ဒီဇင်ဘာ ၊ ၁၂ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊ မင်းတိုင်ပင်ကျေးရွာမှာရှိတဲ့ NUG တရားရုံးကို ဒီကနေ့ ၊ နေ့လယ် ၁၂ နာရီဝန်းကျင်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် သေဆုံး ဒဏ်ရာရတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” NUG တရားရေးရုံးပေါ်ကို လေကြောင်းပစ်ခတ်လို့ လက်နက်ကြီးကျရောက်ပေါက်ကွဲတယ် ၊ လတ်တလော သိရတာက တရားရေး ဥက္ကဌ ဦးသိန်းအောင်နဲ့ဇနီး အပါအဝင် လုံခြုံရေး ယူပေးနေတဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ရဲဘော်တယောက်နဲ့ဆို ငါးယောက်သေတယ် ၊ တရားရုံးလာတဲ့ အမှုသည် တွေထဲက လေးငါးယောက်က ထိခိုက်ဒဏ်ရာရတယ် ၊ အသေအပျောက် အရေအတွက်က အတည်မဖြစ်သေးဘူး ၊ ဒဏ်ရာတွေကပြင်းတယ် ” လို့ မင်းတိုင်ပင် ဒေသခံတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ သတင်းထုတ်ပြန်ထားက ပုလဲမြို့နယ် NUG တရားရုံးဗုံးကျဲခံရလို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ကိုပေါပြည့်အောင် အပါအဝင် လူ ငါးယောက် သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင် လုံခြုံရေးအဖွဲ့ဆီ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။
ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက် မနက် ၁၀ နာရီဝန်းကျင်ကလည်း ပုလဲမြို့နယ် ၊ မြကုန်းကျေးရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားလို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့က လေးယောက် သေဆုံးပြီး ကျေးရွာမှာရှိတဲ့ လူနေအိမ်တချို့ မီးလောင်ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်က ပုလဲမြို့ပေါ်မှာရှိတဲ့ မြို့မရဲစခန်းနဲ့ ထွေ/ အုပ်ရုံး တိုက်ခိုက်ခံရတာတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ အခင်းဖြစ်တရားရုံးအားမြင်ရပုံ (ဒေသခံတဦး)