စက်တင်ဘာ ၁၀ – ၂၀၂၃
SN (VOM)
လတ်တလောဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်း မြင့်တက်မှုတွေအတွက် ဗဟိုဘဏ်ပေါက်ဈေးနဲ့ အစိုးရထံမှ ဒေါ်လာဝယ်ယူကာ ပြည်တွင်းသို့သွင်းကုန်တွေ တင်သွင်းခဲ့တဲ့ လုပ်ငန်းရှင်တချို့ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ဆက်တိုက်ခေါ်ယူစစ်ဆေးနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
စက်သုံးဆီနဲ့ စားအုန်းဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကို ဗဟိုဘဏ်ကရောင်းချပေးတဲ့ ဒေါ်လာပေါက်ဈေးနဲ့ ဈေးကွက်ပေါက်ဈေးကြား ကွာခြားချက်တွေရှိနေတာကြောင့် သူတို့ရဲ့ကုန်စည်ဈေးနှုန်းတွေကို မှတ်တမ်းယူ စစ်ဆေးနေခြင်းဖြစ်တယ်လို့ သိရပါတယ်။
“အခုက စောင့်ကြည့်စစ်ဆေးတာတွေ၊ ခေါ်မေးတာတွေ ခပ်စိတ်စိတ်ဖြစ်လာတယ်။ အရင်က ဒေါ်လာဈေးနဲ့ ရွှေဈေးကစားတဲ့သူတွေကိုပဲ ဖမ်းတာစစ်ဆေးတာလုပ်တာ။ အခုနောက်ပိုင်းက ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ၊ တခြား စီးပွားရေးလုပ်ငန်းရှင်တွေဘက် လှည့်လာတယ်။ ဒါက စသုံးလုံးညွှန်ချုပ်နေရာကို ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိအဆင့်တယောက်နဲ့ အစားထိုးလိုက်ပြီး နောက်ပိုင်းမှာ ဖြစ်လာတာတွေပေါ့။ အရာရှိ အပြောင်းအလဲက လက်ရှိဖြစ်ပေါ်နေတဲ့ ရွှေ၊ ဒေါ်လာ ဈေးကစားတာနဲ့ပတ်သက်ပြီး အပြောင်းအလဲလုပ်လိုက်တဲ့ သဘောဖြစ်မယ်။ အခုပြောင်းလိုက်တဲ့လူက လူငယ်တယောက် ဖြစ်တယ်လို့လည်း သိရတယ်။ အဲ့ဒီတော့ နစကအနေနဲ့ ဆက်သွားမယ့်အပြောင်းအလဲအတွက် သူ့ရဲ့အသိုက်အဝန်းမှာ လူငယ်တွေကို နေရာပေးလာတဲ့သဘောရှိတယ်” လို့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။
စသုံးလုံးရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်ရဲ့နေရာကို လက်ရှိမှာ ကာကွယ်ရေးဝန်ကြီးဌာနက ဦးအောင်ဇော်လင်းကို အစားထိုး ခန့်အပ်လိုက်တာဖြစ်ပြီး လက်ရှိမှာတော့ ဦးမောင်မောင်ကျော်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်က ပြန်လည်ထူထောင်ရေးဦးစီးဌာနကို ရွှေ့ပြောင်းလိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်ကစပြီး ရဲချုပ်ရာထူး အပါအဝင် လုံခြုံရေးဆိုင်ရာ ထိပ်တန်းအရာရှိနေရာတွေ၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) တွေအပါအဝင် စစ်ဖက်ဆိုင်ရာ ထိပ်တန်းတပ်မှူးနေရာတွေကို နစက က အပြောင်းအရွှေ့တွေ ပြုလုပ်ခဲ့ပြီး နယ်ဖက်ဆိုင်ရာဌာနတွေကို ထိန်းကျောင်းစောင့်ကြည့် စစ်ဆေးတဲ့နေရာမှာ အထူးအရေးပါတဲ့ စသုံးလုံးညွှန်ချုပ်နေရာကိုပါ အခုလို ပြောင်းလဲခန့်ထားလာတာ ဖြစ်ပါတယ်။
အသစ်ပြောင်းလိုက်တဲ့ ညွှန်ချုပ်အနေနဲ့ ရွှေနဲ့ဒေါ်လာအပြင် အိမ်ခြံမြေ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို စောင့်ကြည့်စစ်ဆေးသွားဖို့ရှိနေတယ်လို့ သိရပါတယ်။
“ပြီးခဲ့တဲ့လကလည်း ပြောင်းကုန်သည် ၆ ဦးလောက် အဖမ်းခံရတယ်ကြားတယ်။ ထိုင်းကို မှောင်ခိုပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းတာ။ ကုမ္ပဏီ ၄ ခုလောက်လည်းပါတယ်။ ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဆွဲထားတာ။ စရဖ ကနေတဆင့် ရဲဘက်ကို လွှဲလိုက်ပြီလို့တော့ သိတယ်။ လက်ရှိတော့ တချို့လည်း အာမခံနဲ့ ထွက်လာပြီ” လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ကုန်သည်တွေဟာ ရန်ကုန်အပါအဝင် အနယ်နယ်အရပ်ရပ်က ပြောင်းတွေကို မီးရထား၊ ရေကြောင်း စတဲ့လမ်းကြောင်းတွေနဲ့ပို့ဆောင်ရာမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပေးတဲ့ မျောစာ (QR Code )မပါတဲ့အတွက် မှောင်ခိုတင်ပို့တယ်လို့ဆိုကာ ဖမ်းဆီးခံရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအတွင်း ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရာမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မျှောစာ အစား ၂.၀ ကုဒ် ထုတ်ထားပြီး အဲ့ဒီ့ကုဒ်ကို မော်တော်ယာဉ်အတွက်သာ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
QR Code လျှောက်ထားရာမှာ ယာဉ်မောင်းလိုင်စင်၊ ကားနံပါတ်တွေနဲ့ လျှောက်ထားကာ တမြို့မှတမြို့သို့ သယ်ယူပို့ဆောင်ရာလမ်းရှိ စစ်ဆေးရေးဂိတ်တွေမှာ QR Code ပြသပြီး အစစ်ဆေးခံရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပို့ကုန်သွင်းကုန်ဥပဒေ တားမြစ်ချက်တွေမှာ ကန့်သတ်တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေကို မည်သူမျှ တင်ပို့ခြင်း ဒါမှမဟုတ် တင်သွင်းခြင်း မပြုရ၊ မည်သူမျှ ခွင့်ပြုချက် ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်းတွေကို ခွင့်ပြုချက်ရယူခြင်းမရှိဘဲ တင်ပို့ခြင်း ဒါမှမဟုတ် တင်သွင်းခြင်းမပြုရနဲ့ မည်သည့် ခွင့်ပြုချက်ရရှိသူမှ ခွင့်ပြုချက်ပါ စည်းကမ်းချက်တွေကို ဖောက်ဖျက်ခြင်းမပြုရလို့ သတ်မှတ်ထားပြီး စည်းကမ်းချက်တွေကို ဖောက်ဖျက် ကျူးလွန်ပါက ပြစ်မှု ထင်ရှားရင် အဲ့ဒီ့လူကို ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
Photo Crd – Original Uploader
#voiceofmyanmar #VOM #ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် #ဖမ်းဆီးစစ်ဆေးခံနေရ