စက်တင်ဘာလ ပထမပတ်အတွင်း ဆန် ၊ စပါး စျေးကွက်အခြေအနေ သုံးသပ်ချက်

စက်တင်ဘာ ၁၀ – ၂၀၂၃
GG (VOM)

ဆက်တိုက် မြင့်တက်လာခဲ့တဲ့ ပြည်တွင်းဆန်စျေးနူန်းတွေကတော့ အခုစက်တင်ဘာလ ပထမပတ်မှာလည်း အမြင့်စျေးတန်းမှာပဲ ရှိနေပါတယ်။

မြင့်တက်လာခဲ့တဲ့ ဆန်စျေးကို ကျဆင်းအောင်နဲ့ တည်ငြိမ်အောင်အတွက်ဆိုပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ရန်ကုန် ဝါးတန်းကုန်စည်ဒိုင်ကနေ ဆန်စျေးတွေ‌ လျှော့ချရောင်းပေးတာတွေ လုပ်နေပေမယ့်လည်း ဆန်စျေးက ကျဆင်းသွာခြင်းမရှိဘဲ အမြင့်စျေးတန်းမှာပဲ ဆက်ရှိနေတာကို တွေ့ရပါတယ်။

ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာ ကျားပျံရှယ်၊ ဖျာပုံပေါ်ဆန်းမွေး နဲ့ ဒေးဒရဲပေါ်ဆန်းမွှေး ၊မြောင်းမြ/ပုသိမ် ပေါ်ဆန်းမွှေး၊ပေါ်ဆန်းနယ်စုံ၊ပေါ်ဆန်းသစ်ရှယ် ဆန်အမျိုးအစားတွေကို (၁)သိန်းကျပ် ၊ရွှေဘိုပေါ်ဆန်းကို (၁၂၅၀၀၀) ကျပ်နဲ့ရောင်းချပေးနေတယ်လို့ သိရပါတယ်။ ဧည့်မထ ၂၅ မှတ်တန် ဆန်ကိုလည်း ၁ ပြည် ၂၅၀၀ နဲ့ရောင်းချပေးနေပါတယ်။

ဒါ့အပြင် မြို့နယ်တိုင်းက ဆန်အရောင်းဆိုင်ကြီးတွေကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေကခေါ်ယူဆွေးနွေးကာ သူတို့သတ်မှတ်တဲ့ဆန်ကို သတ်မှတ်နူန်းထားနဲ့ ရောင်းချပေးဖို့ပြောဆိုတာတွေရှိတယ်လို့ သိရပါတယ်။

” ရွှေဘိုဆန် ၁၂၅၀၀၀ နဲ့ရောင်းပေးဖို့ပေါ့ ခေါ်ပြောတယ်။စပါးတွေလှိုင်လှိုင်မပေါ်ခင် ၁ လလောက်ပေါ့။ကျနော်တို့ဘက်ကလည်း လုပ်ပေးနိုင်တဲ့အတိုင်းတာကိုပြောပြလိုက်တယ် အချိန်အကန့်အသတ်နဲ့ပဲရောင်းပေးမယ့်အကြောင်းပေါ့ “လို့ ပဲခူးတိုင်းက ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူ(၁)ဦးက ပြောပါတယ် ။

ပြင်ပ ဆန်စျေးကွက်မှာက ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို (၁၇၀၀၀၀)ကျပ်ကျော် စျေးတန်းရှိပြီး ကျားပျံရှယ်၊ ဖျာပုံပေါ်ဆန်းမွေး နှင့် ဒေးဒရဲပေါ်ဆန်းမွှေး ၊မြောင်းမြ/ပုသိမ် ပေါ်ဆန်းမွှေး၊ပေါ်ဆန်းနယ်စုံ ဆန်အမျိုးအစားတွေက (၁၁၀၀၀၀) အထက်စျေးတန်းအမြင့်မှာပဲ ဆက်ရှိနေပါတယ်။

စလင်းဒေသထွက် ဧရာပဒေသာဆန်ကလည်း တစ်အိတ်ကို (၁၆၀၀၀၀)ဝန်းကျင်နဲ့ အမြင့်စျေးတန်းမှာပဲ ရှိနေပါတယ်။

လက်လီဆန်စျေးကွက်မှာ ဆန်တပြည်ကို (၃၅၀၀)ကနေ စရှိပြီး အမြင့်ဆုံး (၇၀၀၀)ကျော်အထိရှိနေပါတယ်။ဆန်ကွဲစျေးလည်း တက်လာလို့ တစ်ပြည်ကို (၃၄၀၀)လောက်အထိရှိလာတယ်လို့ သိရပါတယ်။

” ဝယ်ရင်းစျေးကိုက မြင့်နေတာကို ကျနော်တို့ကချရောင်းလို့ဘယ်လိုရမလဲ ၊ ဒီနေ့ စျေးချဝယ်လို့ရရင် ကျနော်တို့ဘက်က ဒီနေ့စျေးချရောင်းပေးလို့ရတယ်။အခုက သူတို့လည်းစျေးချမရောင်းပေးနိုင်ဘဲနဲ့ ချရောင်းခိုင်းတော့ ဆန်ရောင်းရတာတောင် ပုန်းရှိုးကွယ်ရှိုးလုပ်နေရတယ်။ဆန်စျေးက အမြင့်စျေးတန်းမှာပဲရှိနေတယ်၊ တကယ်ဆန်စျေးကျစေချင်ရင် ကုန်ကြမ်းအဆင့်မှာကတည်းက ချရမှာ၊စပါးစိုက်တဲ့အခါ သုံးရတဲ့ မြေဩဇာက စျေး တက်၊ပိုးသတ်ဆေးက တက်အကုန်တက်နေတော့ လယ်သမားတွေကလည်း စပါးကျရင်ရှုံးတယ်၊အောက်ခြေကအစ အရင်လုပ်ရမှာကို ကုန်ချောကြမှ ချလို့မရနိုင်ဘူး ” လို့ ဆန်အရောင်းကုန်သည်(၁)ဦးကပြောပါတယ်။

ကုန်ကြမ်းဖြစ်တဲ့ စပါးက စျေးမကျသလို ၊ စပါးစိုက်ခင်းအတွက် ကုန်ကျရတဲ့ သွင်းအားစု၊အလုပ်သမားငှားရမ်းခ၊စက်ထွန်ယက်ခအပါအဝင် စတဲ့ကုန်ကျစရိတ်တွေ ကြီးမြင့်နေလို့ စပါးစျေးမကျသလို ဆန်စျေးကလည်း ကျဖို့အလားအလားမရှိဘူးလို့ ကုန်သည်တွေကသုံးသပ်ကြပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန်ဆိုင်တိုင်းမှာ လူတိုင်း လိုအပ်တဲ့ပမာဏအတိုင်း ကျစျေးနဲ့ရောင်းပေးနိုင်မှသာ ဆန်စျေးက ကျသွားနိုင်မယ့်အခြေအနေရှိတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

ဆန်အရောင်းဆိုင်အားလုံး စျေးလျှော့ရာင်းနိုင်ဖို့ဆိုတာဟာလည်း ဝယ်ရင်းစျေးကျမှသာ ရောင်းစျေးကို လျှော့ချရောင်းနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေ နဲ့ နယ်မြေမအေးချမ်းမှုတွေကြောင့်လည်း တိုင်းနဲ့ ပြည်နယ်အချို့မှာ နွေစပါး၊မိုးစပါး သီးနှံစိုက်ရာသီချိန် နှစ်ချိန်လုံး စပါးစိုက်ဧကတွေ လျော့ကျခဲ့လို့ စပါးအထွက်နူန်းလျော့ကျတာတွေကလည်း ဆန်စျေးမြင့်တက်ရတဲ့ အကြောင်းတွေထဲကတစ်ချက်ဖြစ်ပါတယ်။

” စစ်ကိုင်းဆို စပါးအတော်များများမစိုက်နိုင်ဘူး၊ရွှေဘိုပေါ်ဆန်းက စစ်ကိုင်းကအဓိကစိုက်တာဆိုတော့ အစိုက်လျော့တော့အထွက်လျော့ပြီး စျေးတွေကမြင့်ကုန်တာ၊ လက်ရှိကတော့ ရွှေဘိုက လူတိုင်းမစားနိုင်တော့ပါဘူး”လို့ ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဆန်စျေးမြင့်တက်မှုကြောင့် ဆန်ကြမ်းနဲ့ အဝါဖောက်ဆန် ၊ ဆန်ကွဲကိုပဲ စားသုံးရတဲ့မိသားစုတွေ များလာတယ်လို့ သိရပါတယ်၊

တာဝန်ရှိသူတွေကတော့ ဆန်စျေးကျအောင်ဆိုပြီး ပြည်ပကို ဆန်တင်ပို့မှုနဲ့ပတ်သက်ပြီးလည်း ကန့်သတ်မှုတွေလုပ်နေပါတယ်။ မိုးစပါးတွေ စျေးကွက်ထဲဝင်တဲ့အချိန်မှ ဆန်စျေးကျဖို့ လည်းမျှော်လင့်ထားကြပါတယ်။

” မိုးစပါး ပေါ်ရင်တော့ စျေးကျမယ်ထင်ပါတယ်၊အခုတော့ ပြည်ပဆန်တင်ပို့မှုကို လိုင်စင်အသစ်တွေရပ်ထားတဲ့အခြေအနေပါ၊g to.g စနစ်နဲ့ဟာတွေပဲပို့ရတယ်။ရွှေဘို၊ဧရာပဒေသာ စပါးတွေလည်းတင်ပို့ခွင့်ပိတ်ထားတာပေါ့။ ပြည်ပပို့တာကတော့ ကရင်မ ၊ ပြုတ်ဆန်တွေပဲအဓိပါ ” လို့ နယ်စပ် ဆန်ကုန်သည်တစ်ဦးကပြောပါတယ်။

ပြည်တွင်းဆန်စျေးအဆမတန် မြင့်တက်နေပြီး တရုတ်ကပေးတဲ့စျေးက နည်းတာကြောင့် အကျိုးအမြတ်မရှိလို့ တရုတ်-မြန်မာနယ်စပ်ကနေ ဆန်တင်ပို့မှုဟာ ဧပြီလလောက်ကတည်းက မရှိသလောက်နည်းနေတာ အခုချိန်ထိဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ဧရာဝတီတိုင်း နဲ့ ပဲခူးတိုင်းမှာ မိုးစပါးတွေ စတင်ရိတ်သိမ်းနေကြပြီး စပါး ပေါင် ၅၀ တင်း ၁၀၀ ကို ၁၆ သိန်း ၅၀၀၀၀ စျေးပေါက်နေပါတယ်။နွေစပါးစိုက်ဧကတွေကလည်း အားလုံးရိတ်သိမ်းပြီးလို့ မိုးစပါးစတင်ပြန်လည်စိုက်ပျိုးနေကြပါတယ်။နွေစပါးစျေးတန်းကလည်း ၁၇ သိန်း ၅၀၀၀၀ အထိ ရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မိုးစပါးအဟောင်းတွေကတော့ တင်း ၁၀၀ ကို သိန်း ၂၀ ကနေ စရှိပြီး ရွှေဘိုပေါ်ဆန်းက သိန်း ၄၀ ဝန်းကျင်အထိ စျေးပေါက်နေတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ နွေစပါး လက်ကျန်နဲ့ ​အရင်နှစ် မိုးစပါးအဟောင်းကိုပါအဝယ်လိုက်နေသလို ခုထွက်ရှိနေတဲ့ မိုးစပါးအသစ်တွေလည်း အဝယ်လိုက်နေပါတယ်။

#voiceofmyanmar #VOM #ဆန်စပါးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW