စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် စက်သုံးဆီစျေးနူန်းတွေ အဆမတန်မြင့်တက်နေ

 

နိုဝင်ဘာ ၊ ၂၄ ၊၂၀၂၃

SP ( VOM)

လွန်ခဲ့တဲ့ ရက်ပေါင်း ၂၀ ကျော်စလို့ ဒီကနေ့အထိ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာရှိတဲ့ တမူး ၊ ကလေး ၊ ကလေးဝ ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း စတဲ့ မြို့နယ်တွေကို ကုန်စည်ပို့ဆောင်တဲ့ ကားလမ်းတွေ ပိတ်ဆို့ခံထားရတာကြောင့် စက်သုံးဆီစျေးတွေ အဆမတန် မြင့်တက်လာနေတယ်လို့ ယာဥ်သုံးစွဲသူ ဒေသခံတွေဆီက သိရပါတယ်။

” ကလေးမြို့ကို မုံရွာ – မန္တလေးဘက်ကနေ ကုန်စည်ပို့ဆောင်ဖို့ဆိုရင် အရင်က မုံရွာ – ဂန့်ဂေါ – ကလေး ကားလမ်းကနေ ကုန်ကားတွေလာတယ် ၊ အဲ့ဒီလမ်းကြောင်းမှာက တိုက်ပွဲတွေ ၊ မြေမြုပ်မိုင်းတွေကြောင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက လမ်းပိတ်ထားတာ နှစ် နှစ်ကျော်နေပြီ ၊ အခုဆို ကားတွေသွားမရတော့ဘူး ၊ နောက်တလမ်းက မုံရွာ – ယာကြီး – ကလေးဝ – ကလေး ကားလမ်းပိုင်းကလည်း ၂၀၂၁ ကတည်းက အခုထိ လမ်းပိတ်ထားတယ် ၊ အဲ့ဒါကြောင့် စစ်ကိုင်းတိုင်း အထက်ပိုင်းကို သွားလာသမျှ ကားတွေဟာ မုံရွာ – ရေဦး – တန့်ဆည် – ကလေးဝ မဟာမြိုင်တောလမ်းကနေ ကားတွေသွားရတယ် ၊ အဲ့ဒီ မဟာမြိုင် တောလမ်းကလည်း လွန်ခဲ့တဲ့ ရက်ပေါင်း ၂၀ ကျော်လောက်ကစပြီး ဒီကနေ့အထိ ထိတွေ့တိုက်ပွဲတွေကြောင့် လမ်းပိတ်ထားတယ် ၊ အဲ့ဒါကြောင့် စစ်ကိုင်းတိုင်း အထက်ပိုင်းက မြို့နယ်တွေမှာ စက်သုံးဆီ အပါအဝင် ကုန်ပစ္စည်း ဝင်ရောက်တာတွေ ရပ်တန့်သွားတယ် ၊ ကုန်သည်တွေအနေနဲ့ ဒေသတွင်း လက်ကျန် ကုန်ပစ္စည်းတွေကို မျှတပြီး ရောင်းချပေးနေရတယ် ၊ အဲ့ဒီတော့ ကုန်စျေးနူန်းက အဆမတန်မြင့်လာတယ် ၊ အခုဆိုရင် ကလေးမြို့မှာ ဓာတ်ဆီ တဂါလံကို ငါးသောင်း ၊ ကလေးဝမြို့မှာ လေးသောင်း ၊ တမူးမြို့မှာ နှစ်သောင်း ရှစ်ထောင် ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း စတဲ့မြို့တွေမှာ သုံးသောင်း ဖြစ်တယ် ” လို့ ဒေသခံ စက်သုံးဆီ လုပ်ငန်းရှင် တယောက်က ပြောပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းက မြို့နယ်တွေကို နှစ်စဥ် စက်သုံးဆီတွေ တင်ပို့အခါမှာ ဧရာဝတီမြစ်ကြောင်းနဲ့ ချင်းတွင်းမြစ်ကြောင်းကနေတဆင့် ဆီတွဲရေယာဥ်တွေနဲ့ အဓိကထား ပို့ဆောင်ကြရပြီး ဒီနှစ် ရေကြောင်းကောင်းတဲ့ ရာသီမှာ အဲ့ဒီ စက်သုံးဆီ ရေယာဥ်တွေဟာ တိုက်ပွဲဖြစ်စဥ်တွေကြောင့် စစ်ကိုင်းတိုင်း အထက်ပိုင်းက မြို့တွေဆီကို လာရောက်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

ကလေးမြို့ စက်သုံးဆီ လုပ်ငန်းရှင်တယောက်က ” ပြီးခဲ့တဲ့ နှစ် နှစ်ကျော်က ၊ ကလေးမြို့ကို ဝင်ရောက်တဲ့ စက်သုံးဆီ ပမာဏရဲ့ ၂၀ ရာခိုင်းနူန်းလောက်ပဲ ဝင်ရောက်တယ် ၊ ကလေးမြို့နယ်မှာ စက်သုံးဆီ လိုအပ်ချက်က ၈၀ ရာခိုင်နူန်း အထက်မှာ ရှိနေတယ် ၊ အဲ့ဒီလို ဖြစ်ရတာက ချင်းတွင်းမြစ်ကြောင်းမှာ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်လို့ ဆီသယ် တွဲရေယာဥ်တွေ မဝင်ရောက်လို့ ဖြစ်တယ် ၊ ဆီသယ်တွဲရေယာဥ် တစီးကို ဆီပမာဏ ဂါလံ သိန်းချီပါတယ် ၊ ကားတွေက ဂါလံ ရှစ်ထောင်အပြင် မပါဘူး ၊ ကားနဲ့ ရေယာဥ်ဆိုရင် ရေယာဥ်က ကုန်ကျစရိတ် သက်သာပြီ ၊ ဆီပါဝင်မှု အရေအတွက် ကားထက်ပိုများတယ် ၊ ချင်းတွင်းနဲ့ ဧရာဝတီမြစ်ကြောင်းမှာ ဆီတွဲရေယာဥ်တွေ မဝင်ရောက်သ၍ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ စက်သုံးဆီ စျေးနူန်းတွေ ပြန်မကျပဲ အမြင့်စျေးမှာ ဆက်ပြီးရှိနိုင်တယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ လဆန်းပိုင်းက ချင်းတွင်းမြစ်ကြောင်းအတွင်း သွားလာနေတဲ့ စက်သုံးဆီသယ် ရေယာဥ်တွေကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးပြီး ရေယာဥ်တချို့ မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ သတင်းထုတ်ပြန်တာ ရှိပါတယ်။

အဲ့ဒါကြောင့် စက်သုံးဆီကို အမှီပြုနေရတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းက ရွှေသတ္ထု တူးဖော်ရေး လုပ်ငန်းတွေ ၊ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေ အပါအဝင် သယ်ယူပို့ဆောင်ရေး ယာဥ်ယန္တယားတွေ အများစု ရပ်နားထားရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ကလေးမြို့ ဆီဆိုင်တခုမြင်တွေ့ရပုံ ( ဒေသခံတဦး)

 

Related posts

Leave a Comment

VOM News

FREE
VIEW