ရေကြည်ရာ မြက်နုရာဆီသို့

SN (VOM)

ပြည်တွင်းမှာ ၂၀၂၁ ခုနှစ်‌နောက်ပိုင်း အလုပ်အကိုင်ရှားပါးမှုတွေ မြင့်တက်လာတာကြောင့် ပြည်ပနိုင်ငံအသီးသီးကို သွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမားတွေဟာ တနေ့ထက်တနေ့ ပိုမိုများပြားလို့လာနေပါတယ်။

၂၀၂၁ ခုနှစ် ပထမနှစ်၀က်မှာတင်ပဲ ပြည်တွင်းအလုပ်အကိုင်ဆုံးရှုံးတာကြောင့် အလုပ်လက်မဲ့ဦးရေဟာ ၁ ဒသမ ၈ သန်းကျော်ရှိလာတာဖြစ်ပါတယ်။ အလုပ်အကိုင်ရရှိဖို့ ပြည်ပကို ထွက်ခွာလိုသူတွေဟာလည်း ပိုမိုမြင့်တက်လာနေပြီး ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်မှု ပထမအများဆုံးဖြစ်ကာ ဒုတိယအများဆုံးအဖြစ် မလေးရှားနိုင်ငံက နေရာယူထားပြီး တတိယကတော့ ဂျပန်နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှုနဲ့ အကြောင်းအမျိုးမျိုးသော ပြဿနာတွေကြောင့် အခု ၂၀၂၃ ခုနှစ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်တွေနဲ့ နှိုင်းယှဉ်ရင် အလုပ်လက်မဲ့ဦးရေဟာ (၃)ရာခိုင်နှုန်းကျော် တိုးလာတယ်လို့ သိရပါတယ်။

အခုနှစ် မတ်လအတွင်း အလုပ်သမားဝန်ကြီးဌာနကနေ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၀ – ၂၀၂၃ ခုနှစ် လုပ်သားအင်အား ခန့်မှန်းချက်တွေအရ (၄)နှစ်အတွင်း မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။ စာရင်းတွေအရ ၂၀၂၀ ပြည့်နှစ်က အလုပ်လက်မဲ့ ၀ ဒသမ ၁၇ ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ်မှာ အလုပ်လက်မဲ့အရေအတွက် ၁ ဒသမ ၃၃ ရာခိုင်နှုန်းနဲ့ ၂၀၂၂ ခုနှစ်မှာ အလုပ်လက်မဲ့အရေအတွက် ၂ ဒသမ ၅၃ ရာခိုင်နှုန်းရှိခဲ့ကာ အခုနှစ်မှာတော့ အလုပ်လက်မဲ့ အရေအတွက်ဟာ ၃ ဒသမ ၆၉ ရာခိုင်နှုန်းအထိများပြားလာနေတယ်လို့ သိရပါတယ်။

အဲ့ဒီလိုအခြေအနေတွေအပြင် လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်ရဲ့ ကိုဗစ် (၁၉) ကမ္ဘာ့ကပ်ရောဂါကာလအတွင်းမှာ World Bank မြန်မာက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ အလုပ်လက်မဲ့ဦးရေ မြင့်တက်လျက်ရှိတယ်လို့ သိရပြီး ၀င်ငွေမရှိတဲ့ အိမ်ထောင်ဦးစီး အရေအတွက်ဟာ သြဂုတ်လမှာ ၁၅ ရာခိုင်နှုန်းရှိခဲ့ရာကနေ အောက်တိုဘာလမှာ ၃၅ ရာခိုင်နှုန်းအထိ ရှိလာခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် စက်ရုံ၊ အလုပ်ရုံတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်း အပါအဝင် အခြားသော လုပ်ငန်းတွေက အလုပ်သမားဦးရေ ၂ သန်းခန့်ဟာလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ (CCTU) အဖွဲ့က ထုတ်ပြန်ထားပါတယ်။

“အလုပ်မလုပ်ရဘူး။ ကျွန်မအမျိုးသားလည်း အရင်လို လခစားအလုပ်မလုပ်ရဘူး။ ဝင်ငွေမရှိတော့ဘူး။ အခုကတော့ လင်မယားနှစ်ယောက်လုံးက ကြုံရာကျပမ်းပေါ့။ အလုပ်ရှိတဲ့ ရက်တွေလည်းရှိသလို မရှိတဲ့ရက်တွေလည်းရှိတယ်။ ကျွန်မတို့က ကလေး ၃ ယောက်ရှိတယ်။ အငယ်လေး ၂ ယောက်က ကျောင်းနေနေတုန်း။ အကြီးဆုံးသမီးကတော့ 925 လက်ဝတ်လက်စားအရောင်းဆိုင်မှာ ဝင်လုပ်နေတယ်။ လစာ ၁ သိန်းခွဲရတယ်။ အဆင်မပြေပါဘူး။ ရရစားစားပါပဲ။ သမီးရဲ့လစာလေးထုတ်ရင် ယူထားတဲ့အကြွေးလေးတွေနိုင်သလောက်လိုက်ဆပ်၊ နောက်တော့ ထပ်ယူနဲ့ ဒီလိုပဲ သံသရာလည်နေတာပါပဲ။ အဲ့ဒီ့တော့ လူတိုင်းလိုလိုလည်း ပြည်ပထွက်နေကြတော့ ထိုင်းဖြစ်ဖြစ်၊ မလေးရှားဖြစ်ဖြစ် အလုပ်သွားလုပ်ဖို့ စိတ်ကူးမိတယ်”လို့ တောင်ဒဂုံမြို့နယ်က အသက် ၃၀ ဝန်းကျင်အရွယ် အိမ်ရှင်မတဦးက ပြောပါတယ်။

UN Habitat ,UN Women, UNDP နဲ့ မိတ်ဘက်အဖွဲ့အစည်းတွေက လေ့လာတွေ့ရှိထားတဲ့ အစီရင်ခံစာမှာတော့ ရန်ကုန်မြို့ရဲ့ လူဦးရေ လေးပုံတပုံဖြစ်တဲ့ အဆင်းရဲဆုံးမြို့နယ် (၈) မြို့နယ်ရှိ မြို့ပြပြည်သူတွေဟာ လွန်ခဲ့တဲ့ (၁၂)လအတွင်း ဝင်ငွေမရှိဘဲ ရပ်တည်နေရပြီး လတ်တလော အကြပ်အတည်းတွေကို ဖြေရှင်းဖို့ အန္တရာယ်ရှိတဲ့ ယာယီနည်းလမ်းတွေကို အသုံးပြုနေရတယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ပြည်တွင်းမှာရှိနေတဲ့ လူငယ်တွေနဲ့ လူလတ်ပိုင်းအရွယ်တွေဟာ မိမိတို့ရဲ့ အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊စင်္ကာပူ၊ ဂျပန်၊ တရုတ်၊ ကိုရီးယားနဲ့ မလေးရှားနိုင်ငံအပါအဝင် အာရပ်စော်ဘွားများပြည်ထောင်စု(UAE) ၊ ကာတာနဲ့ တခြား အာရှနဲ့ ဥရောပနိုင်ငံတွေမှာ သွားရောက် အလုပ် လုပ်ကိုင်ဖို့ အပတ်တကုတ် ကြိုးပမ်းအားထုတ်နေကြတာဖြစ်သလို ကြုံရာနည်းလမ်းတွေနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ တာဆူနေကြတာကိုလည်း သိရှိရပါတယ်။

“တနေ့တနေ့ နိုင်ငံခြားထွက်ဖို့ ပတ်စ်ပို့လာလျှောက်ကြတဲ့သူတွေက အခု နစကအစိုးရ လက်ထက်မှာ သောင်းဂဏန်းနီးပါးရှိတယ်။ အခုနောက်ပိုင်း အွန်လိုင်းကနေ ဘိုကင်တင်တဲ့စနစ်လုပ်ပြီး လူလျော့ကျသွားအောင်လုပ်ပေမယ့် နေ့စဉ် လာနေကြတဲ့လူတွေက ထောင်ဂဏန်းနီးပါးရှိတယ်။ ဒါတောင် အခုဘိုကင်တွေက ရက်ချိန်းအပြည့်ဖြစ်နေလို့ တန်းစီစောင့်နေတဲ့သူတွေက အများကြီးရှိသေးတယ်။ ပတ်စ်ပို့ လာလျှောက်တဲ့သူ အများစုက ပြည်ပအလည်အပတ်၊ ဆေးကုဖို့ ဆိုတာထက် ပြည်ပနိုင်ငံအသီးသီးမှာ ရွှေ့ပြောင်းလုပ်သားအနေနဲ့ သွားရောက် လုပ်ကိုင်ကြဖို့ အဓိက လာလျှောက်ကြတာများတယ်”လို့ ပတ်စ်ပို့ပွဲစားတဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းကစလို့ နိုင်ငံ့စီးပွားရေး အခြေအနေတွေဟာ ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုနဲ့အတူ ကုန်ဈေးနှုန်း ကြီးမြင့်လာမှု ပြဿနာတွေကြောင့် မြန်မာပြည်သူလူထုအတွက် ဒီအခက်အခဲတွေကြားက ရုန်းထွက်နိုင်ဖို့ တခုတည်းသောထွက်ပေါက်ဟာ အိမ်နီးချင်း ပြည်ပနိုင်ငံတွေ ဖြစ်လာခဲ့ပါတယ်။

“အခုခေတ်မှာ ကုန်ဈေးနှုန်းကလည်းကြီး၊ အလုပ်အကိုင်ကလည်း မကောင်းတော့ မိသားစုတွေ တော်တော်ဒုက္ခရောက်ကြရပါတယ်။ မိသားစု ရေရှည်ရပ်တည်ဖို့က ပုံမှန်ဝင်ငွေရှိတဲ့ အလုပ်တခုလောက်ရှိဖို့ လိုအပ်တယ်လေ။ အဲ့ဒီတော့ အဖမ်းဆီးခံလည်းခံရ၊ မြန်မာပြည်မှာ ငတ်မသေဖို့ ကိုယ့်မိသားစု အဆင်ပြေဖို့ ရေကြည်ရာမြက်နုရာကတော့ ရှာရမှာပဲ”လို့ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ လူငယ်တဦးက ပြောပါတယ်။

အခြေခံလူတန်းစား ပြည်သူတွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်း လွန်စွာမှ ရှားပါးပြီး လုပ်ခလစာ အနည်းအကျဉ်းမျှသာ ရရှိတဲ့ ပြည်တွင်းအလုပ်အကိုင် ရရှိရေးထက် လုပ်ခလစာမြင့်မားပြီး အလုပ်အကိုင်အခွင့်အလမ်း ပေါများတဲ့ အိမ်နီးချင်း ပြည်ပနိုင်ငံတွေဆီ နည်းလမ်းမျိုးစုံနဲ့ သွားရောက်အလုပ်လုပ်ကိုင်ဖို့ အပတ်တကုပ် ကြိုးစားလာကြရာမှာ တရားမ၀င် ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက် လုပ်ကိုင်ကြသူတွေ အရင်ကထက် ပိုများလာတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။

“လက်ရှိ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ နိုင်ငံခြားသား တရားမ၀င်အလုပ်သမားတွေကို ဖမ်းဆီးတာချင်းအတူတူ တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ပိုအဖမ်းခံနေရတယ်။ ထိုင်းနိုင်ငံမှာ တရားမ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အခက်အခဲတစုံတရာ ဖြစ်လာရင် အစိုးရအဖွဲ့မဟုတ်တဲ့ ကျွန်တော်တို့လို အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေကိုပဲ ဆက်သွယ် အကူအညီတောင်းခံကြတယ်။ သက်ဆိုင်ရာနိုင်ငံမှာ တစုံတရာ ကိုယ့်နိုင်ငံသား ပြဿနာဖြစ်လာရင် အဓိကတာဝန်ရှိတာကတော့ သံရုံးပဲ။ ဒါပေမယ့် သံရုံးက အားနည်းချက်တွေ အများကြီးရှိတယ်”လို့ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။

ထိုင်းနိုင်ငံထဲက အာဏာပိုင်တွေဟာ ဥပမာအနေနဲ့ အထောက်အထားမပြည့်စုံတာ၊ သက်တမ်းကျော်လွန်နေတာ၊ သူ့အစိုးရက အမှန်တကယ် ခွင့်ပြုတယ်ဆိုရင်တောင်မှ သက်တမ်းကုန်နေတဲ့ အထောက်အထားတွေ သက်တမ်း တိုးဖို့အတွက် ခွင့်ပြုထားပါလျက်နဲ့လည်း အဖမ်းခံရတဲ့ မြန်မာတွေ အများကြီးရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပကို ထွက်ခွါအလုပ်လုပ်တဲ့နှုန်းဟာ ထိုင်းနိုင်ငံကို အများဆုံး သွားကြတာဖြစ်ပြီး မလေးရှားနိုင်ငံကို ဒုတိယ အများဆုံးသွားရောက်လုပ်ကိုင်တာပါ။ မလေးရှားမှာဆိုရင်လည်း ရွှေ့ပြောင်းအလုပ်သမားတွေ များပြားပေမယ့် မြန်မာတွေကို အဓိကထား ဖမ်းဆီးနေတာကို တွေ့ရတယ်လို့ မလေးရှားမှာ မြန်မာရွှေ့ပြောင်းအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

အဲ့ဒီလိုအခြေအနေတွေအပြင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် တစ်ပူပေါ် နှစ်ပူဆင့်ဖြစ်ရတဲ့ အခြေအနေတခုကတော့ အခုစက်တင်ဘာလ (၁) ရက်နေ့မှာ နေပြည်တော်၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြေညာချက်တရပ် ဖြစ်ပါတယ်။ အဲ့ဒီ့ အမိန့်ကြေညာချက်ကတော့ ပြည်ပမှ တရားဝင်ငွေလွှဲပေးပို့ရန် ဆိုတဲ့ အမိန့်ကြေညာချက်ဖြစ်ပြီး အဲ့ဒီကြေညာချက်မှာ ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ မိမိတို့ငွေထုတ်မယ့် မိသားစုသန်းခေါင်စာရင်းဝင်သူနဲ့ မြန်မာနိုင်ငံရှိ CB Bank မှာ Special Account ဖွင့်ရမှာဖြစ်ကာ မိမိရရှိမယ့် လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်တွေဆီ တရားဝင်ဘဏ်စနစ်နဲ့ လွှဲပို့ရမှာဖြစ်သလို တလကိုတကြိမ် လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း (ဒါမှမဟုတ်) အများဆုံး သုံးလတကြိမ် သုံးလစာ စုစုပေါင်းရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို ပြန်လည်လွှဲအပ်ပေးရမှာ ဖြစ်တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

အဲ့ဒီလို ငွေလွှဲခြင်းဟာ နိုင်ငံတော်စီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုစေဖို့ဖြစ်ပြီး မိသားစုထံ လွှဲပြောင်းပေးပို့ခဲ့တဲ့ အထောက်အထား စာရွက်စာတမ်းတွေကို သိမ်းဆည်းထားပါက မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံခြင်းနဲ့ ပစ္စည်းတွေ ဝယ်ယူရာမှာ အထောက်အကူပြုစေနိုင်ဖို့ဖြစ်တယ်လို့ သိရထားပါတယ်။

သတ်မှတ်ထားတဲ့ စည်းကမ်းချက်ကို မလိုက်နာတဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေကိုတော့ နောက်ထပ်တကြိမ် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့်ကို (၃)နှစ်တိတိ ပိတ်ပင်တားမြစ်ခြင်းခံရမှာဖြစ်တယ်လို့လည်း အဲ့ဒီအမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲ့ဒီ အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းမှာ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ဝေဖန်သံတွေဟာ စီစီညံညံ ထွက်ပေါ်လာကြပါတယ်။

“အလုပ်က အဆင်မပြေလို့ စိတ်ညစ်ရတဲ့အထဲ သူတို့တွေက အမျိုးမျိုး ပြောလို့မပြီးနိုင်တော့ဘူး။ ပြည်ပရောက် ဝင်ငွေမလောက်တဲ့သူတွေကို ကူညီထောက်ပံ့တဲ့အနေနဲ့ ငွေချေးပေးဖို့ အစီအစဉ်ရော မပါကြဘူးလား မေးချင်တယ်။ ဒီကိုရောက်ဖို့ အကြွေးတင်ခံပြီး ထွက်လာတာ။ အကြွေးက ၇၅ သိန်းရှိတယ်။ အကြွေးတောင် ကြေသေးတာမဟုတ်ဘူး”လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတဦးက ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာနကတော့ တရားဝင်ဘဏ်စနစ်၊ ဗဟိုဘဏ်က ခွင့်ပြုထားတဲ့ Remittance Business License (RBL) ရရှိထားသူနဲ့ဖြစ်စေ၊ ဘဏ်စနစ်နဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ဖြစ်စေ မိသားစုထံ လွှဲပို့ရမယ်လို့ အသိပေးထားပြီး ငွေလွှဲပို့မှုပုံစံအနေနဲ့ ဥပမာ ၁ လကို ယန်း ၂၀၀,၀၀၀ ရရှိတဲ့သူအနေနဲ့ ၁ လချင်း ၂၅ ရာခိုင်နှန်း လွှဲမည်ဆိုပါက ၅၀,၀၀၀ လွှဲရမှာဖြစ်ပြီး ၃ လစာပေါင်းပြီး လွှဲမည်ဆိုပါက ၁၅၀,၀၀၀ လွှဲရမှာဖြစ်တယ်လို့ သိရပါတယ်။

“ကိုယ့်နိုင်ငံမှာအဆင်မပြေလို့ သူများနိုင်ငံမှာ မျက်နှာအငယ်ခံပြီး အလုပ်သွားလုပ်ရတာ။ ပြည်ပထွက်လည်း သူ့ရန်က မလွတ်ပါလား။ တကယ်စိတ်ညစ်ဖို့ကောင်းတယ်။ ကိုယ်က ဒီကိုလာချင်လွန်းလို့ လာတာမဟုတ်ဘူး။ အိမ်ကိုလွမ်းလို့ စိတ်ညစ်ရတာတမျိုး၊ သူတို့ကြောင့် စိတ်ညစ်ရတာတမျိုးနဲ့ ။ ဘယ်တော့မှလည်းမလွှဲဘူး၊ ဘယ်တော့မှလည်းပြန်မလာဘူး”လို့ ဂျပန်ရောက် မြန်မာအလုပ်သမားတဦးက ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ကတော့ ပြည်ပရောက် မြန်မာအလုပ်သမားတွေ တရားဝင် ဘဏ်လမ်းကြောင်းကနေ သူတို့ရဲ့မိသားစုဆီ ငွေပြန်လွှဲဖို့အချက်ကို သဘောတူကြောင်း အလုပ်အကိုင်အေဂျင်စီနဲ့ အလုပ်သမားအကြား စာချုပ်ချုပ်ဆိုထားဖို့ လိုအပ်ပြီး မိမိကြိုက်နှစ်သက်တဲ့ ဘဏ်တွေကနေ လွှဲပို့နိုင်တယ်လို့ အင်တာဗျူးတခုမှာ ပြောကြားထားပါတယ်။

ဟွန်ဒီစနစ်နဲ့ ငွေလွှဲခြင်းကို သိရှိနိုင်ဖို့ ခက်ခဲတာကြောင့် စာချုပ် ဒါမှမဟုတ် ကတိကဝတ် စတဲ့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ တရားဝင်ငွေလွှဲလမ်းကြောင်းကနေ ဆောင်ရွက်ရမှာလို့ အမြဲတမ်းအတွင်းဝန်က ပြောထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတခုမှ တာဝန်ရှိသူတဦးက “ဘယ်နိုင်ငံကိုပဲ ရောက်နေရောက်နေ တရားဝင် ၂၅ ရာခိုင်နှုန်း ငွေပြန်လွှဲရမယ်လို့ သိရတယ်။ အလုပ်သမားအဆင့် ခွဲထားတာလည်း မရှိဘူး။ အကုန် ၂၅ ရာခိုင်နှုန်း ပြန်လွှဲရမှာ။ အခုက အေဂျင်စီတွေကိုပါ အရေးယူမယ်လို့ ‌အကြောင်းကြားထားတော့ တကယ်အကြပ်ရိုက်တယ်။ သူတို့ငွေနဲ့သူတို့ မလွှဲချင်တဲ့သူတွေကို လွှဲအောင် ဘယ်လိုစည်းရုံးရမလဲ”လို့ ပြောပါတယ်။

လက်ရှိမှာ ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်ဟာ (၅)သန်းနီးပါး ရှိနေတယ်လို့ သိရပါတယ်။ အဲ့ဒီ့ ရွှေ့ပြောင်းလုပ်သားတွေအနက် (၃) သန်းကျော်ဟာ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်နေကြတယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ အဲ့ဒီ့လိုပဲ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှ ရေလုပ်သား (၄၅ဝဝဝ) ကျော်ဟာလည်း ထိုင်းနိုင်ငံရှိ ငါးဖမ်းလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်နေကြတယ်လို့ သိရပြီး အလုပ်သမားပေါင်း (၅၁ဝဝဝ) ကျော်မှာ ထိုင်းနိုင်ငံရှိ ရေထွက်ပစ္စည်းစက်ရုံတွေမှာ လုပ်ကိုင်နေကြတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ခိုင်မာတဲ့ အာမခံချက်ရှိတဲ့ အလုပ်ရရှိရေးကြိုးပမ်းမှုက လူငယ်တွေအတွက် လက်ရှိကာလမှာ အိပ်မက်တခုပမာ အခက်ခဲဆုံး ဖြစ်လို့နေပါတယ်။ အရည်အတွက်များပြားလှတဲ့ အလုပ်အကိုင်မဲ့တွေကြားထဲမှာ ပညာတတ်လူငယ်တွေလည်း အများအပြား ပါဝင်နေတာဖြစ်ပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ နိုင်ငံရေးအပြောင်းအလဲရဲ့ နောက်ဆက်တွဲဂယက်ဖြစ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ပြန်လည် ထွက်ခွာတာ၊ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူတာတွေကလည်း မြန်မာပြည်က အခြေခံလူတန်းစားတရပ်ကို ပိုလို့ အသက်ရှူကြပ်စေပါတယ်။

၂၀၂၀ ခုနှစ်၊ နှစ်ဆန်းပိုင်းကစတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် စီးပွားရေးအခြေအနေ ယိုယွင်း ယိမ်းယိုင်မှုကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ မြန်မာပြည်သူလူထုဟာ ပြည်တွင်း မငြိမ်းချမ်းမှုရဲ့ အကျိုးဆက်တွေကိုလည်း ထပ်မံခံစားခဲ့ရပါတယ်။ နယ်မြေ မတည်ငြိမ်မှု၊ စစ်မက်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရမှု၊ မိမိတို့နေထိုင်ရာရပ်ရွာမှာ တရားဥပဒေစိုးမိုးခြင်းမရှိမှု စတဲ့ အချက်တွေကြောင့် ရုပ်ပိုင်းသာမက စိတ်ပိုင်းဆိုင်ရာပါ လုံခြုံမှုမရှိတော့သလို ခံစားလာကြရပါတယ်။

အဲ့ဒီ့ အခြေအနေတွေအပေါ် ထပ်လောင်းပြီး စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာမူဝါဒ မတည်ငြိမ်မှုနဲ့ ပို့ကုန်၊ သွင်းကုန်နဲ့ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒအပြောင်းအလဲတွေ၊ စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုနဲ့ ဆက်စပ်တဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ၊ အထွေထွေကုန်ဈေးနှုန်းတွေနဲ့ မိမိတို့အတွက် နေ့စဉ်လိုအပ်တဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကိုလည်း ကြုံတွေ့လာရပြန်ပါတယ်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာခြင်းနဲ့ စီးပွားရေးလုပ်ငန်းများစွာ ပိတ်သိမ်းခြင်းတို့ကြောင့် အလုပ်လက်မဲ့ဦးရေ ပိုမို များပြားလာခြင်း၊ အဲ့ဒီ့လုပ်ငန်းတွေနဲ့ ဆက်စပ်လုပ်ကိုင်နေရတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ ထိခိုက်ခြင်းတို့ကလည်း မြန်မာ့စီးပွားရေးကို ဇောက်ထိုးဆင်းစေခဲ့ပါတယ်။ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေ အဘက်ဘက်က ယိုယွင်းကျဆင်းနေသလို အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးစနစ်တွေဟာလည်း ပုံမှန်လည်ပတ်နိုင်ခြင်း မရှိတော့ပါဘူး။

သန်းပေါင်းများစွာသော လူငယ်တွေ အပါအဝင် ပြည်သူလူထုများစွာဟာ ရှေ့အနာဂတ်အတွက် မျှော်လင့်ချက်တွေ ပျောက်ဆုံးလာခဲ့တာဖြစ်ပြီး စိတ်ဒဏ်ရာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုပေါင်းများစွာကို ရင်ဆိုင် ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် အနာဂတ်ပျောက်နေတဲ့ မြန်မာပြည်က လူငယ်လူရွယ်တွေနဲ့ လူလတ်ပိုင်းတွေအတွက် တခုတည်းသော ကူကယ်ရာ ကြိုးတမျှင်ဟာ ပြည်ပနိုင်ငံတွေ ဖြစ်လာခဲ့ပြီး နေရာဒေသ၊ ရိုးရာ၊ ဓလေ့ထုံးစံ မတူညီတဲ့ ပြည်ပနိုင်ငံတွေဆီ စွန့်စားကာ အလုပ်လုပ်ကိုင်ရေး ထွက်ခွာကြရာမှာ လုပ်ငန်းခွင်အတွင်း ပင်ပန်းဆင်းရဲမှု၊ အလုပ်သမားအခွင့်အရေး၊ အနေအထိုင် အစားအသောက်ခက်ခဲမှုတွေက စောင့်မျှော်နေပေမယ့်လည်း အဘက်ဘက်က ကြပ်တည်းလာနေတဲ့ အခြေအနေတွေကြောင့် ရေကြည်ရာ မြက်နုရာဆီကို စွန့်စားကာ ထွက်ခွာနေကြဦးမှာပဲ ဖြစ်ပါတယ်။ ။

Photo Crd – Original Uploader
#voiceofmyanmar #VOM #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW