ဒီဇင်ဘာ ၁၄ – ၂၀၂၃
SN (VOM)
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ အလုပ်သမားတွေအတွက် မြန်မာနိုင်ငံကိုပြန်ဖို့မလိုဘဲ အထောက်အထားရရှိအောင် ဆောင်ရွက်ပေးမယ်လို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့က နေပြည်တော်မှုပြုလုပ်တဲ့ ထိုင်းနိုင်ငံ (CI) စာအုပ်ထုတ်ပေးရေး စခန်းတွေမှာ သွားရောက် တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်အကြိုသင်တန်းဆင်းပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပြီး ထိုင်းရောက် မြန်မာလုပ်သားတွေအတွက် လိုအပ်တဲ့ အထောက်အထားရရှိဖို့ ကုန်ကျစရိတ်နဲ့ အချိန်ကုန် သက်သာအောင် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
“CI ဆိုတာက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ပါ။ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ အလုပ်သမားတွေကို ဥပဒေနဲ့အညီ work permit ၊ ဗီဇာရရှိစေဖို့နဲ့ တရားဝင် အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရရှိခံစားနိုင်စေဖို့ ဆောင်ရွက်ပေးမှာပါ။ ဒီ့အတွက် မြန်မာနိုင်ငံကို ပြန်လာဖို့မလိုဘဲ ထိုင်းနိုင်ငံအတွင်းမှာပဲ အထောက်အထား ရရှိစေဖို့ အဲ့ဒီ့မှာပဲ CI စခန်းတွေဖွင့်ပြီး ဆောင်ရွက်ပေးမှာပါ” လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
အခုနှစ် ဇူလိုင် ၅ ရက် ထိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်အရ ထိုင်းအလုပ်ရှင်တွေက အမည်စာရင်း တင်သွင်းထားတဲ့ မြန်မာအလုပ်သမား ကိုးသိန်းခန့်ရှိပြီး အဲ့ဒီ့ အလုပ်သမားတွေအတွက် ထိုင်းနိုင်ငံမှာ ဖွင့်လှစ်မယ့် CI စခန်း ငါးခုနဲ့ Mobile Unit သုံးခုမှာ ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ့အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနမှ စုစုပေါင်း အရာထမ်း၊ အမှုထမ်း ၄၀ နဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ၁၃ ဦးတို့ကို တာဝန်ထမ်းဆောင်နိုင်ဖို့ စေလွှတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Photo: MLM