မော်လမြိုင် အ.ထ.က ၉ ကျောင်းမီးလောင်မှုနဲ့ပတ်သက်လို့ အမျိုးသမီး တဦး ဖမ်းဆီးခံရ

ရန်ကုန် ၊ အောက်တိုဘာ ၂၇ ၊၂၀၂၃

GG (VOM)

 

မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်က အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း မီးလောင်မှု နဲ့ပတ်သက်ပြီး အမျိုးသမီးတစ်ဦး ကိုဖမ်းဆီးစစ်ဆေးနေတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်မှုအရသိရပါတယ်။

 

အဆိုပါ ကျောင်းအတွင်း မီးလောင်မှုမဖြစ်ခင်မှာ စက်ဘီးနဲ့ အမျိုးသမီးတစ်ယောက်က ရောက်လာပြီး ကျောင်းကို မီးစတင်ရှို့တဲ့အကြောင်း cctv မှတ်တမ်းအရ တွေ့ရှိတယ်ဆိုပြီး သတင်းတွေထွက်ပေါ် အပြီး အဖမ်းခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

 

” တမြို့လုံးက cctv တွေကို ထိန်းချုပ်စင်တာကနေ အကုန်ပြန်ကြည့်လို့ရနေတာလေ၊ အဲ့တော့ အမှတ် ၉ ကျောင်းလမ်းမှာ ဘာတွေဖြစ်ခဲ့လဲပြန်ကြည့်ရတယ်၊ ရှို့မီးလို့တော့ သိရတာပဲ၊ ဘယ်သူကို ဖမ်းသွားတယ်၊ဘယ်သူဘယ်ဝါဆိုတာတော့ သေချာမသိရသေးပါဘူး ” လို့ မော်လမြိုင် ဒေသခံတစ်ဦးက ပြောပါတယ် ။

 

ကျောင်းမီးလောင်မှုနဲ့ပတ်သက်ပြီး မသင်္ကါဖွယ်ရာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတဲ့ကိစ္စနဲ့ပတ်သက်လို့ မေးမြန်းရန်မွန်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဆီ ဖုန်းဆက်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး ။

 

အဆိုပါ မီးလောင်မှုကြောင့် အလျား ၉၅ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုး၊ အုတ်ခံ၊ ပျဉ်ထောင် ၂ ထပ် ရှိတဲ့ နှစ်ပေါင်း ၁၁၀ သက်တမ်းရှိ ဦးသာညှင်း ကျောင်းဆောင် နဲ့ အလျား ၄၀ ပေ၊ အနံ ၃၀ ပေရှိ RC ၂ ထပ်ရှိတဲ့ သင်ထောက်ကူအဆောက်အဦ မီးလောင်ပျက်စီးခဲ့ပါတယ်။

 

မီး​လောင်မှုကြောင့် ပျက်စီး ဆုံးရှုံးမှု တန်ဖိုးက ငွေကျပ် ၉၉၇၅၀၀၀ ကျပ် ရှိခဲ့တယ် လို့ သတင်းထုတ်ပြန်မှုအရ သိရပါတယ် ။

 

မီးလောင်မှုကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦတွေကို အမြန်ဆုံး ပြန်လည်ပြုပြင်တည်ဆောက်သွားမယ့်အပြင် လတ်တလောမှာယာယီကျောင်းတည်ဆောက်ကာ ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းပြန်ဖွင့်ချိန်မှာ နှစ်သုတ်တက် စနစ်နဲ့ အရှိန်မပျက်ပညာသင်ကြားနိုင်ရေး စီစဉ်ထားတယ်လို့သိရပါတယ်။

 

အ.ထ.က ကျောင်းမီးလောင်မှုကတော့ အောက်တိုဘာလ ၂၅ ရက်နေ့ မနက် ၃ နာရီ ၃၀ လောက် ဖြစ်ပွားခဲ့တာဖြစ် ပြီး မီးလောင်မှုကိုlevel 2 အဆင့်သတ်မှတ်ကာ အချိန် နှစ်နာရီလောက်ကြာအောင် ငြိမ်းသတ်ခဲ့ရတယ်လို့သိရပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ တုန်းကလည်း အဆိုပါ အမှတ်(၉) အခြေခံပညာအထက်တန်း ကျောင်းဝန်းထဲက ရှေးဟောင်းနှစ်ထပ်ကျောင်းဆောင်နဲ့ သုံးထပ်ကျောင်းဆောင် မီးလောင်ကျွမ်းပျက်စီးမှုရှိခဲ့ပါတယ်။

 

#voiceofmyanmar #vom #မော်လမြိုင် #စာသင်ကျောင်းမီးလောင် #မီးသတင်း

Telegram Link: https://t.me/VOMNEWS2023/3198

 

Related posts

Leave a Comment

VOM News

FREE
VIEW