နေပြည်တော်မှာ စားသုံးဆီ တပိဿာ ၄၅၀၀နဲ့ ရောင်းနေပေမယ့် တကယ်အခက်အခဲဖြစ်နေသူတွေ မရ

စက်တင်ဘာ ၅-၂၀၂၃
KT (VOM)

နေပြည်တော်၊မြို့မစျေးပွဲရုံတန်း၊မင်္ဂလာ၊ဆီနှင့်စားသောက်ကုန်ရောင်းဝယ်ရေးဆိုင်မှာ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက စားသုံးသူေတွ စျေးနှုန်းသက်သာစွာဝယ်ယူနိုင်ရန်အတွက် စားအုန်းဆီ တစ်ပိဿာလျှင် ၄၅၀၀ စျေးနှုန်းနဲ့ တန်းဆီသူတဦးကို နှစ်ပိဿာနှုန်းနဲ့ မနေ့ စက်တင်ဘာ ၄ရက်က ရောင်းချပေးနေတယ်လို့ နေပြည်တော်ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီလိုရောင်းချပေးရာမှာ အမှန်တကယ် အခက်အခဲရှိနေသူတွေ မရရှိဘဲ နေ့တွက်နဲ့တန်းစီပြီး လာဝယ်သူတွေသာ ရရှိသွားတယ်လို့ တန်းစီရာမှာ ပါဝင်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

” အမှန်တကယ်ရရှိသွားသူတွေကတော့ ငွေရှင်၊ကြေးရှင် ဝိသမလောဘသားတွေပါဘဲ၊
နိုင်ငံတော်အစိုးရက စားသုံးသူတွေသက်သာသောစျေးနှုန်းနဲ့ ဆန်၊ဆီ (စားအုန်းဆီ)များကို ဆီကုန်သည်၊ဆန်ကုန်သည်ကြီးများကို ရောင်းချခိုင်းပေမယ့်လည်း အမှန်တကယ်ကြီးပွားသွားသူတွေကတော့ ငွေရှင်၊ကြေးရှင်ဝိသမလောဘသားတွေသာဖြစ်ပါတယ်၊ ထဲထဲဝင်ဝင်လေ့လာကြည့်တော့ ဆီကို ၄၅၀၀ ကျပ်စျေးနဲ့ ဆီကုန်သည်ကြီးများအသင်းက တန်းစီလာသူလူတစ်ဦးကို နှစ်ပိဿာရောင်းချပေးပါတယ်၊ ဆန်တစ်ပြည်ကို ဧည့်မထဆန်တစ်ပြည် ၂၅၀၀ ကျပ်၊သိင်္ဂီ ဆန် ၆ ပြည် တစ်အိတ် ၃၀၀၀၀ ကျပ်နဲ့ ရောင်းချပေးပါသော်လည်း တန်းစီတဲ့အထဲမှာအမှန်တကယ်စားသုံးသူတွေအများစု မပါဝင်ပါဘူး၊ တစုံတစ်ဦးက မမြင်ကွယ်ရာမှာ ကားနဲ့လာပြီး ဆီကိုတန်းစီဝယ်ခိုင်းနေတာတွေရပါတယ်၊အမြတ်ပေးဝယ်သူတွေက မနေ့က (၄.၉.၂၀၂၃) ရက်နေ့က ၆၀၀၀ ကျပ်နဲ့ပြန်ကောက်ပါတယ်၊ညနေပိုင်းမှာ ၈၀၀၀ ကျပ်ဖြစ်သွားပါတယ်၊ဆီကို လာပြီးတန်းစီဝယ်တဲ့အထဲမှာ ဆီဆိုင်မှာ တစ်ဆယ်သား၊အချို့ပလတ်စ တအိတ်နဲ့ တနေ့တာ အသုံးပြုဖို့ ၅ ကျပ်သားလောက်လာနေသူတွေတွေ့ရပါတယ်၊ သူတို့အတွက်ကတော့ နေ့တွက်နဲ့တန်းစီတယ်လို့ပြောရမှာပေါ့၊ ဆီဘယ်မှာရောင်းနေလဲ၊ဆန်ဘယ်မှာရောင်းပေးနေလဲဆိုတာကို နားလေးစွင့်၊ရောင်းနေတဲ့နေရာ သွားတန်းစီ၊အရင်းလည်းဆိုက်စရာမလို တနေ့တာအတွက် စားဖို့သောက်ဖို့ အဆင်ပြေတော့ ဆီ၊ဆန်ကုန်သည်ကြီးတွေ အခုလိုရောင်းပေးနေတာကိုကျေးဇူးတင်နေကြပါတယ်၊ ပိုပြီးဝမ်းသာသွားသူတွေကတော့ ငွေရှင်၊ကြေးရှင်တွေပါပဲ၊ တပိသာကို အပြင်ပေါက်စျေးက ၁၀၀၀၀ ကျပ်ဖြစ်နေတော့ တပိဿာကို ၂၀၀၀ မြတ် တနေ့ပိဿာ ရာကျော်ဆိုတော့ ဘယ်လောက်မြတ်မယ်ဆိုတာ စဥ်းစားကြည့်ကြပါတော့၊ အမှန်တကယ်စားသုံးသူလက်ဝယ် ရောက်စေချင်ရင်တော့ နေပြည်တော်၊ ဝန်ထမ်းအိမ်ရာတွေမှာရှိနေတဲ့ရပ်ကွက်ဓမ္မာရုံလိုနေရာမျိုးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့စီမံကြီးကြပ်မှုနဲ့ရောင်းပေးစေချင်ပါတယ်၊ အထူးသဖြင့် ရုံးပိတ်ရက် တွေမှာ ဆန်ကုန်သည်ကြီးများ၊ဆီကုန်သည်ကြီးများကရောင်းပေးရင် ကောင်းမယ်လို့ဝန်ထမ်းအများစုကမျှော်လင့်နေကြပါတယ်၊စျေးတွေမှာရှိတဲ့ပွဲရုံတန်းတွေမှာရောင်းပေးရင်တော့ အမှန်တကယ်စားသုံးသူလက်ထဲမရောက်ဘဲ ပြန်ကောက်နေသူ ဝိသမလောဘသားတွေလက်ထဲရောက်သွားမှာဖြစ်ပါတယ်”လို့ နေပြည်တော်ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းနဲ့ လပိုင်းတွေကလည်း နေပြည်တော်မှာ ရွှေဒင်္ဂါးတွေရောင်းချပေးစဥ်က အခုလို ကိစ္စရပ်တွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

” တန်းစီတိုးသူဆီက အမြတ်ပေးဝယ်သူက မလှမ်းမကမ်းက စောင့်ဆိုင်း၊ ရွှေတောင် တန်းစီတိုးပြီး ဝယ်ယူနေတယ်၊ ပြရုပ်ကောင်းခဲ့ပေမယ့် အမှန်တကယ်အလုပ်ဖြစ်သူက ငွေရှင်ကြေးရှင်ဝိသမလောဘသားတွေပဲ ဖြစ်ကြပါတယ်၊ နိုင်ငံတော်အစိုးရက သက်သာအောင် နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်ပေးနေသော်လည်းချမ်းသာပြီးရင်း ချမ်းသာသွားသူတွေကတော့ ဝိသမလောဘသားတွေသာဖြစ်ပါတယ်”လို့ နေပြည်တော်ဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင့် မန္တလေးမြို့မှာလည်း ရွှေလုပ်ငန်းများအသင်းမှာ သက်သာတဲ့ဈေးနူန်းနဲ့ ရွှေတွေ ရောင်းချပေးခဲ့အချိန်ကလည်း တန်းစီသူတွေဆီကနေ အမြတ်ပေးဝယ်ယူတဲ့သူတွေရှိခဲ့တာကြောင့် တန်းစီခအနေနဲ့ ကျပ်ငွေ ၅သောင်းအထိ ပေါက်ဈေးရှိခဲ့တယ်လို့ မန္တလေးမြို့ရွှေလုပ်ငန်းနဲ့ပတ်သက်သူတွေ ပြောပြချက်အရ သိရပါတယ်။

#voiceofmtanmar #VOM #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW