စက်တင်ဘာ ၉ – ၂၀၂၃
SN (VOM)
ပြည်ပရောက် မြန်မာအလုပ်သမားတွေ တရားဝင်လမ်းကြောင်းကနေ ငွေပြန်မလွှဲပါက နောက်တကြိမ် ပြည်ပထွက်ခွာ အလုပ် လုပ်ကိုင်ခွင့် ၃ နှစ် ပိတ်ပင် တားမြစ်ခြင်းခံရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးကြောညာထားပါတယ်။
ဒါ့အပြင် ပဋိညာဥ်ဥပဒေအရပါ အရေးယူခံရမှာဖြစ်သလို အေဂျင်စီတွေအနေနဲ့လည်း ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနဲ့ အရေးယူခံရမှာဖြစ်တယ်လို့ သိရပါတယ်။
“အလုပ်က အဆင်မပြေလို့ စိတ်ညစ်ရတဲ့အထဲ သူတို့တွေက အမျိုးမျိုး ပြောလို့မပြီးနိုင်တော့ဘူး။ ပြည်ပရောက် ဝင်ငွေမလောက်တဲ့သူတွေကို ကူညီထောက်ပံ့တဲ့အနေနဲ့ ငွေချေးပေးဖို့ အစီအစဉ်ရော မပါကြဘူးလား မေးချင်တယ်။ ဒီကိုရောက်ဖို့ အကြွေးတင်ခံပြီး ထွက်လာတာ။ အကြွေးတောင် ကြေသေးတာမဟုတ်ဘူး” လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတဦးက ပြောပါတယ်။
ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ မိမိရရှိမယ့် လုပ်ခလစာရဲ့အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်တွေဆီ တရားဝင်ဘဏ်စနစ်နဲ့ လွှဲပို့ရမှာ ဖြစ်ပြီး တလကို တကြိမ် လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း (ဒါမှမဟုတ်) အများဆုံး ၃ လကိုတကြိမ် ၃ လစာ စုစုပေါင်းရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်း လွှဲပို့ရမှာဖြစ်တယ်လို့ သိရပါတယ်။
အလုပ်သမားဝန်ကြီးဌာနကတော့ တရားဝင်ဘဏ်စနစ်၊ ဗဟိုဘဏ်က ခွင့်ပြုထားတဲ့ Remittance Business License (RBL) ရရှိထားသူနဲ့ဖြစ်စေ၊ ဘဏ်စနစ်နဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ဖြစ်စေ မိသားစုထံ လွှဲပို့ရမယ်လို့ အသိပေးထားပြီး ငွေလွှဲပို့မှုပုံစံအနေနဲ့ ဥပမာ ၁ လကို ယန်း ၂၀၀,၀၀၀ ရရှိတဲ့သူအနေနဲ့ ၁ လချင်း ၂၅ ရာခိုင်နှန်း လွှဲမည်ဆိုပါက ၅၀,၀၀၀ လွှဲရမှာဖြစ်ပြီး ၃ လစာပေါင်းပြီး လွှဲမည်ဆိုပါက ၁၅၀,၀၀၀ လွှဲရမှာဖြစ်တယ်လို့ သိရပါတယ်။
“ကိုယ့်နိုင်ငံမှာအဆင်မပြေလို့ သူများနိုင်ငံမှာ မျက်နှာအငယ်ခံပြီး အလုပ်သွားလုပ်ရတာ။ ပြည်ပထွက်လည်း သူ့ရန်က မလွတ်ပါလား။ တကယ်စိတ်ညစ်ဖို့ကောင်းတယ်။ ကိုယ်က ဒီကိုလာချင်လွန်းလို့ လာတာမဟုတ်ဘူး။ အိမ်ကိုလွမ်းလို့ စိတ်ညစ်ရတာတမျိုး၊ သူတို့ကြောင့် စိတ်ညစ်ရတာတမျိုးနဲ့ ။ ဘယ်တော့မှလည်းမလွှဲဘူး၊ ဘယ်တော့မှလည်းပြန်မလာဘူး”လို့ ဂျပန်ရောက် မြန်မာအလုပ်သမားတဦးက ပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ကတော့ ပြည်ပရောက် မြန်မာအလုပ်သမားတွေ တရားဝင် ဘဏ်လမ်းကြောင်းကနေ သူတို့ရဲ့မိသားစုဆီ ငွေပြန်လွှဲဖို့အချက်ကို သဘောတူကြောင်း အလုပ်အကိုင်အေဂျင်စီနဲ့ အလုပ်သမားအကြား စာချုပ်ချုပ်ဆိုထားဖို့ လိုအပ်ပြီး မိမိကြိုက်နှစ်သက်တဲ့ ဘဏ်တွေကနေ လွှဲပို့နိုင်တယ်လို့ အင်တာဗျူးတခုမှာ ပြောကြားထားပါတယ်။
ဟွန်ဒီစနစ်နဲ့ ငွေလွှဲခြင်းကို သိရှိနိုင်ဖို့ ခက်ခဲတာကြောင့် စာချုပ် ဒါမှမဟုတ် ကတိကဝတ် စတဲ့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ တရားဝင်ငွေလွှဲလမ်းကြောင်းကနေ ဆောင်ရွက်ရမှာလို့ အမြဲတမ်းအတွင်းဝန်က ဆိုထားပါတယ်။
ဒါနဲ့ပတ်သက်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတခုမှ တာဝန်ရှိသူတဦးက “ဘယ်နိုင်ငံကိုပဲ ရောက်နေရောက်နေ တရားဝင် ၂၅ ရာခိုင်နှုန်း ငွေပြန်လွှဲရမယ်လို့ သိရတယ်။ အလုပ်သမားအဆင့် ခွဲထားတာလည်း မရှိဘူး။ အကုန် ၂၅ ရာခိုင်နှုန်း ပြန်လွှဲရမှာ။ အခုက အေဂျင်စီတွေကိုပါ အရေးယူမယ်လို့ အကြောင်းကြားထားတော့ တကယ်အကြပ်ရိုက်တယ်။ သူတို့ငွေနဲ့သူတို့ မလွှဲချင်တဲ့သူတွေကို လွှဲအောင် ဘယ်လိုစည်းရုံးရမလဲ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ကြေညာချက်မှာတော့ နိုင်ငံခြားငွေနဲ့ ရရှိတဲ့ လုပ်ခ/လစာတွေကို တရားဝင်လမ်းကြောင်းကနေ လွှဲပြောင်းမယ်ဆိုရင် လွတ်လပ်စွာ သုံးစွဲခွင့်ပြုမယ်လို့ အသိပေးထားပြီး မိသားစုထံ လွှဲပြောင်းပေးပို့ခဲ့တဲ့ အထောက်အထား၊ စာရွက်စာတမ်းတွေကို သိမ်းဆည်းထားပြီး နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံခြင်း၊ ပစ္စည်းတွေ ဝယ်ယူခြင်းတွေမှာ အခွန်ကင်းလွတ် သက်သာခွင့်တွေ ရရှိမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
#voiceofmyanmar #VOM #ပြည်ပရောက်မြန်မာ #တရားဝင်ငွေလွှဲမှုကဏ္ဍ