ရန်ကုန်၊ ဒီဇင်ဘာ ၂၀- ၂၀၂၃
GG(VOM)
ပြည်တွင်းကားဈေးကွက်ကို အတက်ဘက်ကို ရောက်လာစေနိုင်တဲ့ အမိန့်၊ မူဝါဒသစ် တွေ ထွက်ပေါ်မလာသရွေ့ ကားဈေးကွက်က ပြန်တက်လာနိုင်မယ့်အခြေအနေမရှိဘဲ တည်ငြိမ်နေမယ်လို့ မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရေး ရောင်းချရေး လုပ်ငန်းရှင်များအသင်းရဲ့အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးကျော်စွာထွန်းမြင့် သုံးသပ်ပြောဆိုလိုက်ပါတယ်။
ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကားဈေးကွက်အခြေအနေအရ ကားဈေးတွေဟာ ၂၀၂၃ နှစ်စ လေးလတဖြတ်မှာ ဈေးငြိမ်ပြီး ဒုတိယလေးလတဖြတ်မှာဈေးအမြင့်ဆုံးထိ တက်ကာ တတိယ လေးလ တဖြတ်ဖြစ်တဲ့လက်ရှိကာလမှာ ဈေးကွက်ပြန်ငြိမ်သွားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေအရ လာမယ့် ၂၀၂၄ မတ်လအထိကို ပုံမှန်မဟုတ်တဲ့ အကြောင်းအရာတွေ မရှိသရွေ့ ကားဈေးကထိုးတက်လာနိုင်စရာမရှိဘဲ ဧပြီလရောက်မှသာ ကားဈေးကွက် အတက်အတကျကို စောင့်ကြည်ရမှာဖြစ်တယ်လို့ဆိုပါတယ်။
“အရင် ၂၀၂၃ ခုနှစ် စမှာတုန်းက ဒီလိုပဲ ကားဈေးကတည်ငြိမ်ပြီးသွားတယ်။ ၃ လပိုင်းအကုန် ၄ လပိုင်းလောက်မှာဈေးနည်းနည်းအဝယ် လေးလှုပ်ခတ်လာတာပေါ့ ဈေးတက်တဲ့အဆင့်မဟုတ်ဘူး ဈေးလေးနည်းနည်းတြးြဖြေးချင်းပါလာတာပေါ့၊ အဲ့ဒီနောက်ဈေးလေးကတဖြေးဖြေးပါပါလာပြီး ဇူလိူင်မှာ အမြင့်ဆုံးကိုရောက်သွားတာပေါ့။ခုပြန်ငြိမ်နေတယ်။၂၀၂၄ နှစ်မှာလည်း ဧပြီ ၁ ရက်မှာ ဈေးကတက်မလားကျမလားဆိုတာ နည်းနည်းလေး သိရမယ်။ လက်ရှိကတော့ ၂၀၂၄ မှာ ဈေးတက်သွားဖို့အကြောင်းအရာ သိပ်မရှိတဲ့အတွက်ကြောင့် ပုံမှန်မဟုတ်တဲ့အကြောင်းအရာကြောင့်မဟုတ်ရင် ဈေးမတက်နိုင်ဘူးလို့ သုံးသပ်ပါတယ်။ ဒါကြောင့် ဇန်နဝါရီ၊ ဖေဖော်ဝါရီမှာတော့ ဈေးကအခုတိုင်း တည်ငြိမ်ပြီးပဲရှိနေနိုင်မယ် “လို့ ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။
လက်ရှိမှာတော့ ပြည်တွင်းကားဈေးကွက်က ဈေးအတက်အကျမရှိဘဲ တည်ငြိမ်နေတဲ့အပြင် အရောင်းအဝယ်ကလည်း ပုံမှန်အနေအထားမှာပဲရှိနေတယ်လို့ဆိုပါတယ်။
“ခုချိန်က ဈေးကွက်တည်ငြိမ်နေလို့ ဝယ်မယ် ရောင်းမယ်ဆိုရင်ဒီအချိန်မှာ ဝယ်လိုရောင်းလို့သင့်တော်တဲ့အချိန် အမှန်ဆုံးအချိန်ရောက်နေတယ်လို့ပြောချင်တယ် ရောင်းချင်တဲ့သူတွေလည်းပုံမှန်ရောင်းလို့ရတယ် ဝယ်ချင်တဲ့သူတွေလည်း ပုံမှန်ဝယ်လို့ရတယ်တက်လွန်ကျလွန်းတာမရှိဘူး ” လို့ သူကထပ်မံပြောပြပါတယ်။
အရင် ကားဈေးတွေမြင့်တက်ချိန်တုန်းက သိန်း ၅၀၀ အထက်မှ အိမ်စီးကား ကို ဝယ်ယူနိုင်ပေမယ့် အခုက သိန်း ၃၅၀ ကနေ ၄၀၀ ဝန်းကျင်ရှိရုံနဲ့ အိမ်စီးကား ဝယ်ယူနိုင်တာလာ နေပြီဖြစ် တယ်လို့သိရပါတယ်။
ဒါ့ကြောင့် အောက်ကားလို့ခေါ်တဲ့ သိန်း ၃၀၀ အောက်ကားနဲ့ သိန်း ၃၅၀ မှာ ၅၀၀ အထိ အိမ်စီးကားတွေ၊ သိန်း ၅၀၀ မှ ၁၀၀၀ တန်ကားတွေ၊ သိန်း ၁၀၀၀ တန်မှ ၂၀၀၀ တန်ကား တွေက အရာင်း အဝယ်ရှိနေပြီး ၃၀၀၀ အထက်ကားတွေကတော့ ဝယ်လိုအားနည်းတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ၂၀၀၀၀ တန် ငွေစက္ကူထုတ်ဝေတဲ့ဂယက်ကြောင့် ကားဈေးကွက် ထိုးတက်ခဲ့ပြိး သိန်း ၁၀၀၀ ကျပ်ဝန်းကျင်မှသာ ကား အသင့်အတင့် ကိုဝယ်ယူနိုင်တဲ့အထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။
Photo Crd : Original Uploader