မန္တလေးနဲ့ ဧရာဝတီ

ဇန်နဝါရီ – ၂၈-၂၀၂၄
ရှိုင်းအောင်(VOM)
နှင်းတွေဝေနေတဲ့ တရက်သော ဆောင်းမနက်ခင်းမှာ မဟာအောင်မြေမြို့နယ်မှာရှိတဲ့ စာတိုက်ဟောင်းကြီးဘက်ကို ပစ္စည်းတခုသွားပို့ရာကအပြန် ကမ်းနားလမ်းဘက်ကနေ ပတ်ပြီးပြန်ချင်တဲ့ စိတ်ဆန္ဒပေါ်လာတဲ့အတွက် ကမ်းနားလမ်းရှိရာဘက် ဆိုင်ကယ်ကိုဦးတည်ပြီးတော့ မောင်းလာခဲ့ပါတယ်။
ကမ်းနားလမ်း ပလက်ဖောင်းဘေးနားမှာ အစီအရီရှိတဲ့ နှစ်ရှည်သက်တမ်းရင့် အပင်ကြီးတွေကို ငေးမောကာ ဆိုင်ကယ်ကို ဖြေးဖြေးမောင်းရင်း ဂေါဝိန်ဆိပ်ရှေ့က မန္တလေးမြို့ဆိုတဲ့ နန်းမြို့ရိုးပုံသဏ္ဍာန်မုဒ်ဦးရှေ့ အရောက်မှာ မန္တလေးမြို့ရဲ့ အငွေ့အသက်တခုကို ရှူရှိုက်မိတာနဲ့ ဆိုင်ကယ်ကိုရပ်ပြီး ပါလာတဲ့ဖုန်းလေးကိုထုတ် ဓာတ်ပုံရိုက်ရင်း မန္တလေးဆိပ်ကမ်းအလှကို တဝကြီး ခံစားလိုက်ပါတယ်။
မန္တလေးမြို့ ဆိုတဲ့ မုဒ်ဦးရှေ့မှာ အဝါရောင် သုံးဘီးလေးတွေ အစီအရီတန်းပြီး ရပ်ထားတဲ့ အောက်ဖက်မှာတော့ လှေကြီး၊ လှေငယ်၊ မော်တော်၊ သင်္ဘော မျိုးစုံ ဘေးချဥ်ယှဥ်ရပ်ထားတဲ့ အစဥ်အလာကြီးမားတဲ့ သမိုင်းဝင် ဂေါဝိန်ဆိပ်။အရောင်အသွေးစုံတဲ့ ဂေါဝိန်ဆိပ်ကို ဆင်းကြည့်ဖို့
ဆိပ်ကမ်းဆင်းတဲ့လမ်းအတိုင်း မောင်းချလာခဲ့ပါတယ်။
မန္တလေးနဲ့ ဧရာဝတီ
မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်၊ သီပေါဘုရင်နဲ့ မိဖုရား စုဖုရားလတ်တို့ မန္တလေး မင်းနေပြည်ကနေ နောက်ဆုံး ထွက်တော်မူကြရတဲ့ နေရာ၊ ဂေါဝိန်ဆိပ်ဟာ အတိတ်က လွမ်းမောဖွယ်ရာတွေကို ပိုက်ထွေးလို့ ပစ္စုပ္ပန်တာဝန်တွေကို သယ်ပိုးနေဆဲပါ။
အရင်က ဗြိတိသျှဘုရင်အနွယ်တော်တွေ လာတုန်းက အင်္ဂလိပ်သင်္ဘောတွေဆိပ်ကပ်ခဲ့တဲ့ ဂေါဝိန်၊ ၂၀၁၄ တုန်းက နော်ဝေးဘုရင်နဲ့မိဖုရားကြီး ရေကြောင်းကနေ လာလည်ခဲ့တဲ့ ဂေါဝိန်၊ စသဖြင့် သမိုင်းထဲက ပုံရိပ်တွေ မျက်စိထဲ ပြန်မြင်သလို ခံစားမိခဲ့ပါတယ်။
ဧရာဝတီမြစ်လယ်က ကျွန်းတွေပေါ်မှာရှိတဲ့ ကျေးရွာအသီးသီးကနေ သူတို့စိုက်ပျိုးထားတဲ့ သီးနှံအမျိုးမျိုးကို ဟောသည် ဂေါဝိန်ဆိပ်ကနေတဆင့် မန္တလေးမြို့ပေါ်က စျေးကြီးတွေကို တင်ပို့ရောင်းချ ကြပါတယ်။
ရေယာဥ်အမျိုးမျိုးနဲ့ သယ်လာတဲ့ သီးနှံတွေကို ကားတွေ၊ သုံးဘီးတွေ၊ ဆိုင်ကယ်တွေပေါ် သယ်ပိုးတင်သူတွေ၊ စက်လှေသမား၊ ကုန်ထမ်းသမားတွေ၊ ခေါင်းရွက်ဗျက်ထိုး စျေးသည်တွေနဲ့ ဂေါဝိန်ဆိပ်ဟာ ပျားပန်းခပ် စည်ကားလို့နေပါတယ်။
ဧရာဝတီမြစ်ကမ်ဘေးမှာ အဝတ်လျော်သူကလျှော်၊ ရေထမ်းတဲ့သူကထမ်း၊ ရေကူးတဲ့သူတွေက ကူး၊ ပစ္စည်း အတင်ချလုပ်တဲ့သူကလုပ်နဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ဧရာဝတီကြည့်ရတာ ကြည်နူးစရာကောင်းပါတယ်။
ဧရာဝတီမြစ်ဟာ နိုင်ငံရဲ့အဓိကကျတဲ့ မြစ်တစင်းဖြစ်သလို စီးဆင်းရာတစ်လျှောက်မှာရှိတဲ့ မြို့ကြီး၊ မြို့ငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းဆောင်ပေးနေတဲ့ မြစ်လို့လည်း သတ်မှတ်နိုင်ပါတယ်။
ဂေါဝိန်ဆိပ်ကနေ မြစ်ရဲ့ အနောက်ဖက်ကမ်းက မင်းကွန်းဒေသကို စက်လှေစီးလို့ သွားလည်နိုင်ပါတယ်။ ကမ္ဘာလှည်း ခရီးသွား ဖွံ့ဖြိုးခဲ့တဲ့ အေးချမ်းတဲ့ ကာလတွေတုန်းက ဒီဂေါဝိန်ဆိပ်မှာ ကမ္ဘာလှည့် ခရီးသွားတွေနဲ့ စည်ကားခဲ့ဖူးပါတယ်။
မင်းကွန်းကနေ မြစ်ကြောင်းတလျှောက် အထက်ဖက်ကို တက်သွားရင် ကမ္ဘာလှည့်ခရီးသွားတွေသာမက သဘာဝပတ်ဝန်းကျင် လေ့လာသူတွေပါ အလေးထားရတဲ့ ဧရာဝတီ လင်းပိုင်တွေ ကျက်စားရာ နေရာလေးတခု ရှိပါတယ်။ မန္တလေးမြို့နဲ့ စဥ့်ကူးကြားမှာ ကျက်စားနေတဲ့၊ မျိုးသုဥ်းပျောက်ကွယ်လု ဖြစ်နေတဲ့ ဧရာဝတီလင်းပိုင်းတွေကို လာရောက် ကြည့်ရှု လေ့လာကြတဲ့ ရေကြောင်းခရီးစဥ်တွေဟာ နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေကို တဖက်တလမ်းက ရှာဖွေ ပေးနေပါတယ်။
ဧရာဝတီကို ခရီးသွားလုပ်ငန်းရှင်တွေ၊ တံငါသည်၊ အိုးလုပ်ငန်းလုပ်ကိုင်သူ၊ မြစ်လည်ကျွန်းပေါ်က တောင်သူတွေကအစ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်တွေကပါ အမှီသဟဲပြုနေကြတာဖြစ်ပါတယ်။
မန္တလေးနဲ့ ဧရာဝတီ
ဂေါဝိန်ဆိပ်ကနေ ဧရာဝတီမြစ်အတိုင်း အောက်ဖက်ကို စုန်ဆင်းသွားရင် စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ နှစ်ပေါင်းများစွာ သက်တမ်းကြာရှည်နေပြီးဖြစ်တဲ့ စစ်ကိုင်းတံတား အဟောင်းကြီးနဲ့ အဆင့်မြင့် ပေါင်းကူးတံတားကြီးဖြစ်တဲ့ ဧရာဝတီတံတား ရတနာပုံ တံတားတို့လည်း ခန်ညားထည်ဝါစွာတည်ရှိလို့နေပြန်ပါတယ်။
တံတားကြီး နှစ်စင်းနား မရောက်ခင် ဧရာဝတီမြစ် မြစ်လယ်ခေါင်မှာတော့ အမရပူရမြို့နယ် ရှမ်းကလေးကျွန်းကျေးရွာကနေ ရွှေကြက်ယက်တိုက်နယ်အထိ ဖြန့်ကျက်ထားတဲ့ ရေလယ်ကျွန်းတွေပေါ်မှာ ဖဲရဲ၊ သခွားနဲ့ သီးနှဲမျိုးစုံ စိုက်ပျိုးကာ တရုတ်နိုင်ငံအထိပါတင်ပို့ပြီး အသက်မွေးနေတဲ့ တောင်သူများစွာရှိပါတယ်။
မြစ်ရေကျချိန် မန္တလေး ကမ်းနားကနေ ကြည့်ရင် ရေလယ်ကျွန်းတွေမှာ စိမ်းစိန်းစိုစို စိုက်ခင်းတွေ တမျှော်တခေါ်နဲ့ မျက်စိပသာဒ ရှိလှပါတယ်။
အခုအခါမှာတော့ အမရပူရမြို့ပြဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဥ်နဲ့ စီမံကိန်းတခုအနေနဲ့ မြစ်လယ်ခေါင်က ကျွန်းကြီးကို မြေတွေဖို့ လုပ်ဆောင်နေတာ တွေ့ရပါတယ်။
ရေကျမှ ကျွန်းမြင်ရမယ့် သဘာဝ အနေအထားမဟုတ်တော့ပဲ လူလုပ်ကျွန်းသဖွယ် အခိုင်အမာ တည် ဆောက်နေကြတဲ့အတွက် ဒေသခံတချို့က စိုက်ခင်းတွေဘက်မှာ မြစ်ရေမရောက်မှာ စိုးရိမ်နေကြသလို အဲ့ဒီအခိုင်အမာတည်ဆောက်နေတဲ့ လူလုပ်ကျွန်းကြီးကြောင့် မြစ်ကြောင်းပြောင်းသွားမလား ၊ ဆိုးကျိုးေတွဖြစ်ပေါ်လာနိုင်မလား ကောင်းကျိုးဖြစ်လာနိုင်မလား ဆိုတာကို ဒေသခံတွေက ရင်တမမနဲ့ စိုးရိမ်နေကြပါတယ်။
ဒီမြစ်လယ်က လူလုပ်ကျွန်းကြီးကိုကြည့်ရင်း ကျနော်လည်း ဒေသခံတွေစိုးရိမ်သလို သဘာဝအလှတွေပျက်မှာ မန္တလေးမြင်ကွင်း အရင်လို မလှမှာ စိုးရိမ်နေမိခဲ့ပါတယ်။
အတိတ်တွေက ဧရာဝတီ၊ လက်ရှိ ဧရာဝတီ၊ မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ မိခင်ဧရာဝတီ၊ မန္တလေးနဲ့ ဧရာဝတီရဲ့ ဇာတ်ဝင်ခန်းတွေ ၊ မြစ်ဧရာဆက်လက်စီးဆင်းနေမှ မန္တလေးရဲ့ နဂိုအလှ မထိခိုက်မှာမို့ မိခင်ဧရာဝတီ အစဥ်ကျမ္မာပါစေလို့ ဆုတောင်းရင်းဖြင့်
ရှိုင်းအောင်(VOM)

Related posts

Leave a Comment

VOM News

FREE
VIEW