လွိုင်ကော် သီရိမင်္ဂလာဈေး (တောင်ဈေး) လက်နက်ကြီးကျလို့ မီးလောင်ပျက်စီး

 

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ -၂၀၂၃

GG (VOM)

လွိုင်ကော်မြို့က ဆိုင်ခန်းပေါင်း ထောင်ချီရှိတဲ့ သီရိမင်္ဂလာဈေးကြီး(တောင်ဈေး) ထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဈေးတခုလုံးမီးလောင်ပျက်စီးသွားပြီဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မနက်စော ၁ နာရီလောက်ကစပြီး ဈေးကြီးထဲကဆိုင်ခန်းတွေ မီးလောင်ခဲ့တာဖြစ်ပြီး မနက်စော ၇ နာရီလောက်မှာတော့ ဈေးတခုလုံး မီးလောင်ပျက်စီးသွားတာကိုတွေ့ရတယ်လို့ ဒေသခံတွေကပြောပြပါတယ်။

” လက်နက်ကြီးကျပြီး မီးလောင်တာကိုသိပေမယ့် ဘယ်သူမှ မီးကိုလာမငြှိမ်းကြဘူး။ မီးသတ်တွေလည်းမလာကြဘူး။ပြည်သူတွေကလည်း မငြှိမ်းရဲကြဘူးလေ။မနက်ရောက်တော့ အကုန်ဘာမှမရစရာမရှိတော့ဘူး။ပုံတွေထဲကအတိုင်းပါပဲလို့ လွိုင်ကော် ဒေသခံတယောက်ကပြောပါတယ်။

လွိုင်ကော် သီရိမင်္ဂလာဈေးက သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၀ ကျော်ရှိပြီး အဝတ်အစား၊ အစားအသောက်၊လျှပ်စစ်ပစ္စည်း ၊ စားသောက်ကုန် ၊ ပြုပြင်ရေးလုပ်ငန်း စတဲ့လုပ်ငန်းဆိုင်ခန်းမျိုးစုံရောင်းချဖွင့်လှစ်ထားတာဖြစ်ပေမယ့် လွိုင်ကော်မှာတိုက်ပွဲတွေပြင်းထန်းလာကတည်းက ဈေးကြီးကမဖွင့်နိုင်ပဲ ပိတ်ထားရတာဖြစ်တယ်လို့သိရပါတယ်။

မနေ့က ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း လွိုင်ကော်မြို့ရဲ့ အထင်ကရ စေတီဖြစ်တဲ့ တောင်ကွဲစေတီတော်မှာလည်း လက်နက်ကြီးထိမှန်ပြီး ပျက်စီးမှုအနည်းငယ်ရှိခဲ့တယ်လို့သိရပါတယ်။

” ပစ်ခတ်နေတာပဲ ၊စစ်တပ်ကလည်းပစ်နေတယ်၊ pdf တွေဘက်ကလည်း လက်နက်တွေနဲ့ပစ်နေတာပဲ။ ခုထိလည်း ပစ်နေကြတုန်းပဲ။ မြို့ထဲမှာလည်း လူသိပ်မကျန်တော့ပါဘူး။တိုက်ပွဲကြာလေ ပျက်စီးမှုကများလေပါပဲ၊ထိခိုက်သေဆုံးသူတွေလည်းရှိနိုင်ပါတယ် “လို့ နောက်ထပ် လွိုင်ကော်ဒေသခံတယောက်ကပြောပါတယ်။

လွိုင်ကော်မြို့မှာ ဒေသတွင်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲတွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေဖြစ်ပွားနေတာ နိုဝင်ဘာလ ၁၁ ရက်နေ့ကတည်းကဖြစ်လို့ ခုဆိုရင် တိုက်ပွဲကာလ ၁ လဝန်းကျင်အထိ ကြာမြင့်လာနေပြီဖြစ်ပါတယ်။

နှစ်ဖက် တိုက်ပွဲတွေအကြားမှာ အရပ်သားပြည်သူတွေ ထိခိုက် သေဆုံးတာ ဒဏ်ရာရတာတွေရှိသလို နေအိမ်တွေ ၊ဘာသာရေးအဆောက်အဦးတွေ၊ လွိုင်ကော်ဟိုတယ်၊ အခု သိရီမင်္ဂလာဈေး၊ တောင်ကွဲစေတီ စတဲ့ အဆောက်အဦး ထိခိုက်ပျက်စီးမှာတွေရှိနေတယ်လို့သိရပါတယ်။

လက်ရှိ သီရိမင်္ဂလာဈေးမီးလောင်ပျက်စီးမှု၊ တောင်ကွဲစေတီ လက်နက်ကြီးထိမှန်မှု နဲ့ပတ်သက်လို့ PDF တွေဘက်ကလည်း တစုံတရာထုတ်ပြန်ပြောဆိုတာမရှိသေးသလို နစက ဘက်ကလည်း သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

တိုက်ပွဲပြင်းထန်လာမှုနဲ့အတူ လွိုင်ကော်မြို့ခံတွေထဲကနေ မြို့ကိုစွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်သူအများအပြားရှိလာနေသလို မြို့ထဲမှာပဲကျန်ခဲ့ပြီး အကူအညီတွေ ပေးနေတဲ့ ဒေသခံတွေလည်းရှိနေတယ်လို့သိရပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW