အောက်တိုဘာ ၂၇ – ၂၀၂၃
SN (VOM)
လက်ရှိ ပြည်တွင်းကားဈေးကွက်အတွင်း အကျဈေးနဲ့ အရောင်းအဝယ် ပုံမှန် ဖြစ်နေတယ်လို့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။
ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်ကြောင့် အမြင့်ဆုံးဈေးတန်းကို ရောက်ရှိခဲ့တဲ့ ပြည်တွင်းကားဈေးနှုန်းတွေဟာ အခုအောက်တိုဘာလအတွင်း အမျိုးအစားအလိုက် ပျမ်းမျှအားဖြင့် ၇၅ ရာခိုင်နှုန်းလောက် ဈေးပြန်လည်ကျဆင်းလာနေတယ်လို့ သိရပါတယ်။
“လက်ရှိ ကားဈေးကွက်အခြေအနေကတော့ ပုံမှန်ပါပဲ။ ပုံမှန်ပါပဲဆိုတာက အရောင်းအဝယ် တအားကြီးဖြစ်လားဆိုတော့လည်း မဖြစ်ဘူး။ လုံးဝ မရောင်းရဘူးဆိုတာလည်း မဟုတ်ဘူး။ သူ့ဟာနဲ့သူတော့ လိုအပ်ချက်ရှိတဲ့ကားကတော့ ဝယ်ကြ၊ ရောင်းကြတယ်။ ဒါပေမယ့် တက်သွားတဲ့ ဈေးနဲ့တော့ ဝယ်ကြတာမဟုတ်ဘူး၊ ချပေးတဲ့ဈေးကျမှ ဝယ်ကြတာ။ ကားဈေးက အရင်က ဖြစ်သင့်ဖြစ်ထိုက်တာထက် ဆွဲတင်လိုက်ကြတော့ ထိုက်သင့်တဲ့ဈေးထက် ကျော်လွန်သွားတာပေါ့။ အခု အခြေအနေအားလုံး ငြိမ်တဲ့အချိန်မှာတော့ အဲ့ဒီ့ ဆွဲတင်ထားတဲ့ဈေးကို ပြန်ချပေးရတယ်။ တချို့ကျတော့လည်း မချချင်ကြဘူးပေါ့။ အဲ့တော့ တချို့ကားဈေးတွေကတော့ မကျဘူးလို့ ပြောလို့ရတယ်။ ဒါပေမယ့် ရာခိုင်နှုန်းအားဖြင့်တွက်ရင်တော့ ၇၅ ရာခိုင်နှုန်းကတော့ ဈေးပြန်ချပေးတဲ့အတွက် ကားဈေးကပြန်ကျသွားတယ်။ ရောက်သင့်တဲ့ဈေးကိုပြန်ရောက်သွားပါတယ်” လို့ ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။
ဒါ့အပြင် အခုလို ကားဈေးတွေကျဆင်းနေတာဟာ ပြည်ပမှ ကားအစိတ်အပိုင်းတွေ တင်သွင်းပြီး ပြည်တွင်းမှာ ထုတ်လုပ်တပ်ဆင်ခြင်းစနစ် (SKD) နဲ့ သက်ဆိုင်မှုမရှိဘူးလို့လည်း သူက ပြောပါတယ်။
“SKD တင်သွင်းခွင့်ကြောင့်ဆိုတာက အထူးသဖြင့်ပြောရရင်တော့ ကားရပ်ဝန်းနဲ့ မနီးစပ်တဲ့သူတွေရဲ့ ပြောတဲ့စကား၊ အွန်လိုင်းပေါ်မှာ ပြောတဲ့စကားတွေပါပဲ။ တကယ်တမ်းကျတော့ SKD က ဟိုးအရင်ကတည်းက ပိတ်ထားတာလည်းမရှိသလို အများကြီးချပေးထားတာလည်း မရှိဘူး။ SKD က အရင်ကတည်းက မပိတ်ခဲ့ဘူး။ ဒါပေမယ့် တခုတော့ရှိတယ်၊ ကိုဗစ်ကာလအကျော်မှာနိုင်ငံခြားငွေ ကန့်သတ်ချက်နဲ့ သွင်းခဲ့ပြီးတော့မှ နှစ်အလိုက်လျာထားချက်မှာမှ ၃၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း လျှော့ချလိုက်တာရှိသလို တချို့ကျတော့လည်း သူ့အခက်အခဲကြောင့် မထုတ်တာရှိတယ်။ အဲ့လို မထုတ်တာနဲ့ လျှော့ချလိုက်တာကလွဲရင် ကျန်တဲ့ကဏ္ဍမှာတော့ SKD က ပိတ်လိုက်ပါတယ်၊ မပေးတော့ပါဘူးဆိုတာက လက်ရှိတာဝန်ယူထားတဲ့ အစိုးရလက်ထက်မှာ မရှိသလောက်ပါပဲ။ SKD ကြောင့် ကားဈေးတက်တယ်၊ ကျတယ်ဆိုတာကတော့ တိုက်ရိုက် အချိုးမကျဘူး” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ကားစျေးကျလာခြင်းဟာ နှစ်စဉ် အောက်တိုဘာလနဲ့ နိုဝင်ဘာလမှာ ထွက်ပေါ်လေ့ရှိတဲ့ ကားနဲ့ပတ်သက်တဲ့ မူဝါဒအပြောင်းအလဲနဲ့လည်း သက်ဆိုင်မှုမရှိဘူးလို့ သိရပြီး ကိုဗစ်ကာလအပြီး နောက်ပိုင်းကစလို့ လက်ရှိအချိန်အထိ မော်တော်ယာဉ်တင်သွင်းခွင့် မရှိသလောက် ရပ်တန့်သွားသလို နှစ်အလိုက် ထုတ်လုပ်တဲ့ခုနှစ် (Model Year) အနိမ့်ဆုံး မည်မျှ တင်သွင်းရမယ်ဆိုတဲ့ အချက်ကလည်း သတ်မှတ်ပြီးသားဖြစ်တာကြောင့် ကားနဲ့ပတ်သက်ပြီး နှစ်စဥ် ထွက်ပေါ်လေ့ရှိတဲ့ မူဝါဒ အပြောင်းအလဲဟာကားဈေးကွက်အပေါ် သက်ရောက်မှုမရှိနိုင်ဘူးလို့ သူက ပြောပါတယ်။
ဒါ့အပြင် လက်ရှိမှာ ဘဏ်တွေက ကားအရစ်ကျချေးငွေ (Auto Loan) ပြန်ဖွင့်ပေးထားပေမယ့် Model Year သတ်မှတ်ချက် ရှိနေတာကြောင့် ကားအားလုံးနဲ့ သက်ဆိုင်မှုမရှိဘူးလို့လည်း သူက ပြောပါတယ်။
“ပြောချင်တာက Model Year ကန့်သတ်ချက်ရှိရင် တချို့ဘဏ်က ဥပမာ ၂၀၁၀ အောက် မပေးဘူးဆိုရင် အဲ့ဒီ့ကားတွေက Auto Loan ပေါ်မှာ ဘာမှ ခံစားခွင့်မရှိတော့ဘူး။ ၂၀၁၅ မှ စပေးမယ့်ဘဏ်ရှိရင်လည်း ၂၀၁၅ အောက်တွေက Auto Loan နဲ့ ပတ်သက်တဲ့ အကျိုးခံစားခွင့် ဘာမှ မရှိတဲ့အတွက် ကားအားလုံးကို ခြုံငုံသက်ဆိုင်တယ်လို့ ပြောလို့မရဘူး။ ဒါပေမယ့် အခုလို ကားဈေးအေးတဲ့အချိန်နဲ့ Auto Loan ကျတဲ့အချိန်ကျတော့ အရောင်းအဝယ်က နည်းနည်းပိုဖြစ်ဖို့ ရာခိုင်နှုန်းများလာတာပေါ့” လို့ သူကပြောပါတယ်။
လက်ရှိ ကားဈေးကွက်အတွင်း ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ကျပ် သိန်း ၁၃၀၀ လောက်အထိ ဈေးခေါ်ရောင်းချခဲ့တဲ့ ကားတွေဟာ စက်တင်ဘာလကုန်ပိုင်းကစလို့ ဈေးကျဆင်းလာနေပြီး အဲ့ဒီ့လို ကျပ် သိန်း ၁၀၀၀ အထက် ကားတွေသာမက ကျပ် သိန်း၅၀၀ အောက် ကားတွေပါ ဈေးတွေတစ်ပြိုင်နက်တည်း ကျဆင်းလာနေတယ်လို့ သိရပါတယ်။
အရောင်းအဝယ်ကောင်းချိန်က ကျပ် သိန်း ၁၃၀၀ လောက်အထိ ဈေးခေါ်ရောင်းချခဲ့တဲ့ကားတွေဟာ လက်ရှိအချိန်မှာ ကျပ် သိန်း၂၅၀ ကျော်လောက်အထိကို ဈေးတွေထိုးကျပြီး ကျပ် သိန်း ၁၀၀၀ ဝန်းကျင်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် SKD စနစ်နဲ့ ထုတ်လုပ်ထားတဲ့ ကားဈေးနှုန်းတွေဟာလည်း ဩဂုတ်လအတွင်းက ကျပ် သိန်း ၁၀၀၀ ကျော်၊ ၁၀၀၀ဝန်းကျင်ကိုရောက်ရှိခဲ့ပေမယ့် လက်ရှိ
အချိန်မှာ ၂၀ ရာခိုင်နှုန်းလောက် ဈေးကျပြီး အနိမ့်ဆုံး ကျပ် သိန်း ၉၀၀ မှ အမြင့်ဆုံး ကျပ် သိန်း ၉၅၀ ဝန်းကျင်ဈေးနဲ့အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ကားဈေးကွက်