ဒီဇင်ဘာ ၂၆ – ၂၀၂၃
SN (VOM)
ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်က ရန်ကုန်မြို့၊ ဗန္ဓုလတံတားအဆင်း၊ အိုးရှင်းအနီးမှာကွန်တိန်နာကားတစီး ဘရိတ်ပေါက်ပြီး ကားခြောက်စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ အဲ့ဒီ့ ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။
“အချိန်ကတော့ ၁ နာရီကျော်ကျော်လောက်ရှိမယ်။ ကျွန်တော်တို့ဆီမှာ ၁ နာရီ မီးပျက်တော့ ကျွန်တော်လည်း ပျင်းလို့ဆိုပြီး ဝရံတာထွက်ထိုင်နေတာ။ အဲ့ဒီ့မှာ တွေ့လိုက်ရတာက တံတားအဆင်းတော့ မဟုတ်ဘူး။ တံတားရဲ့ရှေ့က မီးပွိုင့် တပွိုင့်ကျော်မှာဖြစ်တာ။ တံတားအဆင်း လမ်း ၅၀ နား မရောက်ခင်မှာ မီးပွိုင့်တပွိုင့်ရှိတယ်လေ။ အဲ့ရှေ့မှာ Yuri Meiko ကလည်း ရှိတယ်။ ကွန်တိန်နာကားတစီးက ဘရိတ်ပေါက်တယ်လို့လည်း ပြောကြတယ်။ သူက မီးပွိုင့်ကိုကျော်လာပြီး အရှိန်နဲ့မောင်းလာပြီးတော့ Yuri Meiko ရှေ့မှာရှိတဲ့ ကားတွေကို ဝင်တိုက်သွားတာ” လို့ ပုဇွန်တောင်မြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
အဲ့ဒီ့ ကွန်တိန်နာကားဟာ လမ်းပြောင်းပြန်မောင်းပြီး ကားတွေကိုဆင့်တိုက်သွားတာလို့ သူက ပြောပါတယ်။
“အဲ့ဒီ့ကားက လမ်းပြောင်းပြန်ကြီး မောင်းလာတာ။ ကျွန်တော်တို့ ဒီ လမ်း ၅၀ က တလမ်းမောင်းကြီး။ တလမ်းမောင်းဆိုတော့ ကားတွေက ဒဲ့မောင်းလာတာ။ ဒီအချိန်ကလည်း လမ်းက ကားတွေလည်း ကြပ်တယ်။ ကြပ်တော့သူက လမ်းမှာရှိတဲ့ ကားတွေအားလုံးကို ထပ်တိုက်သွားသေးတယ်။ ပထမ Yuri Meiko ရှေ့မှာရှိတဲ့ ကား သုံးစီးလောက်ကို ဝင်တိုက်တယ်။ အဲ့ကားတွေက ပါကင်ထိုးထားတဲ့ကားတွေ။ တက္ကစီ တစီးနဲ့ အိမ်စီးကား နှစ်စီးလားမသိဘူး။ အဲ့ဒီ့ ကားတွေကို ဝင်တိုက်လာပြီး အရှိန်မထိန်းနိုင်ဘဲနဲ့ ဆက်မောင်းလာပြီးတော့ လမ်းမှာသွားနေတဲ့ မျက်နှာချင်းဆိုင်ကားနဲ့ ဖြတ်တိုက်တာ။ တိုက်ပြီးတော့ လမ်း ၅၀ ဘက် ကျော်သွားရင် မီးပွိုင့်တခုရှိတယ်။ အဲ့ဒီ့ မီးပွိုင့်နားရောက်မှ ကားက ရပ်သွားတာ။ ကားသမားကတော့ ထွက်ပြေးသွားတယ်လို့ ပြောတာပဲ။ ရဲတွေကတော့ နောက်ကနေ ဆိုင်ကယ်နဲ့လိုက်သွားတယ်” လို့ သူက ပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူထိိခိုက်မှုတော့ မရှိပေမယ့် တက္ကစီတစီးနဲ့ အိမ်စီးကား ငါးစီး ပျက်စီးသွားတယ်လို့ သိရပါတယ်။