ရွှေဘိုမှာ KTV ဆိုင်ထဲ ပစ်ခတ်မှုဖြစ်ပွားလို့ လူ လေးယောက် သေဆုံး

 

နိုဝင်ဘာ ၊ ၂၈ ၊ ၂၀၂၃

SP ( VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့ ၊ သူဇာရပ်ကွက်ထဲမှာရှိတဲ့ KTV ဆိုင်တခုမှာ မနေ့ နိုဝင်ဘာ ၂၇ ရက် ညပိုင်းက ဆိုင်အတွင်း ပစ်ခတ်မှုတွေဖြစ်ပွားပြီး သေဆုံးဒဏ်ရာရတာတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ညကဖြစ်တာပါ ၊ သူဇာရပ်ကွက်ထဲက ညမွှေးပန်း KTV ဆိုင်မှာ ဒေ သတွင်း လက်နက်ကိုင်အဖွဲ့တွေ ရောက်နေတယ်ဆိုပြီး လုံခြုံရေးအဖွဲ့က ဖမ်းဖို့လာတဲ့အခါ KTV ဆိုင်မှာ ရောက်နေတဲ့ သူတွေက အဖမ်းမခံပဲ လုံခြုံရေးအဖွဲ့ကို သေနတ်နဲ့ ပစ်တယ် ၊ အဲ့ဒါကြောင့် လုံခြုံရေး အဖွဲ့က ပြန်ပစ်လိုက်တာ လေးယောက်သေတယ် ၊ အဲ့ဒီနောက် ဆိုင်က လူတချို့ ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ လူ ဘယ်လောက် ဖမ်းသွားတယ်ဆိုတာ မသိရဘူး ၊ သေဆုံးတဲ့ လေးယောက်က ဧည့်သည်တွေ ဖြစ်တာကြောင့် နာမည်တွေ အသက်တွေ နေရပ်တွေ မသိရသေးဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” KTV ဆိုင်မှာ သတင်းအရ သွားရောက်စစ်ဆေးတဲ့အခါ ၊ အသာတကြည် စစ်ဆေးမခံပဲ ၊ စတင် ပစ်ခတ် ခုခံတာကြောင့် ထိတွေ့မှုတွေဖြစ်တယ် ၊ သေဆုံး ဒဏ်ရာရ အဖမ်းခံရသူတွေရှိတယ် ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တွေဘက်မှာ ပြီးခဲ့တဲ့ လတွေကစလို့ KTV ဆိုင်တချို့ ဖမ်းဆီးတာနဲ့ ပစ်ခတ်ခံရတာတွေရှိတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက်ကလည်း ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ ဆိုင်းတောင် (ဆိပ်မူ)ကျေးရွာ၊ မှော်ရှန်ရပ်ကွက်က ရှင်းရင် KTV နဲ့ ဟိုတယ် လုပ်ငန်းမှာ ပစ်ခတ် ၊ ဖမ်းဆီးမှုတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်က ဖားကန့်မြို့နယ် ၊ ဆိုင်းတောင်ကျေးရွာမှာရှိတဲ့ KTV ဆိုင် ခန်းမမှာ မွေးနေ့ပွဲ လုပ်နေတဲ့ နစက လုံခြုံရေး တပ်ဖွဲ့ဝင်တချို့ ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။

၂၀၂၂ နိုဝင်ဘာ ၁၂ ရက်ကလည်း ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ပေါ်က Happy KTV ဆိုင်မှာ ဆလမ်ကမ်ဘာ လဖိုင်အောင်ဂမ် (မလိယာန်တိုက်နယ် အုပ်ချုပ်ရေးမှူး)၊ ဆလမ်ကမ်ဘာ ဆဂ မုန်းထွယ် (မလိယာန်တိုက်နယ် ဒုအုပ်ချုပ်ရေးမှူး)၊ ဆလမ်ကမ်ဘာ ရှရော် ခွန်ထွယ် (နောင်နန်းတိုက်နယ် အုပ်ချုပ်ရေးမှူး)၊ ဆလမ်ကမ်ဘာ မီတုံဘောင်ကျန်း (နောင်နန်းတိုက်နယ် ဒုအုပ်ချုပ်ရေးမှူး)၊ KIA ဒုဗိုလ် မရစ်လအောင် (မြစ်ကြီးနားမြိုနယ် ထောက်လှမ်းရေးမှူး)၊ ဆလမ်ကမ်ဘာ လုဆင်းခေါယိန်း (မြစ်ကြီးနားမြိုနယ် C.D.O)၊ နဲ့ ဆလမ်ကမ်ဘာ ဖောင်ခွန်း နော်ဘမ်း (ဖားကန့်တိုက်နယ် စာရေး)နှင့် အခြားအဖွဲ၀င် (၉)ယောက် ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW