Dawei Watch သတင်းဌာနက သတင်းသမား နှစ်ယောက် မြိတ်မြို့မှာ ဖမ်းဆီးခံရ

 

ဒီဇင်ဘာ ၊ ၁၃ ၊ ၂၀၂၃

SP ( VOM)

တနင်္သါရီတိုင်း ၊ မြိတ်မြို့မှာ အခြေစိုက် နေထိုင်တဲ့ Dawei Watch သတင်းဌာရဲ့ သတင်းထောက် နှစ်ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်ညက နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူတို့နေအိမ်ေတွမှာ လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ Dawei Watch သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ ထုတ်ပြန်ချက်မှာ မြိတ်မြို့မှာနေထိုင်တဲ့ Dawei Watch သတင်းသမား ကိုအောင်ဆန်းဦးနဲ့ ကိုမျိုးမြင့်ဦး တို့ နှစ်ယောက်ဖြစ်ပြီး သတင်းရေးသားမှုကြောင့် အခုလို လာရောက်ဖမ်းဆီးရတာဖြစ်ကြောင်း အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေ ပြောဆိုမှုကို ကိုးကားပြီး ဖော်ပြထားပါတယ်။

အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး Dawei Watch သတင်းဌာနကို VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ် မရသေးပါဘူး။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်း လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” မြိတ်ဘက်မှာ သတင်းသမား နှစ်ယောက် ဖမ်းဆီး စစ်ဆေးနေတယ်လို့ ကြားရတယ် ၊ စစ်ဆေးနေဆဲကာလမို့ အခြေအနေ မသိရသေးဘူးဖြစ်တယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ၊ မတ် ၁ ရက်ညကလည်း တနင်္သာရီတိုင်း ၊ မြိတ်မြို့မှာ နေထိုင်တဲ့ DVB သတင်းဌာနရဲ့ သတင်းထောက် ကိုအောင်ကျော် ဖမ်းဆီးခံရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က ရခိုင် ပြည်နယ် ၊ စစ်တွေမှာ အခြေစိုက်တဲ့ Development Media Group (DMG) သတင်းဌာနရုံးခန်းကို ချိပ်ပိတ်ပြီး သတင်းထောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် Myanmar Now သတင်းဌာနက ဓါတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကိုလည်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆ ရက်နေ့က အလုပ်ကြမ်းနဲ့ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ထားတယ်လို့ သိရပါတယ်။

” တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ပြီးခဲ့တဲ့ ၂၀၂၁ ကစလို့ အခုထိ ပြည်တွင်း သတင်းသမား ၄၀ ထက်မနည်း ဖမ်းဆီးခံရတယ် ၊ တချို့လည်း စစ်ဆေးပြီး ပြန်လွတ်ပေးတယ် ၊ ထောင်ဒဏ်ကျတဲ့သူတွေလည်း လျော့ပေါ့ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတာတွေရှိတယ် ၊ တချို့လည်း အခုထိ မလွတ်သေးဘူး ၊ နောက်ပြီး ရခိုင်ဘက်မှာ သတင်းသမားတချို့ မတရားသင်းနဲ့ ဆက်သွယ်မှု အပါအဝင် အကြမ်းဖက်မှုတွေနဲ့ပါ ဖမ်းဝရမ်းထုတ်ခံရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတယ် ” လို့ မြန်မာ့ ဂျာနယ်လစ် ကွန်ရက် (MJN) အဖွဲ့ဝင် တယောက်က ပြောပါတယ်။

နစကရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းသမားတွေ သတင်းရေးလို့ ဖမ်းခံရတာ မရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ဖူးပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW