အောက်တိုဘာ ၁၆ – ၂၀၂၃
SN (VOM)
အောက်တိုဘာ ၁၀ ရက်နေ့ကနေ ၁၆ ရက်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရွှေ၊ ငွေနဲ့ စက်သုံးဆီတို့ရဲ့ တပတ်တာ ဈေးကွက် အခြေအနေတွေကတော့ ရွှေဈေးနှုန်းနဲ့ ငွေလဲနှုန်းတွေ တည်ငြိမ်နေပေမယ့် စက်သုံးဆီဈေးကတော့ 92 တလီတာကို ကျပ် ၂၀၀၀ စွန်းစွန်း ပေါက်ဈေးရှိပြီး အကျဘက်ကို ရောက်ရှိနေပါတယ်။
လက်ရှိမှာ ယူကရိန်း-ရုရှား ပဋိပက္ခအပြင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွေကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ရှိလာနေပြီး ရင်းနှီးမြှုပ်နှံသူတွေဟာ ပိုမိုခိုင်မာတဲ့ ရွှေနဲ့ အမေရိကန်ဒေါ်လာကို ဝယ်ယူစုဆောင်းလာတဲ့အတွက် အရင်တပတ်က တအောင်စ ဒေါ်လာ ၁၈၀၀ ကျော်သာ ရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ ဒီတပတ်မှာတော့ တအောင်စ ဒေါ်လာ ၁၉၀၀ ကျော်အထိ ထိုးတက်လာတာကို တွေ့ရပါတယ်။
အဲ့ဒီ့ ကမ္ဘာ့ရေးရာအခြေအနေနဲ့ ကမ္ဘာ့ရွှေပေါက်ဈေးက မြန်မာနိုင်ငံအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်တာဖြစ်တဲ့အတွက် လာမယ့်တပတ်အတွင်း ပြည်တွင်းရွှေဈေး တက်ရိပ်ပြလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းတွက်ဆထားပါတယ်။
ဒါ့ကြောင့် လာမယ့်တပတ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ ရွှေ၊ ငွေ၊ စက်သုံးဆီတို့ရဲ့ ဈေးကွက်အနေအထားကို ချိန်ဆနိုင်ဖို့အတွက် အခုတပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးကွက် အခြေအနေနဲ့ သုံးသပ်ချက်တွေကို VOM ကနေ စုစည်း ဖော်ပြပေးလိုက်ပါတယ်။
ပြင်ပရွှေဈေးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကတည်းက အခေါက်ရွှေ တကျပ်သား ကျပ် ၃၃/၃၄ သိန်းကျော်ဝန်းကျင်၊ ၁၅ ပဲရည် တကျပ်သား ၃၁/၃၂ သိန်းဝန်းကျင်နဲ့ အမြင့်ဈေးတန်းမှာ ငြိမ်နေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်နေတာဖြစ်ပေမယ့် ပြည်တွင်းက ရွှေဈေးနှုန်းတွေကတော့ အလှုပ်အခတ်မရှိ တည်ငြိမ်နေဆဲပါ။ ဒါပေမယ့်လည်း မြန်မာ့ရွှေဈေးနှုန်းဟာ ပြည်တွင်းက ရောင်းလိုအားနဲ့ ဝယ်လိုအား၊ ကမ္ဘာ့ရွှေဈေးနှုန်း၊ အမေရိကန်ဒေါ်လာဈေးတို့အပေါ်မှာ တည်မှီနေတာကြောင့် လတ်တလော ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်နေတာနဲ့အတူ မြန်မာ့ရွှေဈေးဟာလည်း တက်ရိပ်ပြလာနိုင်တဲ့ အခင်းအကျင်းမျိုးဖြစ်ပေါ်နေတယ်လို့ ရွှေကုန်သည်တွေက သုံးသပ်ပါတယ်။
“အခုက ပြည်တွင်းရွှေဈေးက ၃၃၊ ၃၄ သိန်းကျော်၊ ၃၅ သိန်းနီးပါး ဝန်းကျင်မှာပဲ တက်လိုက်ကျလိုက်နဲ့၊ နည်းနည်း ငြိမ်တယ်လို့ ပြောရမှာပေါ့။ ဒေါ်လာဈေး ငြိမ်နေတာလည်း ပါတာပေါ့။ ဒါပေမယ့် ကမ္ဘာ့ရွှေဈေးက ပြန်တက်နေတာဆိုတော့ လာမယ့်တပတ်အတွက် ပြည်တွင်းရွှေဈေးက အတက်ဘက်ကို ရောက်လာနိုင်ခြေ ရှိတယ်” လို့ ရွှေကုန်သည်တဦးက ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်းဟာ ယူကရိန်း-ရုရှား ပဋိပက္ခအပြင် အစ္စရေး-ပါလက်စတိုင်း စစ်ရေးသတင်းတွေကြောင့် တပတ်အတွင်း Pip ၁၀၀ နီးပါး ထိုးတက်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက် (စနေနေ့) တပတ်တာအပိတ်စျေး တအောင်စ ၁၉၃၂ ဒေါ်လာ ရှိခဲ့ပါတယ်။
ပြည်တွင်းမှာတော့ ရွှေဈေးနှုန်း တည်ငြိမ်စေရေးအတွက် နစကဘက်က မကြာခဏဆိုသလို ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေ၊ ဖမ်းဆီးထိန်းသိမ်းတာတွေ ရှိနေတာကြောင့် ပြင်ပရွှေဈေးနှုန်းဟာ ၃၄၇၀၀၀၀ ဝန်းကျင်နဲ့ အမြင့်ဈေးမှာ ငြိမ်နေပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းရွှေအသင်း (YGEA) ကလည်း ရွှေစျေးကွက်တည်ငြိမ်ဖို့အတွက် ပုံမှန် ထုတ်ပြန်နေတဲ့ ရွှေရည်ညွှန်းစျေးကို ဘဏ်တွေအကြား ဗဟိုဘဏ်ရဲ့ အွန်လိုင်းဈေးကွက်ကနေ အရောင်းအဝယ်ဖြစ်တဲ့ ဒေါ်လာပေါက်ဈေးနဲ့ တွက်ချက်ပြီး စျေးကွက်ပေါက်စျေးအဖြစ် အောက်တိုဘာလ ၁၂ ရက်ကစပြီး ပြောင်းလဲသတ်မှတ်လိုက်ပြန်ပါတယ်။
ရွှေစျေးကွက်ပေါက်စျေးဟာ အကယ်ဒမီရွှေ တကျပ်သားကို ၃၀၂၂၆၀၀ ကျပ်အထိ မြင့်တက်လာပြီး နောက်ပိုင်းမှာ YGEA က ထုတ်ပြန်တဲ့ စျေးကွက်ပေါက်စျေးအတိုင်းသာ ရွှေဆိုင်တွေအားလုံး ရောင်းဝယ်ကြဖို့အထိ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“လက်ရှိမှာ အပြင်က ပုဂ္ဂလိကတချို့၊ အရောင်းအဝယ်လုပ်တဲ့သူတွေက အပြင်ဒေါ်လာဈေးနဲ့တွက်ပြီး ရောင်းနေကြတာကိုး။ ဆိုင်သမားတွေကတော့ သိန်း ၃၀ ပတ်ချာလည်နဲ့ သွားနေတာပါပဲ။ နောက်ပိုင်းမှာ ဒေါ်လာကလည်း အပြင်မှာ တောက်လျှောက် ရောင်းပေးတော့မှာဆိုတော့ ဒီဈေးကို ပြန်ပြီး ညီသွားမှာပါပဲ” လို့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
ရွှေစျေးကွက်ပေါက်စျေးက နောက်ပိုင်းမှာ တနိုင်ငံလုံး စျေးတန်းတူအခြေအနေ ဖြစ်သွားတဲ့အခါမှာလည်း မိမိဝယ်ယူမယ့် ရွှေထည်ရဲ့ အလျော့တွက်နဲ့ လက်ခ၊ ဒီဇိုင်းအပေါ် မူတည်ပြီး စျေးက အနည်းအများကွာခြားတာကတော့ ရှိနေနိုင်သေးတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၆ ရက်၊ နေ့လယ်ပိုင်း ပြင်ပရွှေစျေးကွက် ပေါက်စျေးကတော့ ၁၆ ပဲရည်က တကျပ်သားကို ၃၄၆၀၀၀၀ ရှိပြီး ၁၅ ပဲရည်ကတော့ ၃၂၆၀၀၀၀ ပေါက်စျေးရှိနေကာ ကမ္ဘာ့ရွှေဈေးကတော့ တအောင်စ ၁၉၁၄ ဒေါ်လာ ရှိတယ်လို့ သိရပါတယ်။
အခုတပတ် ပြည်တွင်း ငွေလဲနှုန်းတွေဟာလည်း ပြီးခဲ့တဲ့ တပတ်ကအတိုင်း အတက်အကျ၊ အပြောင်းအလဲ မရှိဘဲ ဈေးငြိမ်နေတာ ဖြစ်ပါတယ်။
နစကအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရေးနဲ့ နိုင်ငံခြားငွေကို ထိရောက်စွာအသုံးပြုနိုင်ရေးအတွက် လိုအပ်တဲ့ လုပ်ငန်းတာဝန်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်မှာ ပြင်ဆင် ဖွဲ့စည်းထားကာ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာမှာ ဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ကို အစားထိုးခန့်အပ်ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
“ဗဟိုဘဏ်က ဈေးကစားသူတွေကို အသွင်ယူ ဖမ်းဆီးတာတွေ လုပ်နေလို့လားမသိဘူး။ ငွေလဲနှုန်းတွေက သိသိသာသာ ပြောင်းလဲတာမျိုး မရှိဘဲ ဈေးငြိမ်နေတယ်။ လာမယ့်တပတ်အတွက်ကတော့ အခုက အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကလည်း ရှိနေတော့ ဈေးအတက်အကျက စောင့်ကြည့်ရဦးမယ့် အနေအထားပါ” လို့ နိုင်ငံခြားငွေကြေး လဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။
အခုတပတ် ငွေလဲဈေးနှုန်းစတင်ဖွင့်လှစ်တဲ့ ဒီနေ့ အောက်တိုဘာ ၁၆ ရက် (တနင်္လာနေ့) မနက်ပိုင်းမှာ ထိုင်းဘတ် ၉၂.၅၉ ကျပ်ဝန်းကျင်၊ တရုတ်ယွမ် ၄၅၆ ကျပ်ဝန်းကျင်၊ စင်္ကာပူဒေါ်လာ ၂၄၄၀ ကျပ်ဝန်းကျင်၊ ယူရို ၃၅၆၁ ကျပ်ဝန်းကျင်၊ ဂျပန်ယန်း ၂၂.၅၈ ကျပ်ဝန်းကျင်၊ မလေးရှားရင်းဂစ် ၇၂၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် (တနင်္လာနေ့) မနက်ပိုင်းကတော့ ထိုင်းဘတ် ၉၁.၇၄ ကျပ်ဝန်းကျင်၊ တရုတ်ယွမ် ၄၆၂ ကျပ်ဝန်းကျင်၊ စင်္ကာပူဒေါ်လာ ၂၄၂၅ ကျပ်ဝန်းကျင်၊ ယူရို ၃၅၁၂ ကျပ်ဝန်းကျင်၊ ဂျပန်ယန်း ၂၂.၇၁ ကျပ်ဝန်းကျင်၊ မလေးရှားရင်းဂစ် ၇၂၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
စက်သုံးဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစလို့ ဆက်တိုက်ကျဆင်းလာတာကြောင့် ရန်ကုန်၊ မန္တလေးမြို့တို့ရှိ ဆီဆိုင်တချို့အနေနဲ့ တွက်ချေမကိုက်တဲ့အတွက် ယာယီအရောင်း ရပ်နားတာ၊ အကန့်အသတ်နဲ့ ရောင်းချပေးတာတွေ ပြုလုပ်နေပြီး တန်းစီဝယ်ယူနေရမှုတွေပါ ရှိလာနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စက်သုံးဆီ အဓိကတင်သွင်းနေရတဲ့ စင်္ကာပူနိုင်ငံ စက်သုံးဆီပေါက်ဈေး (MOPS) တွေ ဆက်တိုက် ကျဆင်းလာတာကြောင့် ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေဟာလည်း အခု အောက်တိုဘာလဆန်းပိုင်းမှ စတင်ကာ တဖြည်းဖြည်း ကျဆင်းလာတာဖြစ်တယ်လို့ စက်သုံးဆီဈေးကွက်အတွင်းမှ သိရပါတယ်။
“တလီတာ ၅၀၀ ကျပ်နဲ့ ဝယ်ဖူးတဲ့ဘဝကို သတိရတယ်။ အခု နည်းနည်းလေးပြန်ကျတာတောင် သူတို့မှာ စီးပွားရေး ထိခိုက်မှာစိုးလို့ မရောင်းနိုင်ကြတော့ဘူး။ တန်းစီပြီး ဝယ်ရတာတောင် အဆင်မပြေဘူး။ သူတို့ကတော့ ဆီပြတ်လို့ မရောင်းတာတဲ့။ အမှန်က ကျဈေးနဲ့ဖြစ်နေလို့ မရောင်းတာ၊ ဆီပြတ်တာမဟုတ်ဘူး” လို့ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ 92 အောက်တိန်း တလီတာကို ၂၀၁၅ ကျပ်နဲ့ ဈေးဖွင့်ထားခဲ့ပြီး အဲ့ဒီ့ဈေးနှုန်းဟာ လိုင်စင်ရှိတဲ့ ဆိုင်ကြီးတွေမှာရောင်းချဖို့ နစက က သတ်မှတ်ထားတဲ့ ဈေးဖြစ်ကာ အဲ့ဒီ့ သတ်မှတ်နှုန်းထားဟာ မြေပြင်မှာရောင်းချနေတဲ့ဈေးနဲ့ အနည်းဆုံး ကျပ် ရာဂဏန်းကနေ ထောင်ဂဏန်းအထိ ကွာခြားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ ရန်ကုန်မှာ အောက်တိန်း 92 တလီတာ ၂၀၁၅ ကျပ်၊ 95 တလီတာ ၂၁၁၅ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၂၅၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၃၇၀ ကျပ်၊ မန္တလေးမှာ အောက်တိန်း 92 တလီတာ ၂၀၆၅ ကျပ်၊ 95 တလီတာ ၂၁၆၅ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၃၀၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၄၂၀ ကျပ်၊ နေပြည်တော်မှာ အောက်တိန်း 92 တလီတာ ၂၀၅၅ ကျပ်၊ 95 တလီတာ ၂၁၆၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၃၀၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၄၁၅ ကျပ် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။