စစ်ကိုင်းမြို့က ဘော်ဂါကျောက်ဝိုင်း ရွှေ့ပြောင်းရမယ်

စစ်ကိုင်း၊ အောက်တိုဘာ- ၁၃- ၂၀၂၃
SA(VOM)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဘော်ဂါရပ်ကွက်မှာရှိတဲ့ ကျောက်ဝိုင်းကို အောက်တိုဘာ ၁၅ ရက်နေ့ မှာ ရွှေမင်းဝံရပ်ကွက်၊ ပညာရေးတက္ကသိုလ်အနီးက ပတ္တမြားစက်မှုဇုန်မှာ အသစ်ဆောက်လုပ်ထားတဲ့ မင်္ဂလာစျေးကို ရွှေ့ပြောင်းဖို့ သတင်းထွက်ပေါ်နေတယ်လို့ ကျောက်အရောင်းအဝယ် လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
” ရွေမင်းဝံဘက်မှာ စျေးလုပ်ထားတယ်ဆိုလား ကျနော်တို့လည်း တခေါက်မှ သွားမကြည့်ရသေးဘူး အဲ့ကို ရွှေ့ရမယ်လို့ ကြားတယ်၊ ကျောက်သမားတွေပြောနေကြတာတော့ ဒီမှာရောင်းရင်ဖမ်းမယ် စျေးအသစ်ကိုရွှေ့ရမယ်လို့ပြောနေတယ်၊ ကိုယ့်စစ်ကိုင်းသူ စစ်ကိုင်းသားတွေဗျာ ကျောက်နဲ့ ဘယ်သွား သွားလို့ရနေတာ ဒီဘက်လာလည်း ဖမ်းစရာမှ မလိုတာ၊ သူတို့ဘက်သွားလည်း ဖမ်းစရာမှ မလိုတာ ဖမ်းမယ်ဆိုတဲ့ဟာတော့ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်” လို့ ကျောက်လုပ်ငန်းရှင်တဦးက VOM ကိုပြောပါတယ်။
မင်္ဂလာစျေးက တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ တာဝန်ရှိသူတစ်ဦးက ” ရွေ့မယ်ဆိုတာတော့ မှန်ပါတယ်၊ စျေးထဲမှာပဲ ကျောက်ဝိုင်းအတွက် သီးသန့်တော့ ခွဲပေးထားတယ်၊ အခန်းအရေအတွက်ကတော့ စီစစ်နေတုန်းပါ အသေးစိတ်ကတော့ တာဝန်ရှိတဲ့သူတွေကို မေးမြန်းပြီးမှ ဖြေဆိုခွင့်ရှိမယ်” လို့ ပြောပါတယ်။
လက်ရှိ ဘော်ဂါကျောက်ဝိုင်းမှာ ဆိုင်ခန်းအပါအဝင် ကျောက်ရောင်းဝယ်ရေး ခုံ(စားပွဲ) ၂၀၀ ကျော်ရှိပြီးကျောက်ရောင်းဝယ်ရေးလုပ်ကိုင်သူ တရုတ်လူမျိုး တရာကျော်နဲ့ ကျောက်ဝိုင်းမှာ ရောင်းဝယ်ရေးလုပ်ကိုင်သူ ၂၀၀၀ ဝန်းကျင်က နေ့စဥ်ကျောက်အရောင်းအဝယ် ပြုလုပ်နေတယ်လို့ သိရပါတယ်။
” ကျောက်လုပ်ငန်းကို စစ်ကိုင်းမြို့ အနောက်တာဘက်က အများဆုံးလာပြီး ရောင်းဝယ်ကြတာဆိုတော့ နေရာအသစ်ကို ရွှေ့ရင် သွားရလာရ ဝေးသွားတာတော့ရှိမယ်၊ အနောက်တာတကြောမှာ အခြေအနေက မကောင်းတော့ ဒီ(ဘော်ဂါကျောက်ဝိုင်း)ကို တရုတ်အများစုက ကြောက်တော့ မလာရဲကြဘူးလေ ဟိုဘက်စျေးက နေရာဝေးတော့ လမ်းမှာ ရိုက်လုခံရမှာ ကျောက်သမားတွေက နည်းနည်း စိုးရိမ်နေကြတယ်” ကျောက်လုပ်ငန်းရှင်တဦးက VOM ကို ပြောပါတယ်။
ဘော်ဂါကျောက်ဝိုင်းမှာ ၂၀၀၂ ခုနှစ်ကတည်းက စတင်ကျောက်အရောင်းအဝယ်လုပ်ခဲ့ကြတာဖြစ်ပြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာ စစ်ကိုင်းမြို့က ဆင်များရှင်ဘုရားအနီးမှာ ရွှေ့ပြောင်းဖို့ စီစဥ်ခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်းမရှိဘဲ လက်ရှိနေရာမှာပဲ အရောင်းအဝယ် ဆက် လက် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
ကျောက်ဝိုင်းကိုတော့ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ ပညာရေးတက္ကသိုလ်အနီး၊ ပတ္တမြားစက်မှုဇုန် အနီးမှာရှိတဲ့ Triple Circle company ပိုင် Mingalar Sagaing Market ကိုရွှေ့ပြောင်းရမယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW