗန္ဓုလသင်္ကန်း တိုက်ကြီး ရှိ၏။ ဦးဆိုင်၏ ဗန္ဓုလသင်္ကန်း သည် ၁၃ဝဝပြည့်နှစ်လောက်ဆီက ပေါ်ပေါက်ခဲ့ပါသည်။ သင်္ကန်းတိုက်ကြီပေါ်မှာ ယခင်က ဆင်းကားစက် အလုံး၁ဝဝကျော်နှင့် သင်္ကန်းများ ချုပ်သည်။ ထို့ပြင် နဘဲကြူးရပ်မှာ အရှေ့ပြင် နန်းရှေ့မှာလည်း သင်္ကန်းချုပ်သော အလုပ်ရုံခွဲတွေ ရှိဖူးသည်။ ဦးဆိုင်၏ ဗန္ဓုလသင်္ကန်းသည် ဝိနည်းနှင့်လည်းညီ ဟော်လန် ပိတ်အုပ်ကိုလည်း သုံး၊ ဆေးရောင်လည်းမှန်၊ ခိုင်လည်းခိုင်သောကြောင့် သံဃာတော်တိုင်းက လက်မလွတ် စတမ်း သုံးစွဲကြလေ၏။ ထိုခေတ်က ဗန္ဓုလသင်္ကန်း နာမည်ကျော်ပုံမှာဖြင့် လေဘာတီမမြရင်၏ “အလှူ့ဒကာ” သီချင်း၌ပင် ယခုကဲ့သို့ စပ်ဆိုထားပါသည်။
 
“မေးနေစရာ လိုမယ်မထင် မယ်ရင်မပြောဘဲ သဘောက အကုန်လုံးလင်၊ သူ့တွေ့မှာ ဆုံမယ်လေ အလှူပေးတဲ့ရက် မနက်က မလာဘူးရှင်၊ ဗန္ဓုလသင်္ကန်းဆိုင်တွင် သူကိုယ်တိုင်ပဲဝင် လူမြင်မှာရှက်လို့တော် ရေစက်ချတောင် ခဏမလာပေါင်ရှင်”
 
တကယ်တော့ ၈၄လမ်းမကြီးသည် ဈေးချိုတော်ကြီး၏ ဖွားဖက်တော်ဖြစ်၏။ ဈေးချိုဆိုသည်မှာ ယခင်က “ဈေးကြို”ဖြစ်ကြောင်း၊ တည်ဆောက်သော ခုနှစ်မှာ “အုတ် ကာ သွပ် မိုး” “၁၂၆၅”ဖြစ်ကြောင်း၊ အီတာလျံမင်းသား ဗိသုကာ ကောင့်ကာလာတတီဖြစ်ကြောင်း အထူးတလည်တော့ ပြောစရာမလိုတော့ပြီ။ ထိုဈေးချိုတော် အဆောက်အအုံကြီးလည်း ယခုအခါ မရှိတော့။ ဤသို့ဖြင့် ကြာလျှင် မေ့ကြရုံပဲပေါ့။
 
ဟုတ်သည် ၁၆-၆-၉၁နေ့က အုတ်မြစ်ချတည်ဆောက်သော လက်ရှိဈေးချိုတော် အဆင့်မြင့်ရုံသစ်ကြီးကိုပဲ ယနေ့မြင်နေကြရပြီ မဟုတ်လား။ ထိုဈေးချိုအဆင့်မြင့်ရုံသစ်ကြီးသည် အလျား ၃၆၈ ပေ၊ အနံ ၄၆၄ပင့် ၆လက်မတိတိ ရှိသတဲ့။ အလယ်ရုံကြီး ၆ထပ်နှင့် ဘေး ၇ ရုံ ၄ထပ်ရှိသတဲ့။ အရှေ့ဘက်က ၄ထပ်တိုက်တန်းကြီးကလည်း ၁၉၉၁ခုနှစ်မှာ ဖွင့်သတဲ့။ အလျား ၄၉၂ပေ၊ အနံ ၄၈ပေ ၆လက်မ ရှိသတဲ့။ ထိုကိန်းဂဏန်းများကိုပဲ ကျွန်တော်တို့ မှတ်သားမိသည်။
 
အရင်ကတော့ အရှေ့ဘက်က တိုက်တန်းဟောင်းကြီးကို တိုက်တန်းကြီးဟု ခေါ်၏။ ယခု မြို့တော်ခန်းမ၂ တည်ဆောက်ထားသည့်နေရာတွင် ရှိခဲ့ဖူးသော တိုက်တန်းကို တိုက်တန်းလေးဟု ခေါ်ခဲ့ဖူးသည်။ တိုက်တန်းကြီးတွင် မနော်ဟရီသွေးဆေး ရှိဖူးသည်။ ခေတ်ဆန်းပရိဘောဂ ရှိဖူး သည်။ နဂါးနီပိုးထည်တိုက် ရှိဖူးသည်။ တြိဘောဂစတိုးရှိသည်။ ဗမာ့ ကုန်စုံပွဲရုံရှိသည်။ စာပေသဘင်ရှိသည်။ ဖွာဇူလာနန်ဂျီ ပန်းကန်ဆိုင်ကြီးရှိသည်။ တိုက်တန်းကြီး သုံးခန်းတွဲကို တွဲ၍ ဖွင့်လှစ်ထား၏။ ထို့ပြင် ဦးစမူသား ကိုစု စာရေးကိရိယာဆိုင်လည်း ရှိသည်။
ဈေးချိုတော်ကြီး၏မြောက်နား ၈၄ လမ်းမကြီး၏အရှေ့ဘက် ၂၄နှင့် ၂၅ လမ်း ကြားတွင် ဓားတန်းဝင်း ဆိုတာရှိသည်။ ထို ဓားတန်းဝင်းကလည်း ဈေးချိုတော်နှင့်အတူ ၈၄လမ်းနှင့်အတူ ထင်ရှားကျော်ကြားသည်။ ယခင်က ဆိုင်းတန်းဧရာဝတီစာရေးကြီး ဦးမြသိန်းအိမ်မှာ စတည်းချစတင်ခဲ့သော မြို့မတူရိယာအသင်းသည် ဓားတန်းဝင်းကြီးတွင် လူလားမြောက်ခဲ့၊ အရွယ်ရောက်ခဲ့၊ အောင်မြင်ခဲ့၊ ရှုံးနိမ့်ခဲ့၊ ပြန်လည်ရှင်သန်ခဲ့သည်။
 
ကျွန်တော် မသိမီခဲ့ရသော ၁၉၂၅ ခုနှစ်လောက်ဆီကဖြင့် ၂၂လမ်းနှင့်၂၈လမ်းကြား ၈၄လမ်းမကြီးပေါ်မှာ ဈေးချိုအနီးနားက အိန္ဒိယနွယ်ဖွားသူဋ္ဌေးများ၏ ကုန်ကားကြီးတွေပေါ် ရေစည်ရေပိုင်းများ တင်ပြီး င်္သကြန်အခါတွင်းတွင် ရေပက်ခံခဲ့ကြ၏။ ထိုအချိန်မှစတင်၍ သင်္ကြန်ကို ကားနှင့်လည်ပတ်ခြင်း စသည်ဟု ပြောစမှတ်ပြုခဲ့ကြသည်။ ထိုကိစ္စကို ၈၄လမ်းမကြီး မှတ်မိပါလိမ့်မည်။
 
တကယ်တော့ ၂၆လမ်းနှင့် ၂၈လမ်းကြား ၈၄လမ်းမကြီးသည် သမိုင်းပါင်းများစွာကို ပြောပြနိုင်ပါသည်။ သည်နေရာမှာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း နယ်ချဲ့သေနတ်ဖျား အသက်ပျောက်ခဲ့ရသည့် မန္တလေးအာဇာနည် ၁၇ ဦး၏ အလောင်းတင်ရထားများလည်း မျက်ရည်လည်ရွှဲ လူအုပ်ကား တရွေ့ရွေ့ဖြတ်သွားဖူးသည်။ ထို့အတူ ပြည်တွင်းစစ်ကြောင့် တိုင်းပြည်လူထု နာခဲ့ရသဖြင့် ငြိမ်းချမ်းရေးအတွက် ဆန္ဒပြသဘောထားပြုကြမည့် လူထုကြီးလည်း ဖြတ်သွားဖူးသည်။ မန္တလေးမြို့၏ အစည်ကားဆုံး အသုဘအခမ်းအနားဟု တွင်ကျန်ရအောင် စည်ကားလှသော က,ရင်းသေသည့် ရွှေမန်းတင်မောင်၏ ဈာပနအခမ်းအနားမြင်ကွင်းကိုလည်း ဤနေရာတွင် မြင်လိုက်ဖူးသည်။ ထိုနေရာ ၈၄လမ်းသည် မန္တလေး၏ အညှာဖြစ်၏။ အသည်းနှလုံးဖြစ်၏။ အသက်သွေးကြောဖြစ်၏။
 
နောက်တော့ ၁၉၅၉ ခုနှစ် ရောက်သောအခါ ဈေးချိုညဈေးတန်းကို ဤနေရာတွင် စတင်ဖွင့်လှစ်ခဲ့သည်။ (၁၈-၂-၅၉)နေ့တွင် ဖွင့်လှစ်၏။ ညဈေးတန်းကို ညနေ၅နာရီခွဲမှ ည၁၂နာရီအထိ ဖွင့်လှစ်ခွင့် ပြုခဲ့လေသည်။ ၆ပေ ၈ပေ ဆိုင်ခန်းများ ချထားပေး၏။ စတင်ဖွင့်လှစ်သည့်အချိန်က အစားအသောက်ဆိုင်များအဖြစ် ကုလားဆိုင် ၃၁ဆိုင်၊ တရုတ်ဆိုင် ၂၉ဆိုင်၊ မြန်မာဆိုင် ၈၅ဆိုင်၊ ဂေါ်ရင်ဂျီဆိုင် ၂ဆိုင်နှင့် အဝတ်အထည်ဆိုင်ပါ စုစုပေါင်း ၅၃၄ဆိုင် ရှိလေသည်။ ၂၆ဘီလမ်းပေါ်ရှိ ဟုတ်စွန်စတိုးနှင့် တိုက်တန်းကြီးကို သွယ်တန်းထားသည့် ဖဲကြိုးကိုမြူနီစီပါယ်ဥက္ကဋ္ဌ မင်းဘူးဦးမောင်မောင်ကဖြတ်ကာ ဖွင့်လှစ်ခဲ့လေ သည်။ ဤသို့ဖြင့် ညဈေးတန်းသည် ကျွန်တော်တို့ဘဝ၏ ညပေါင်းများစွာကို ဖဲ့ယူစားသောက်သွားသည်။ ဈေးချိုနှင့် မနီးမဝေးတွင် နေထိုင်သောသူများအဖို့ ညရောက်လျှင် ညဈေးတန်းမှာ လမ်းမလျှောက်ရလျှင် အိပ်မပျော်။
 
ကျွန်တော်ထိုင်နေသော ၂၈လမ်း အလင်းဆိုင်လေးနှင့် မျက်နှာချင်းဆိုင်မှာ တွန်းလှည်းနှင့်ရောင်းသော ဆီချက်ခါက်ဆွဲဆိုင်လေး ရှိသည်။ ထိုဆိုင်လေးက ဂျုံခေါက်ဆွဲဖတ်သည် ညံ့လှ၏။ ယခုအချိန်ထိ ထိုအရသာမျိုး မစားဖူးတော့။ ၈၄လမ်း၊ ၂၈လမ်းထိပ်က လက်တွန်းလှည်း အအေးဆိုင်လေးတွေမှာ သံပုရာ ရည်တစ်ခွက် သုံးမတ်။ ကျွန်တော်သည် ချစ်ဖူးသူ တစ်ယောက်အား ခိုးကြောင်ခိုးဝှက်တွေ့ရသည့် ညဦးပိုင်းတစ်ချိန်တွင်
ထိုသုံးမတ်တန် သံပုရည်တစ်ခွက် တိုက်ခဲ့ဖူးသည်။ ယခုတာ့ ဤနေရာတွင် ညဦးပိုင်း၌ ဝက်သားတုတ်ထိုးဆိုင်များပဲ ရှိတော့၏။ ဆိတ်သားကင်ဆိုင်များပဲ ရှိတော့၏။ ထိုနေရာတွင် ယခုရွှေဆိုင်ကြီးတစ်ဆိုင် ဟီးဟီး ထနေသည်။ အဆင့်မြင့်ဈေးချိုရုံသစ်ကြီးပေါ်က ရွှေဆိုင်တန်းဆိုသည်ကတော့ နာမည်ကိုပင် ပျောက်လုမတတ်ဖြစ်သွားပါပြီ။ ဘာပဲပြောပြော ၈၄ လမ်းမကြီးပါ်က ရွှေဆိုင်ကြီးတွေမှာ လူစည်ပါသည်။
 
ကျွန်တော့်ရှေ့က ခပ်ညစ်ညစ် စားပွဲပေါ်က ထမင်းကြော်ပန်းကန်ထဲတွင် ကြက်သွန်ဖြူအခွံတွေ များသည်ထက် များလာသည်။ ပါးစပ်ထဲက လွယ်လွယ်ကူကူ ခွာထုတ်ပစ်သော ကြက်သွန်ဖြူအခွံတွေက ထမင်းပန်းကန်ထဲ ပြန်ရောက်သည်။ ကိစ္စမရှိ။ ပါးစပ်ထဲသွတ်မည့်ဇွန်းမှာ မပါဖို့ဘဲ လိုပါသည်။ ထမင်းကြော် မကုန်မီ လက်ဖက်ရည်လေးတစ်ကျိုက် သောက်လိုက်ချင်သေးသည်။ အရှေ့တောဈေး ကားတစ်စီး ၈၄လမ်းမအတိုင်း အပြင်းမောင်းလာကာ ၂၈လမ်းဘက် ချိုးကွေ့ဝင်လာသည်။ သံဖြူတန်းမှာ ရပ်သည်။ ဈေးသည်တွေက တောင်း ကိုယ်စီနှင့် အလုအယက်ဆင်းနေကြတာ လှမ်းမြင်ရ၏။ အသံများ မည်မျှပင် ဆူညံနေစေကာမူ ကျွန်တော့်အာရုံတွင် အသံပျောက်ခလုတ်ကို နှိပ်ထားသည့် မော်နီတာဖန်ပြင်ကို ကြည့်နေရတာနှင့် တူပါသည်။ တစ်ဖက်စားပွဲ ဖဲသမားအုပ်စု ရေသန့်ပုလင်းမှာ၏။ မျက်နှာချင်းဆိုင်က ပက်စီသောက်သော သူမက ပက်စီကုန်သော်လည်း ပုလင်းထိပ်လေးကို ပွတ်ကာ ဆော့ကစားနေ၏။ ဆိုက်ကားနှင့်လာသူက ကွမ်းတစ်ရာ လှမ်းမှာသည်။ လက်ဖက်ရည်ကုန်သော်လည်း ထသေးမှာမဟုတ်။ ကိုစိုးရဆိုသူကို စောင့်တာလည်း ဖြစ်မည်။
 
၈၄လမ်းမအတိုင်း မြောက်မှတောင်သို့ စက်ဘီးလေးငါးခြောက်စီး အုပ်လိုက် ခပ်သွက်သွက်နင်းလာသည်။ ညောင်ကွဲက သို့မဟုတ် နှင်းဆီခြံက ပန်းသည်များဖြစ်သည်။ ဒါဆို နှစ်နာရီခွဲပြီ။ ကျွန်တော်သည် လက်ဖက်ရည်ကို
တစ်ခါတည်း မော့ကာ ထမင်းကြော်တစ်ဇွန်းအား ဒရောသောပါး ဝါးပြီးနောက် ပိုက်ဆံရှင်း၏။ အလုပ်ချိန်
ဒုတိယပိုင်း စရတော့သည်။ ဒီနေ့ည စာဖောင်တွေပြတ်မှဖြစ်မည်။ သည်စာအုပ်က ထွက်ရက်နောက်ကျနေတော့
နေ့ရောညရော ရိုက်မှ သတ်မှတ်ရက်နှင့် သိပ်မကွာဘဲ ထွက်နိုင်မည်။ ကျွန်တော် (၈၄)လမ်းမကြီးအတိုင်း
ဟို … တောင်ဘက် ၃၃လမ်းဆီအထိ စက်ဘီးနင်းရဦးမှာပေါ့။ ကုန်လွန်ခဲ့သော နှစ်၃၀ ဝန်းကျင်က ထိုနေရာ၏ အလင်းဆိုင်လေးမှာ ထိုင်ရင်း မြင်ခဲ့ဖူးသည့်မြင်ကွင်းတွေကို အခုပြန်စဉ်းစားတော့ ဝိုးတဝါး..။ အားလုံး
အေးဆေးတည်ငြိမ်သွားလျှင် ထိုနေရာလေးသို့ တကူးတကန့်သွားပြီး အလင်းဆိုင်လေးမှာ လက်ဖက်ရည်
ဖန်ဆိမ့်တစ်ခွက်နှင့် ချိုရဲရဲ ထမင်းကြော်တစ်ပွဲကို ကြက်သွန်ဖြူအမြှောင်းတွေ ကိုက်ရင်း စားချင်ပါသေးသည်။
 
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW