နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်မှာ မြောက်ကိုရီးယားစစ်သားတွေ လက်နက်ပြန်လည် ကိုင်ဆောင်နေ

 

ဆိုးလ်၊ နိုဝင်ဘာ-၃၀-၂၀၂၃

မျိုးဆက်(VOM)

မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားအကြား ပိုင်းခြားထားတဲ့ ပူးတွဲလုံခြုံရေးနယ်မြေဖြစ်တဲ့ စစ်မဲ့ဇုန်မှာ စစ်ရေးတင်းမာမှုတွေကို လျှော့ချဖို့ ရည်ရွယ်တဲ့ သဘောတူညီချက်ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားစစ်သားတွေဟာ လက်နက်တွေကိုင်ဆောင်နေတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနဲ့ သဘောတူထားတဲ့ ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူညီချက်ကို လိုက်နာမှာမဟုတ်တော့ကြောင်း မြောက်ကိုရီးယားက ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ပြန်ကြေညာပြီး လက်နက်ပြန်လည်ကိုင်ဆောင်လာတာဖြစ်ပါတယ်။

စစ်မဲ့ဇုန်ဖြစ်တဲ့ ပန်မွန်ဂျုံဒေသမှာ တပ်စွဲထားတဲ့ မြောက်ကိုရီးယားစစ်သားတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်နှောင်းပိုင်းကစပြီး ပစ္စတိုသေနတ်တွေကို ကိုင်ဆောင်နေကြတာကို တွေ့ရှိရတယ်လို့ တောင်ကိုရီးယားစစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ပူးတွဲစစ်ရေးသဘောတူညီချက်အရ နယ်မှာ လက်နက်ဖြုတ်သိမ်းဖို့ သဘောတူထားတာဖြစ်ပါတယ်။ ဒီအခြေအနေအတိုင်းဆက်ဖြစ်နေတယ်ဆိုရင် တောင်ကိုရီးယားစစ်တပ်ဟာလည်း နယ်စပ်မှာ လက်နက်တွေ ပြန်လည်တပ်ဆင်နိုင်တယ်လို့ ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားက စစ်ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မှုနဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူညီချက်ကို တောင်ကိုရီးယားက နိုဝင်ဘာ ၂၂ ရက်မှာ တစိတ်တပိုင်း ဆိုင်းငံ့ခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ ဒီသဘောတူညီချက်အားလုံးကို ရပ်ဆိုင်းလိုက်ပြီး စစ်ရေးအစီအမံအားလုံးကို ပြန်လည်ဖြန့်ကြက်မယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:NHK

Photo:Wikimedia

 

Related posts

Leave a Comment

VOM News

FREE
VIEW