ငါးဇွန်နယ်မှာ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ လင်မယား ၂ ယောက် ပစ်သတ်ခံရ

အောက်တိုဘာ ၊ ၁၅ ၊ ၂၀၂၃
SP ( VOM)
မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါးဇွန်မြို့နယ် ၊ ဆင်ဖြူကုန်းကျေးရွာ (ခ) တလင်းကုန်းကျေးရွာမှာ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က လင်မယား ၂ ယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” ဆင်ဖြူကုန်းရွာမှာနေတဲ့ ဦးမိုးကြည်၊ ၄၉ နှစ် ၊ ဒေါ်နုလှိုင်၊ ၅၃ နှစ်၊ ၂ ဦး ဖြစ်တယ် ၊ သေနတ်နဲ့ ပစ်သတ်ခံရတာ ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး တံတားဦးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီမနက် ၉ နာရီက ဖြစ်တာပါ ၊ ဆင်ဖြူကုန်း (ခ) တလင်ကုန်းရွာထဲကို အမည်မသိ လူ ၈ ယောက် (စုံစမ်းဆဲ)က ဆိုင်ကယ် ၄ စီးနဲ့ဝင်ရောက်လာပြီး ဦးမိုးကြည်ရဲ့နေအိမ်ကိုလာတယ် ၊ အဲ့ဒီနောက် အိမ်ရှင် လင်မယား ၂ ယောက်ကို ဒလန်ဆိုပြီး ပစ်သတ်သွားတယ် ၊ သူတို့ အသတ်ခံရတဲ့ နေရာနားက M22 ကျည်ဆံခွံ ၄ ခုတွေ့ရတယ် ၊ အသတ်ခံရသူတွေက ကျေးရွာကို လုံခြုံရေးအဖွဲ့တွေလာတဲ့အခါ ခင်မင်ရင်းနှီးတာတော့ ရှိတယ် ၊ ဘယ်ပါတီဝင်မှ မဟုတ်ဘူး ၊ အဲ့ဒီ ဖြစ်စဥ်ကို အမှုဖွင့် အရေးယူထားတယ် ” လို့ ပြောပါတယ် ။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းက ငါးဇွန်မြို့နယ် ၊ ပေါက်စိမ်းကျေးရွာအုပ်စု ၊ ပေါက်စိမ်းကျေးရွာ ၊ မြို့သာ – မြင်းခြံသွားကားလမ်းပေါ်မှာ မြင်းခြံမြို့နယ် ၊ နဘူးအိုင်ကျေးရွာမှာနေပြီး မုန့်တီလုပ်ငန်း လုပ်ကိုင်နေတဲ့ သားအဖ ၂ ယောက်ဟာ လက်နောက်ပြန် ကြိုးတုပ်ပြီး ပစ်သတ်ခံရတယ်လို့ သိရပါတယ်။
ငါးဇွန်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက် မနက် ၄ နာရီဝန်းကျင်က နဘဲပင်ကျေးရွာမှာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦး ကျည်ဆံထိမှန် သေဆုံးသွားပြီး အခြား လူ ၂ ယောက်လည်း ကျည်ဆံထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နတ်ကြီးကျေးရွာမှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက် ညနေပိုင်းက လက်ဘက်ရည်ဆိုင် ပိုင်ရှင် မိသားစု အသတ်ခံရလို့ ၃ ဦးသေ ၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်က သားကျင်းကျေးရွာ အနီး ငါးဇွန် – ငါးမြားကားလမ်းဘေးမှာ သတ်ဖြတ် စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၄ လောင်း တွေ့ခဲ့ရပါတယ် ၊ အဲ့ဒါကြောင့် ပြီးခဲ့တဲ့ စက် တင်ဘာ ၃ ရက်ကနေ ၂၅ ရက်အထိ ငါးဇွန်မြို့နယ်ထဲမှာ လူ ၁၂ ယောက်ထက်မနည်း သတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။
အဲ့ဒီလို လူသတ်မှုတွေ ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ငါးဇွန်မြို့ခံတယောက် ပြောတာက
” ဒီရက်ပိုင်းအတွင်း အပြန်အလှန် သတ်မှုတွေ တိုးလာတယ် ၊ ရွာခံလူတွေ အသတ်ခံရလို့ စစ်ကြောင်းက ရွာကိုဝင်တယ် ၊ စစ်ကြောင်းဝင်တော့ မသက်ာသူတွေကို ဖမ်းဆီးစစ်ဆေးတယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းက အဲ့ဒီလို အဖမ်းခံရသူ ၆၀ ကျော်ရှိတယ် ၊ အဲ့ဒီ အဖမ်းခံရသူတွေထဲက တချို့လည်း ပြန်လွတ်လာတယ် ၊ တချို့လည်း သတင်းမရတော့ဘူး ၊ အသတ်ခံရသူတွေလည်း ရှိတယ် ” လို့ ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW