အောက်တိုဘာ ၁၈ – ၂၀၂၃
SP + SN (VOM)
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ကြည့်မြင်တိုင်ညစျေးက ရွှေဆိုင်ပိုင်ရှင်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့၊ ည ၇ နာရီခွဲဝန်းကျင်က လူတစုက ရိုက်နှက်ပြီး ကားနဲ့ ဖမ်းဆီးခေါ်ဆောင် သွားတာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့မှာတော့ အမြန်လမ်းပေါ်မှာ အလောင်းပြန်တွေ့ရတဲ့ ပြစ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး မနေ့ အောက်တိုဘာ ၁၇ ရက်က ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ သံသယရှိသူ လူ ၄ ယောက်ကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ဇဗ္ဗူရာဇ် ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦး ဆိုသူကို ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ပြီး ရွှေတွေ လုယူသွားတဲ့ ကိစ္စက ကျူးလွန်တယ်လို့ စွပ်စွဲခံရသူ လူ ၄ ယောက်ကို ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၊ အုတ်ဖို ၂ ရပ်ကွက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်၊ မနက် ၉ နာရီဝန်းကျင်က စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့က ဖမ်းသွားတာဖြစ်တယ်” လို့ ရဲတပ်ဖွဲ့ နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဇဗ္ဗူရာဇ်ရွှေဆိုင် ကိစ္စနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူ နှင်းနုနုထွေး(ခ)ဘဲဥမ(ခ)ခရမ်းချဉ်သီး၊ ဝိုင်းချစ်၊ချစ်ကို၊ ခိုင်ကိုကိုမောင် အပါအဝင် လူ ၄ ယောက်ကို ဖမ်းမိထားတယ် ၊ အမှုနဲ့ ဆက်စပ်သူတွေလည်း ဖမ်းဆီးနေတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ပြစ်မှုကျူးလွန်ရာမှာ ပါသွားတဲ့ ရွှေထည် ပစ္စည်းတွေကို ပဲခူးတိုင်း၊ ပေါင်းတည်၊ နတ်တလင်း၊ ကြို့ပင်ကောက်နဲ့ ဇီးကုန်း စတဲ့ မြို့တွေမှာ ထုခွဲရောင်းချထားတာကြောင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ အမှုစစ်အဖွဲ့က လိုက်လံသိမ်းဆည်းနေတယ်လို့ သိရပါတယ်။
အဲ့ဒီ ဇဗ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင် ဖမ်းဆီး လုယက် သတ်ဖြတ်ခံရတုန်းက ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကြည့်မြင်တိုင် မြို့ခံတယောက်က “သူ့ရဲ့သားနဲ့အတူ ဆိုင်သိမ်းပြီး အိမ်ပြန်လာတဲ့အချိန်မှာ အဖမ်းခံလိုက်ရတာပါ။ သူ့အိမ်နဲ့ ကြည့်မြင်တိုင်ညဈေးနဲ့က နီးတယ်။ ရွှေဆိုင်အနီးအနားက လူတွေပြောတာတော့ အဲ့ဒီ့ကားက အဲ့ဆိုင်နားမှာ ရပ်နေတာ ၃ နာရီလောက်ကြာတယ်တဲ့။ သူက စောင့်နေတဲ့သဘောပေါ့။ ဖမ်းတာတော့ သူ့ကိုပဲ ဖမ်းသွားတာ၊ သူ့သားကိုတော့ထားခဲ့တယ်။ ကားပေါ်မှာ ထိုးကြိတ်ပြီး ခေါ်သွားတာလို့ သိရတယ်။ ဆိုင်သိမ်းပြီးပြန်လာတာဆိုတော့ ဆိုင်ကရွှေတွေအကုန်လုံးလည်း သူ့ဆီမှာပါလာတယ်။ အိမ်ဂရံ၊ မြေဂရံတွေ၊ မြေတွေဝယ်ထားတဲ့ စာချုပ်တွေရော၊ ပိုက်ဆံတွေရော ပါသွားတယ်။ တန်ဖိုးအားဖြင့်တော့ ဘယ်လောက်ပါသွားတယ်ဆိုတာတော့ မသိသေးဘူး။ နောက်တနေ့မနက် ၇ နာရီလောက်ကျမှ ထောက်ကြန့်ရဲစခန်းက အလောင်းပြန်တွေ့ပြီဆိုပြီး အကြောင်းကြားတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလဝန်းကျင်တုန်းကလည်း မန္တလေးတိုင်း ၊ မြင်းခြံမြို့ပေါ်က နာမည်ကြီး ရွှေဆိုင်တဆိုင် လုယက်ခံရပြီး အဲဲ့ဒီဖြစ်စဥ်မှာ လုယက်သူတွေက သေနတ်နဲ့ ပစ်ခတ်လို့ ရွှေဆိုင်ပိုင်ရှင် ကျည်ဆံထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂ နှစ်ကျော် ကာလအတွင်း တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရွှေဆိုင် လုယက်မှု ဖြစ်စဥ်ပေါင်း ၇၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ သိရပြီး အဲ့ဒီလို လုယက်မှုဖြစ်ပွားတဲ့ ဒေသတွေကတော့ ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ မုံရွာ၊ ဖားကန့်၊ ဝန်းသို၊ နောင်ချို၊ အင်းတော် စတဲ့ မြို့နယ်တွေဖြစ်တယ်လို့ သိရပါတယ်။