ပလက်ဝမြို့နယ်ထဲမှာ စစ်တပ်နဲ့ AA တိုက်ပွဲဖြစ် ၊ ဒေသခံ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

 

နိုဝင်ဘာ ၊ ၁၄ ၊ ၂၀၂၃

SP ( VOM)

ရခိုင်ပြည်နယ်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ ချင်းပြည်နယ် ၊ တောင်ပိုင်း ပလက်ဝမြို့နယ်ထဲကို ဒီကနေ့ မနက်၂ နာရီဝန်းကျင်ကနေ စတင် ကူးစက်လာပြီး ပလက်ဝမြို့နယ် တရွန်အိုင်ကျေးရွာမှာ စစ်တပ်နဲ့ AA အဖွဲ့တွေကြား တိုက်ခိုက်တာတွေ ဖြစ်လာနေတယ်လို့ ပလက်ဝ ဒေသခံတွေဆီက သိရပါတယ်။

” ပလက်ဝမြို့နယ် ၊ တရွန်အိုင်ရွာနားမှာ ဒီမနက် ၂ နာရီလောက်က တိုက်ပွဲစဖြစ်တယ် ၊ တရွန်အိုင်ရွာနားမှာရှိတဲ့ စစ်တပ်စခန်းကို AA အဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်တာဖြစ်တယ် ၊ ဒီမနက်အထိ ပစ်နေကြတာဖြစ်တယ် ၊ စစ်တပ်ဘက်က လက်နက်ကြီးတွေ ၊ လေယာဉ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာဖြစ်တယ် ၊ ထိခိုက်ဆုံးရှုံးမှု နှစ်ဘက်စလုံးမှာရှိတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ၊ အဲ့ဒါကြောင့် တိုက်ပွဲနားက ရွာတွေဖြစ်တဲ့ ဇဉ်ဘောင်ပြင်နဲ့ တရွန်အိုင်ရွာက ဒေသခံ ၃၀၀ ဝန်းကျင်လောက်က လူတွေဟာ ဖရုံချောင်ရွာဘက်ကို ထွက်ပြေးတိမ်ရှောင်ပြီး ယာယီ ခိုလှုံနေရတယ် ၊ အဲ့ဒီ လူတွေထဲမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲထားလို့ ထိခိုက်ဒဏ်ရာရထားသူတွေလည်း ပါတယ် ” လို့ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ချင်းပြည်နယ် လုံခြုံရေး အဖွဲ့ဆီကို VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး ။

ဒါ့အပြင် ပလက်ဝမြို့ခံ တယောက်က ” ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ဝန်းကျင်ကစလို့ တိုက်ပွဲရှောင် ဒုက္ခသည်စခန်း (IDP) သုံးခုရှိတယ် ၊ လူပေါင်း တသောင်းနီးပါး ခိုလှုံနေထိုင်ကြတယ် ၊ အဲ့ဒီနောက် ၂၀၂၂ မှာ အဲ့ဒီစခန်းတွေက လူတွေကို နေရပ်ပြန်နိုင်ဖို့ နစက ကကူညီပေးပြီး ပြန်ခိုင်းတယ် ၊ ရခိုင်ဘက်မှာ တိုက်ပွဲတွေစဖြစ်တာနဲ့ ပလက်ဝမြို့နယ်က ရေလမ်း ၊ ကုန်းလမ်း အကုန်ပိတ်ခံရတယ် ၊ ဒီနေ့မနက်က စပြီး ပလက်ဝ – ကျောက်တော် ရေယာဉ်လိုင်းတွေကို ပိတ်လိုက်တယ် ၊ ခရီးသည်တချို့ ပလက်ဝမှာပဲ ပိတ်မိနေတယ် ၊ ဒါ့အပြင် ပလက်ဝ – ဆမီး ၊ ပလက်ဝ – ရှင်လက်ဝ ၊ ပလက်ဝ- ကျီးလေး စတဲ့ ရေယာဉ်လိုင်းတွေ ပြေဆွဲခွင့် ပိတ်လိုက်တယ် ” လို့ ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းကလည်း ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းခရိုင်မှာရှိတဲ့ ရိဒ်ခေါဒါရ်မြို့၊ အိန္ဒိယ – မြန်မာ နယ်စပ်နားက နစက တပ်စခန်းတချို့ တိုက်ခိုက်ခံရပြီး ဒေသခံ ပြည်သူ ငါးထောင်နီးပါး မီဇိုရမ်ပြည်နယ်ထဲမှာ ထွက်ပြေးခိုလှုံနေရတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW