VOM ရဲ့ သိပ္ပံနဲ့နည်းပညာ အစီအစဉ်

-လကမ္ဘာပေါ်မှာ အိမ်ဆောက်ဖို့ကြိုးစားနေတဲ့ နာဆာ
-စက်ရုပ်ခွေးတွေကို လက်နက်တပ်ဆင်ပေးနိုင်တော့မှာလား
-အိန္ဒိယနဲ့ ရေအောက်ရထားပြေးဆွဲဖို့ ယူအေအီးဘာတွေ စီစဉ်နေလဲ
မျိုးဆက်(VOM)
အောက်တိုဘာ-၁၂-၂၀၂၃
(၁) လကမ္ဘာပေါ်မှာ အိမ်ဆောက်တော့မယ့် နာဆာ
အမေရိကန်အာကာသအေဂျင်စီ (နာဆာ) ဟာ လကမ္ဘာပေါ်မှာ ၂၀၄၀ ခုနှစ်အတွင်း နေအိမ်တလုံးတည်ဆောက်ဖို့အတွက် စီစဉ်နေပါတယ်။
ဒီလိုတည်ဆောက်ဖို့အတွက် အော်စတင်အခြေစိုက် ICON ဆောက်လုပ်ရေးနည်းပညာ ကုမ္ပဏီတခုနဲ့စာချုပ်ချုပ်ပြီး ဒေါ်လာသန်း ၆၀ ပေးအပ်ထားကာ ဘိလပ်မြေ၊ သဲနဲ့ရေတို့ကို အမျှင်အဖြစ်ဖန်တီးပြီး အလွှာလိုက်တည်ဆောက်သွားမှာဖြစ်ပါတယ်။
အစီအစဉ်အရ 3D ပရင်တာကြီးတခုကို လကမ္ဘာပေါ်ကို သယ်ဆောင်သွားမှာဖြစ်ပြီး လပေါ်က ကျောက်တုံးကျောက်ခဲတွေ၊ ဓါတ်သတ္တုအပိုင်းအစတွေနဲ့ ဖုန်မှုန့်တွေကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လကမ္ဘာပေါ်က နေအိမ်အတွက် တံခါးတွေ၊ ကြွေပြားတွေနဲ့ ပရိဘောဂတွေအတွက် နည်းပညာတက္ကသိုလ်ကြီးတွေ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ နာဆာက ပူးပေါင်းလုပ်ဆောင်နေပါတယ်။
ICON ဆောက်လုပ်ရေးနည်းပညာကုမ္ပဏီဟာ ၂၀၁၈ ခုနှစ်ကတည်းက 3D ပရင်တာနည်းပညာနဲ့ အော်စတင်မြောက်ပိုင်းမှာ အိမ်အလုံး ၁၀၀ ကျော်ဆောက်လုပ်ခဲ့ပြီးဖြစ်ပါတယ်။
လမျက်နှာပြင်ပေါ်မှာ လူသားတွေအခြေချနေထိုင်တာမျိုးကို ဘဝတသက်တာမှာ မတွေ့ခဲ့ရဖူးပေမယ့် အနာဂတ်မျိုးဆက်တွေအတွက် မျှော်လင့်ကြောင်း နာဆာရဲ့ Marshall Space Flight Centeက လက်ထောက်ညွှန်ကြားရေးမှူး ရေမွန်ကလင်တန်က ပြောဆိုပါတယ်။
(၂) စက်ရုပ်ခွေးတွေကို လက်နက်တပ်ဆင်ပေးဖို့ လေ့လာနေ
အမေရိကန်စစ်တပ်ဟာ စက်ရုပ်ခွေးတွေကို မျိုးဆက်သစ်ရိုင်ဖယ်သေနတ်တွေတပ်ဆင်ပြီး အနာဂတ်မှာ တိုက်ပွဲဝင်နိုင်ဖို့အတွက် တပ်ဆင်စမ်းသပ်နေပါတယ်။
Ghost Robotics ကထုတ်လုပ်တဲ့ အဲဒီစက်ရုပ်ခွေးတွေဟာ အမေရိကန်ကြည်းတပ်အတွက် အခြားသောပံ့ပိုးမှုအခန်းကဏ္ဍတွေမှာ အသုံးပြုနိုင်ဖို့အတွက် ခေတ်မီဆန်းပြားတဲ့ အာရုံခံကိရိယာတွေ တပ်ဆင်ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီစက်ရုပ်ခွေးတွေမှာ မျိုးဆက်သစ် Sig Sauer XM7 ရိုင်ဖယ်တပ်ဆင်ပေးဖို့ စဉ်းစားနေပြီး ယခင်ကတော့ M4A1 ကာဘိုင်သေနတ်တွေနဲ့ စမ်းသပ်ခဲ့ဖူးကြောင်း အမေရိကန်စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။
စက်ရုပ်ခွေးတွေရဲ့ ထူးခြားချက်ကတော့ ဘီးတပ်ယာဉ်တွေ သွားလာလို့မရတဲ့မြေပြင်အနေအထားတွေကို ဖြတ်ကျော်နိုင်တာဖြစ်ပြီး အမေရိကန်စစ်တပ်ဟာ ပိုမိုကြီးမားပြီး ပုံစံအမျိုးမျိုးနဲ့အသုံးပြုနိုင်တဲ့ Project Origin တိုက်ခိုက်ရေးယာဉ်အပါအဝင် အခြားသော စက်ရုပ်ပလက်ဖောင်းတွေကိုလည်း လေ့လာနေတယ်လို့ ဆိုပါတယ်။
Ghost Robotics အဲဒီစက်ရုပ်အမျိုးအစားကို ၂၀၂၁ ခုနှစ်က ဝါရှင်တန်မှာပြုလုပ်တဲ့ စစ်တပ်ကုန်စည်ပြပွဲမှာ ပြသခဲ့တာဖြစ်ပြီး တစ်မိုင်ရဲ့လေးပုံသုံးပုံအကွာအဝေးက ပစ်မှတ်တွေကို ပစ်ခတ်နိုင်စွမ်းရှိခဲ့ပါတယ်။ စက်ရုပ်ကို ထိန်းချုပ်ပစ်ခတ်ဖို့အတွက် လူသားကထိန်းချုပ်ဖို့လိုအပ်ပြီး အလိုအလျောက်တုံ့ပြန်ဆောင်ရွက်နိုင်ခြင်း မရှိသေးပေမယ့် အလားအလာရှိတဲ့ တိုးတက်ဖြစ်ထွန်းမှုဖြစ်ကြောင်း လေ့လာသူတွေက ပြောပါတယ်။
(၃)အိန္ဒိယ နဲ့ ယူအေအီး ရေအောက်ရထားပြေးဆွဲဖို့ စီစဉ်နေ
ယူအေအီးနိုင်ငံဟာ ဖူဂျာရာမြို့နဲ့ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းတို့ကို ရေအောက်ရထားပြေးဆွဲဖို့အတွက် အစီအစဉ်တွေကို စတင်ဖို့ ရည်မှန်းနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ အာရေဗျပင်လယ်ကို ဖြတ်ပြီး အိန္ဒိယစီးပွားရေးမြို့တော် မွမ်ဘိုင်းနဲ့ ယူအေအီးဆိပ်ကမ်းမြို့ ဖူဂျာရာအကြား ရေအောက်ရထားပြေးဆွဲဖို့ တာဝန်ရှိသူတွေက စဉ်းစားနေတာဖြစ်ပြီး အကောင်အထည်ပေါ်လာမယ်ဆိုရင်တော့ လေကြောင်းခရီးစဉ်အစား ဒီရထားလမ်းကြောင်းနဲ့သာ ခရီးသွားတွေ ရွေးချယ်လာဖွယ်ရှိကြောင်း ဆိုပါတယ်။
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းကနေ ယူအေအီးကို လေဆိပ်လုပ်ငန်းစဉ်အတွက် ပေးရတဲ့အချိန်မပါဘဲ လေကြောင်းခရီးနဲ့ သုံးနာရီကျော်ကြာမြင့်ပြီး ရေအောက်ရထားဟာ တနာရီကို မိုင် ၆၀၀ အမြန်နှုန်းနဲ့ ခုတ်မောင်းနိုင်တာကြောင့် အနည်းဆုံး တနာရီစာအချိန်သက်သာမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
အဲဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေတွေကို စတင်စဉ်းစားနေကြောင်း National Advisor Bureau Limited က ပြောဆိုထားပါတယ်။ ယူအေအီးနိုင်ငံဟာ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်တွေနဲ့ ဒူဘိုင်းကမ်းရိုးတန်းမှာ တည်ဆောက်ထားတဲ့ Palm Islands လိုမျိုး ကထင်ကရ စီမံကိန်းတွေကြောင့် ထင်ရှားကျော်ကြားပါတယ်။
Ref:IE

Related posts

Leave a Comment

VOM News

FREE
VIEW