တိုက်ပွဲတွေကြောင့် တလအတွင်း မြန်မာဒုက္ခသည် သုံးသိန်းသုံးသောင်းကျော်ထိ တိုးလာ

 

ကုလသမဂ္ဂ၊ နိုဝင်ဘာ-၂၅-၂၀၂၃

မျိုးဆက်(VOM)

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အောက်တိုဘာနှောင်းပိုင်းမှစပြီး နေရပ်စွန့်ထွက်ပြေးနေရတဲ့ ဒုက္ခသည် ၃၃၅၀၀၀ နီးပါးရှိလာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်အပါအဝင် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ကျယ်ပြန့်လာနေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေဟာ စစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၂၀၀ ဝန်းကျင်သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ နေရပ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

ယခုနှစ်အတွက် အကူအညီရန်ပုံငွေ ၂၈ ရာခိုင်နှုန်းသာ ရရှိထားသေးတာကြောင့် အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေအတွက် ထည့်ဝင်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေဟာ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ စစ်ရေးအသာစီးရယူနေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ မကြာသေးမီက ထိုးစစ်ဆင်မှုဟာ နိုင်ငံရေးအပြောင်းအလဲကို ချက်ချင်းဦးတည်သွားမှာ မဟုတ်သေးကြောင်း တိုကျိုတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ နာကာနီရှီယိုရှီဟီရိုက သုံးသပ်ပြောဆိုပါတယ်။

Ref:NHK

Photo:CNN

 

Related posts

Leave a Comment

VOM News

FREE
VIEW