အောက်တိုဘာ ၄၊ ၂၀၂၃
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာ ပြည်သူ့စစ် အချင်းချင်း အောက်တိုဘာ ၃ ရက်နေ့ ည ၉ နာရီခွဲ ဝန်းကျင်ခန့်က မိနစ် အနည်းငယ်ကြာ ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။
“လက်နက်ကြီး ၂ ချက် အုန်းကနဲ့ ကြားလိုက်တဲ့နောက် လက်နက်ငယ်တွေ ဆက်တိုက် ပစ်ခတ်နေသံ ကြားရတယ်” လို့ ဒေသခံ ၁ ဦး က ပြောပါတယ်။
အပြန်အလှန် ပစ်ခတ်ရာက လက်နက်ကြီးတွေ ပစ်ခတ်လာမှာကို စိုးရိမ် ကြောက်လန့် နေရတယ်လို့ သူက ပြောပါတယ်။
မူဆယ်မြို့နယ်အတွင်း စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြားလည်း မကြာခဏ တိုက်ပွဲ ဖြစ်ပွားသလို တိုက်ပွဲ မရှိပဲ လက်လက်ကြီး ကျရောက် ပေါက်ကွဲလာလို့ ထိခိုက် ဒဏ်ရာရသူတွေ၊ သေဆုံးသူတွေ၊ နေအိမ်ထိတာတွေ မြင်နေ ကြားနေရလို့ ပစ်ခတ်သံကြားရင် စိုးရိမ် ထိတ်လန့်ရတယ်လို့ ဆိုပါတယ်။
“မူဆယ်၊ ေကာင်းမှူးလွယ်ဘက် ပြည်သူ့စစ် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားတာ” လို့ ဒေသခံ အမျိုးသား ၁ ဦးက ပြောပါတယ်။ နှစ်ဖက် ထိခိုက်မှုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
ပြည်သူ့စစ် အဖွဲ့ အချင်းချင်း ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်တတ်တယ်လို့ လူငယ် ၁ ဦးက ပြောပါတယ်။
“သူဌေးအချင်းချင်း မတည့်ရင်လည်း ပစ်ကြတယ် သူဌေးတွေ အချင်းချင်းရန် ဖြစ်ရင်လည်း လိုက်ဆွဲကူရပြီး မသက်သာလို့ ခံရရင်လည်း ကိုယ်ပဲ ခံရမယ့် အပြင် သူတို့ ခိုင်းတာ မလုပ်ချင်ရင်လည်း မင်းကို ပိုက်ဆံပေးထားတာ၊ လုပ်ခိုင်းတာ လုပ်လို့ ငေါက်ငန်း ပြောဆိုတာ တွေကြောင့် မလုပ်ချင်တော့လို့ အလုပ်ထွက်လိုက်တာ”
လို့ သူက ရှင်းပြပါတယ်။
မူဆယ်မှာတော့ ပြည်သူ့စစ် အဖွဲ့အစည်း အများအပြားရှိပြီး လောင်းကစားရုံ၊ ကျာဖျန် (ငွေလိမ်) ကုမ္ပဏီ တွေနဲ့ အခြားလုပ်ငန်းတွေရဲ့ လုံခြုံရေး အစောင့်တွေအဖြစ် ငှားရမ်းကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်ဟာ ဒုစရိုက်မှုတွေများလာသလို လက်နက်ရောင်းဝယ်မှုတွေရှိလာနေပြီး တရားမဝင်လက်နက်ကိုင်ဆောင်မှုတွေကြောင့် ဒေသခံတွေကြား ကျီးလန့်စာစားဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။