VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ

 

-ကြက်မွှေးကနေ စွမ်းအင်ထုတ်လုပ်နိုင်တော့မှာလား

-လကမ္ဘာပေါ် အာကာသယာဉ်မှူးစေလွှတ်ဖို့ အိန္ဒိယဘာတွေစီစဉ်နေလဲ

-ကမ္ဘာတဝန်း ဂြိုဟ်တုအင်တာနက်ပေးမယ့် အမေဇုန်

 

မျိုးဆက်(VOM)

အောက်တိုဘာ -၂၂-၂၀၂၃

 

(၁) ကြက်မွှေးကနေ စွမ်းအင်ထုတ်နိုင်မယ့် နည်းလမ်းသစ် ရှာဖွေတွေ့ရှိ

 

စင်ကာပူနိုင်ငံ နန်ယန်းနည်းပညာတက္ကသိုလ်နဲ့ အီတီအိတ်ချ်ဇူးရစ် တက္ကသိုလ်က သုတေသီတွေဟာ ကြက်မွှေးကနေ ဟိုက်ဒရိုဂျင် စွမ်းအင်ထုတ်လုပ်ရေး နည်းလမ်းသစ်ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

 

ဟိုက်ဒရိုဂျင်စွမ်းအင်ဟာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ အလားအလာရှိတဲ့ စွမ်းအင်အရင်းအမြစ်တမျိုးဖြစ်ပြီး လောင်စာဆဲလ်တွေဖန်တီးပြီး စွမ်းအင်ထုတ်လုပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။

 

လေ့လာမှုတွေအရ သုတေသီတွေဟာ ကြက်မွှေးကနေ ကီရာတင်ကို ထုတ်ယူပြီး အလွန်သေးငယ်တဲ့ အမျှင်လွှာအဖြစ် ပြုပြင်ပြောင်းလဲကာ လောင်စာဆဲလ်တွေအတွက် စွမ်အင်အရင်းအမြစ်အဖြစ် အသုံးပြုထားတယ်လို ဆိုပါတယ်။

 

ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း ကြက်မွှေးတန်ချိန် သန်း ၄၀ ထိ မီးရှို့ဖျက်ဆီးနေရပြီး ဒါဟာ သိသာထင်ရှားတဲ့ ကာဗွန်ထုတ်လုပ်မှုကို ဖြစ်စေကာ ဟိုက်ဒရိုဂျင်စွမ်းအင်ထုတ်လုပ်ရာမှာ ကြက်မွှေးကို အသုံးပြုတာကြောင့် ကြက်မွေးမြူရေးလုပ်ငန်းမှ စွန့်ပစ်ပစ္စည်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ထိရောက်တဲ့နည်းလမ်းတခုဖြစ်တယ်လို့ သုတေသီတွေကဆိုပါတယ်။

 

ဒီနည်းပညာ နောက်ဆုံးတွေ့ရှိမှုအတွက် မတူညီတဲ့နည်းလမ်းတွေ အသုံးပြုနိုင်ရေးကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီး ီနည်းပညာသစ်ဟာ အဆိပ်ဖြစ်စေတဲ့ ကာဗွန်ထုတ်လုပ်မှုကို တားဆီးနိုင်မှာဖြစ်တဲ့အပြင် သန့်ရှင်းတဲ့ စွမ်းအင်ထုတ်လုပ်နိုင်ရေး အလားအလာကောင်းတခုဖြစ်ကြောင်း အီးတီအိတ်ချ်ဇူးရစ်တက္ကသိုလ်က ပါမောက္ခ ရာဖေးမက်ဇ်ဇန်ဂါက ပြောပါတယ်။

 

 

(၂) လပေါ်ကို အာကသယာဉ်မှူးစေလွှတ်ဖို့ အိန္ဒိယစီစဉ်

 

အိန္ဒိယအာကာသအေဂျင်စီဟာ လာမယ့် ၂၀၄၀ ခုနှစ်အတွင်း လကမ္ဘာပေါ်ကို အာကာသယာဉ်မှူး တယောက်စေလွှတ်ဖို့ စီစဉ်နေပါတယ်။

 

ဒါဟာ အိန္ဒိယရဲ့ အာကာသနည်းပညာဆိုင်ရာ ရည်မှန်းချက်တွေထဲက အစိတ်အပိုင်းတရပ်ဖြစ်ပြီး ၂၀၃၅ ခုနှစ်မှာ ကိုယ်ပိုင်အာကာသစခန်းတခုတည်ဆောက်ဖို့လည်း ပါဝင်နေပါတယ်။

 

ဒီအစီအစဉ်တွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်မိုဒီက ယခုသီတင်းပတ်အတွင်းက ထုတ်ဖော်ကြေညာခဲ့တာဖြစ်ပြီး သောကြာဂြိုဟ်နဲ့ အင်္ဂါဂြိုဟ်လေ့လာရေးမစ်ရှင်တွေလုပ်ဆောင်ကြဖို့လည်း အိန္ဒိယသိပ္ပံပညာရှင်တွေကို တိုက်တွန်းထားပါတယ်။

 

သြဂုတ်လအတွင်းမှာတော့ အိန္ဒိယနိုင်ငံဟာ လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းမှာ ကမ္ဘာ့ပထမဆုံးအဖြစ် စူးစမ်းလေ့လာရေးယာဉ်စေလွှတ်ခဲ့ပြီး စက်တင်ဘာလအတွင်းမှာလည်း နေကိုစူးစမ်းလေ့လာမယ့် မစ်ရှင်တခု စေလွှတ်ခဲ့ပါတယ်။

 

အိန္ဒိယအာကာသအေဂျင်စီဟာ အောက်တိုဘာ ၂၁ ရက်ကလည်း အာကာသမစ်ရှင်ဆိုင်ရာ ဒုံးပျံစမ်းသပ်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး လူလိုက်ပါတဲ့ အာကာသမစ်ရှင်တွေကို ၂၀၂၄ ခုနှစ်မတိုင်မီစေလွှတ်ဖို့ ရည်ရွယ်နေပါတယ်။

 

(၃)စတားလင့်ခ်နဲ့အပြိုင် ကမ္ဘာ့တဝန်းကို ဂြိုလ်တုအင်တာနက်ပေးမယ့် အမေဇုန်

 

အမေဇုန်တည်ထောင်သူ ဂျက်ဘီဇို့ကတော့ အီလွန်မာ့ခ်ရဲ့ စတားလင့်ခ်နဲ့အပြိုင် ကမ္ဘာတဝန်းကို ဂြိုဟ်တုအင်တာနက်ပေးဖို့အတွက် ရှေ့ပြေးပုံစံ ဂြိုလ်တုနှစ်လုံးကို လွှတ်တင်လိုက်ပြီဖြစ်ပါတယ်။

 

Project Kuiper ဂြိုဟ်တုအင်တာနက် စီမံကိန်းဟာ လာမယ့်နှစ်အနည်းငယ်အတွင်း ဂြိုဟ်တုပေါင်း ၃၂၀၀ ကျော်ကို အာကာသထဲလွှတ်တင်ပြီး ကမ္ဘာ့ပေါ်က ဘယ်နေရာမဆို အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်ဖို့ ရည်ရွယ်နေပါတယ်။

 

ဒီစီမံကိန်းအတွက် အောက်တိုဘာ ၂၀ ရက်မှာ Atlas-5 ဒုံးပျံနဲ့ ဖလော်ရီဒါကနေ လွှတ်တင်ခဲ့တဲ့ KuiperSat-1 နဲ့ KuiperSat-2 ဂြိုဟ်တုနှစ်လုံးဟာ လိုအပ်တဲ့နည်းပညာတွေအတွက် စမ်းသပ်မှုတွေပြုလုပ် သွားမှာဖြစ်ပါတယ်။

 

အမေဇုန်ဟာ ၂၀၁၈ ခုနှစ်ကတည်းက ဒေါ်လာ ၁၀ ဘီလီယံရင်းနှီးမြုပ်နှံပြီး Project Kuiper စီမံကိန်းကို စတင်ခဲ့တာဖြစ် အီလွန်မာ့ခ်ရဲ့ စတားလင့်ခ်ကုမ္ပဏီကတော့ ဂြိုဟ်တုအင်တာနက်နည်းပညာနယ်ပယ်မှာ ဦးဆောင်နေပြီး လက်ရှိအချိန်ထိ ဂြိုဟ်တုပေါင်း ၄၈၀၀ ကျော်နဲ့ အင်တာနက်ဝန်ဆောင်မှုပေးပြီဖြစ်ပါတယ်။

 

ဗြိတိန်အခြေစိုက် Eutelsat-OneWeb ကုမ္ပဏီဟာ အင်တာနက်ဂြိုဟ်တုပေါင်း ၆၅၀ ကိုလွှတ်တင်ထားပြီး တရုတ်နိုင်ငံကလည်း အလားတူ စီမံကိန်းမျိုးအတွက် စတင်လုပ်ဆောင်နေကာ ဂြိုဟ်တုအင်တာနက်နည်းပညာ နယ်ပယ်က ကြီးထွားလာဖွယ်ရှိနေပါတယ်။

 

Ref: UPI/IE

 

Related posts

Leave a Comment

VOM News

FREE
VIEW