မူဆယ် ကျင်းစန်းကျော့လမ်းက အမှိုက်ပုံမှာ လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းသုံးလောင်းတွေ့ရှိ

 

အောက်တိုဘာ ၂၁၊ ၂၀၂၃
Shy V (VOM)

 

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ ၊ ကျင်းစန်းကျော့ လမ်းက အမှိုက်ပုံမှာ လက်ပြန် ကြိုးတုပ် သတ်ဖြတ်ပြီး ဆာလာအိတ်ထဲထည့် ထားတဲ့ အလောင်း သုံးလောင်းကို အောက်တိုဘာ ၂၁ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

 

သတ်ဖြတ်ခံထားရတဲ့ အမျိုးသား သုံးယောက်မှာ သားဖြစ်သူက အသက် ၃၀ ဝန်းကျင်ခန့်ရှိကာ ဖခင် ဖြစ်သူက အသက် ၅၀ ခန့် နဲ့ အသက် ၂၀ အရွယ် စာရေးမ တယောက်လည်း ပါကြောင်း သတ်ဖြတ်ခံထားရတဲ့ အသက် ၃၀ အရွယ် အမျိုးသားရဲ့ ဇနီး ဖြစ်သူဆီက သိရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

 

သေဆုံးသွားတဲ့ သူတွေက အောက်တိုဘာ ၁၁ ရက်နေ့က ကျယ်ဂေါင် ရွှေလီဘက် ဈေးဝယ်ဖို့ ဆိုပြီး ငွေ သိန်း ၁၀၀ ယူပြီး အသိမိတ်ဆွေ တယောက်နဲ့ ထွက်သွားကြတာ သိရတယ်လို့ ပြောပါတယ်။

“သူတို့အပြင်ထွက်သွားတာကလေးယောက်တဲ့ ၊ အခုက သေတဲ့သူ သုံးယောက်ပဲ ပြန်တွေ့သေးတာဆိုတော့ တယောက်ပျောက်နေတယ် ” လို့ ဒေသခံ တယောက်ကပြောပါတယ်။ ဒီလူသတ်မှုအတွက် နယ်မြေခံရဲစခန်းကတော့ သေမှုသေခင်းဖွင့်ပြီး ဆက်လက်စုံစမ်းနေတယ်လို့သိရပါတယ်။

 

မူဆယ်မြို့ဟာ နယ်စပ်စီးပွားရေး မြို့ဖြစ်တာအပြင် ဒေသတွင်း လက်နက်ကိုင် အဖွဲ့စုံရှိပြီး မကြာခဏ ပစ်ခတ်တိုက်ခိုက်တာ ၊ ဖမ်းဆီးသတ်ဖြတ်တာတွေလည်း ရှိနေပါတယ်။

 

ဒီနှစ်ဆန်းပိုင်းတုန်းကလည်း မူဆယ်မြို့မှာ တာဝန်ကျနေတဲ့ ရဲလေးယောက် ပျောက်ဆုံးနေပြီးနောက် ရက်ပိုင်းအကြာမှာတော့ ရဲသုံးယောက်ရဲ့ ရုပ်အလောင်းတွေကို အမှိုက်ပုံ တခုပေါ်ကနေ ပြန်တွေ့ခဲ့ရပြီး ကျန်ရဲတယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW